ဦးအောင်မင်းအား ငြိမ်းချမ်းရေးတွင် ဆက်လက် လုုပ်ဆောင်ရန် ပြည်ထောင်စုုအင်စတီကျူအဖွဲ့က တုုိက်တွန်း

ဦးအောင်မင်းအား ငြိမ်းချမ်းရေးတွင် ဆက်လက် လုုပ်ဆောင်ရန် ပြည်ထောင်စုုအင်စတီကျူအဖွဲ့က တုုိက်တွန်း
ဓာတ်ပုံ - ဖနိဒါ

ချင်းမိုင်၊ဖေဖော်ဝါရီ ၂၅ ။            ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဦးအောင်မင်းအား တက်လာမည့် အစိုးရသစ် လက်ထက်တွင်လည်း ငြိမ်းချမ်းရေးတွင် ပါဝင် လုပ်ဆောင်ရန် ပြည်ထောင်စု အင်စတီကျူအဖွဲ့ (Pyidawngsu  Institute )က တိုက်တွန်းခဲ့သည်ဟု ပြည်ထောင်စု သိပ္ပံအဖွဲ့မှ ဒါရိုက်တာ ဦးခွန်ဆိုင်းက ပြောသည်။

“ဒီစေ့စပ်ဆွေးနွေးဖို့ လုပ်တယ်ဆိုတာက လူပုဂ္ဂိုလ်ခြင်း ရင်းနှီးပြီးတော့ လုပ်ရတာ ပိုလွယ်တာကိုးဗျ၊ မရင်းနှီးဘူး ဆိုရင် ဦးအောင်မင်းနဲ့ ကျနော်တို့က ပြီးခဲ့တဲ့ ၅ နှစ်မှာတွေ့ကြတာဘဲ။ အရင်က လုံးဝ မသိဘူး။ မသိတဲ့အခါကြတော့ သူလည်း ကိုယ်နဲ့လာ ဆက်ဆံရတာ ဒုက္ခရောက်တယ်။ ကိုယ်လည်း သူနဲ့ဆက်ဆံရတာ ဒုက္ခရောက်တယ်။ ဒါပေမဲ့နောက်ပိုင်းကြတော့ အချင်းချင်း ရင်းနှီးလာတဲ့ အခါကြတော့ ပြောမနာ ဆိုမနာ ဖြစ်လာပြီးတော့ မူချင်းမတူတာတောင်မှ ဆက်ပြီးတော့မှ ဆွေးနွေး လို့ ရတယ်။ ဒါကြောင့်မလို့ ဝန်ကြီးကို ဆက်လုပ်ပါဆိုပြီးမှ တိုက်တွန်းတာပါဘဲ။ အစိုးရထဲမှာဘဲ ရှိရှိ၊ မရှိရှိ ဆက်လုပ်ဖို့ပါဘဲ”ဟု ဦးခွန်ဆိုင်း ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည်လည်း အာဏာလွဲပြောင်းရေးကို ဦးစားပေး လုပ်ဆောင်နေချိန်ဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းများ ပါဝင် လုပ်ဆောင်နိုင်ရေး ကြိုတင်ဆွေးနွေးထားခြင်း ဖြစ်ပြီး  ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူရန် ပြင်ဆင်ခြင်း ဖြစ်သည်ဟု ဦးခွန်ဆိုင်းက ပြောသည်။

“NLD အစိုးရက အသစ်ထပ်ဖွဲ့မယ်ဆိုရင် ကျနော်တို့ အသစ်ပြန်စရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဖွဲ့တဲ့အဖွဲ့နဲ့ ကျနော်တို့ သိမှာ မဟုတ်ဘူး။ မသိတဲ့အခါကြတော့ ဒီကိစ္စမှာ အများကြီး နောင့်နှေး မှုတွေ ဖြစ်လာနိုင်တယ်။ ဒီတော့ တကယ်လို့ လုပ် လက်စ ပုဂ္ဂိုလ်တွေက ဆက်ပြီးတော့ ပါဝင်ကူညီပေးမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေသွားနိုင်တာကို ပြောတာပါဘဲ”ဟု သူက ပြောသည်။

ဦးအောင်မင်းအနေဖြင့် ငြိမ်းချမ်းရေးတွင် ဆက်လက် လုပ်ဆောင်မည်ဟု ပြောဆိုခြင်း မရှိသော်လည်း ပြည်ထောင်စုအင်စတီကျူအဖွဲ့ (Pyidawngsu Institude) အနေဖြင့် တက်လာမည့် အစိုးရသစ်ကိုလည်း တင်ပြသွားရန်လည်း ရှိသည်ဟု သူက ပြောသည်။

UPWC မှ ဦးအောင်မင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)မှ ဦးလှမောင်ရွှေ၊ ဦတင်မောင်သန်း၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးညိုအုန်းမြင့်တို့ ၇ ဦးနှင့် ပြည်ထောင်စု အင်စတီကျူမှ ဒါရိုက်တာ ဘုတ်အဖွဲ့များဖြစ်သော ဦးခွန်ဆိုင်းနှင့် စောထူးထူးလေးတို့ တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်ထောင်စု အင်စတီကျူနှင့် MPC တို့ ရှေ့ဆက် ပူးပေါင်း လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု MPC မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“ဒီအစိုးရ လုပ်မဲ့ကိစ္စ၊ သူတို့ ပီအိုင်အနေနဲ့ သူတို့ ရှေ့မှာ လုပ်ဖို့ စဉ်းစားထားတဲ့ကိစ္စ၊ ကျနော်တို့နဲ့လည်း ဘယ်လို တွဲပြီးလုပ်နိုင်တဲ့ကိစ္စ အမြင်ဖလှယ်တာပါဘဲ။ သူတို့ကတော့အတတ်နိုင်ဆုံး အစိုးရအဖွဲ့မှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်စေချင်တာ၊ တိုက်တွန်းချင်တာတော့ အမှန်ပါဘဲ။ ဦးအောင်မင်းကတော့ တတ်နိုင်သလောက် ကြိုးစားလုပ်မယ် လို့တော့ ပြောသွားတယ်”ဟု သူက မဇ္ဈိမကို ပြော သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ငြိမ်းချမ်းရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်က ပြည်ထောင်စု အင်စတီကျူ (Pyidawngsu Instidude-PI) ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ၃ ရက်ကြာ ခရီးစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ခေါင်းဆောင်များနှင့် ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags