နေမာကို ဘာစီလိုနာ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဟု သတင်းများထွက်ပေါ်

နေမာကို ဘာစီလိုနာ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဟု သတင်းများထွက်ပေါ်

ဘရာဇီး၊ ဖေဖော်ဝါရီ ၂၆ ။            ။ ဘာစီလိုနာအသင်းသည် အသင်း၏ အဓိက တိုက်စစ်ကစားသမား တစ်ဦးဖြစ်သော နေမာကို ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဟု ESPN Brazil က ဖော်ပြသွားခဲ့သည်။

မန်ယူ၊ ရီးယဲလ်၊ မန်စီးတီးနှင့် ပီအက်စ်ဂျီအသင်းများက နေမာကို ခေါ်ယူရန် စိတ်ဝင်စားနေကြသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ဘာစီလိုနာအသင်းသည် ၎င်းတို့၏ တိုက်စစ်မှူးကို ငါးနှစ်သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု နောက်ဆုံးသုံးဦးစာရင်းတွင် ပါဝင်ခဲ့သောနေမာသည် စာချုပ်သစ်အရ ဘာစီလိုနာတွင် မက်ဆီ၏နောက် ဒုတိယလစာ အများဆုံး ကစားသမား ဖြစ်လာမည် ဖြစ်သည်။

ပြီးခဲ့သည့် လအနည်းငယ်က အခွန်ကိစ္စရပ်များနှင့်ပတ်သက်ပြီး စပိန်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အတွက် နေမာမှာ စိတ်ပျက်လျက်ရှိနေပြီး ၎င်းကို ဥရောပထိပ်သီးအသင်းများကလည်း စိတ်ဝင်စားလျက်ရှိနေသည့်အတွက် နေမာ၏ ဘာစီလိုနာကစားသမား အနာဂတ်မှာ မသေမချာဖြစ်လာခဲ့သည်။

သို့သော် ဘာစီလိုနာအသင်းက နေမာကို စာချုပ်သက်တမ်းတိုးနိုင်မည်ဟု စိတ်ချယုံကြည်လျက်ရှိပြီး ယခုသတင်း ထွက်ပေါ်လာခဲ့သည်။ နေမာသည် ပြီးခဲ့သည့်နှစ်က ဘာစီလိုနာအသင်းအတွက် ဆုဖလားငါးခု ရရှိအောင် ကူညီပေးနိုင်ခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly