ရန်ကုန်ဆေးရုံကြီးအနီး မြေကွက်ကို နိုင်ငံခြားဖက်စပ် ကုမ္ပဏီအား နှစ် ၅၀ အငှားချထား

ရန်ကုန်ဆေးရုံကြီးအနီး မြေကွက်ကို နိုင်ငံခြားဖက်စပ် ကုမ္ပဏီအား နှစ် ၅၀ အငှားချထား
MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦး။ photo - The Mirror

ဖေဖော်ဝါရီ ၂၆ ရက် ။           ။ စင်ကာပူနိုင်ငံအခြေစိုက် ပတ်ခ်ဝေးဆေးရုံအုပ်စု ပါဝင်သည့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီအား နိုင်ငံတစ်ကာ အဆင့်မီ ဆေးရုံ တည်ဆောက်ရန် ဗိုလ်ချုပ်လမ်းထောင့်နှင့် ဘုန်းကြီးလမ်းထောင့်ရှိ မြေဧက ၄ ဒဿမ ၄ ဧကအား နှစ် ၅၀ အငှားချထား သည်ဟု သိရသည်။

ပတ်ခ်ဝေးဆေးရုံအုပ်စုနှင့် မြန်မာနိုင်ငံသားများ ဖက်စပ်ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပြီး နိုင်ငံခြားသားက ၆၇ ဒဿမ ၅ ရာခိုင်နှုန်း၊ မြန်မာက ၃၂ ဒဿမ ၅ ရာခိုင်နှုန်း ထည့်ဝင်ထားသည်ဟု MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ကြေးမုံ သတင်းစာသို့ ပြောကြားသည်။

ဖက်စပ်ထူထောင်ပြီးနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သို့ ၂၀၁၅ ခု အောက်တိုဘာတွင် အဆိုပြုတင်ပြခဲ့ပြီး ၂၀၁၆ ခု ဖေဖော်ဝါရီလအတွင်းက ခွင့်ပြုမိန့် ထုတ်ပေးလိုက်ကြောင်း သိရသည်။

"ဒီဆေးရုံဆောက်မယ့်မြေကို နိုင်ငံခြားဖက်စပ်ကုမ္ပဏီကို အပြီးပေးလိုက်ခြင်း မဟုတ်ပါဘူး။ နှစ် ၅၀ ငှားရမ်းခြင်းဖြစ်ပါတယ်။ နှစ် ၅၀ ပြည့်သွားရင် နိုင်ငံတော်လက်ထဲ ကို ပြန်ရောက်လာ မှာဖြစ်ပါတယ်။" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မြေအသုံးချခွင့်အတွက် တစ်ဧက ကန်ဒေါ်လာ နှစ်သန်းနှုန်းဖြင့် စုစုပေါင်း ၄ ဒဿမ ၄ ဧကအတွက် ရှစ်သန်းကျော် ရရှိသည်ဟု သိရသည်။ အဆောက်အအုံ၏ ကြမ်းခင်းဧရိယာပေါ်မူတည်ပြီး ငှားရမ်းခများလည်း နှစ်စဉ် ရရှိမည်ဟု ဆိုသည်။

ရန်ကုန်ဆေးရုံကြီး အနီးတည်ဆောင်မည့် ယင်းစီမံကိန်း၌ ဖက်စပ်ပါဝင်သည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် လူပုဂ္ဂိုလ်များမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမူ ဖော်ထုတ်ပြောဆိုသွားခြင်း မရှိပါ။

ယခုတည်ဆောက်မည့် မြေနေရာသည် မူလက"ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေ" မဟုတ်ဘဲ "ပြည်ထဲရေးဝန်ကြီးဌာနပိုင် သည့်မြေ" ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဝန်ကြီးဌာနအချင်းချင်း လွှဲပြောင်းခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

MIC အနေနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီသာမက၊ ပွင့်လင်းမြင်သာမှုကို အမြဲတမ်းဦးစားပေးဆောင်ရွက်သည်ဟု MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags