မန်ယူနည်းပြအဖွဲ့ဝင်ဟောင်းဖီးလ်နဗီးကို လက်ထောက်နည်းပြအဖြစ် ဗလင်စီယာအသင်းခန့်အပ်

မန်ယူနည်းပြအဖွဲ့ဝင်ဟောင်းဖီးလ်နဗီးကို လက်ထောက်နည်းပြအဖြစ် ဗလင်စီယာအသင်းခန့်အပ်

ဇွန် ၂၉၊ ဗလင်စီယာ။ ။ မန်ယူကစားသမားဟောင်းနှင့်နည်းပြအဖွဲ့ဝင်ဟောင်း ဖီးလ်နဗီးသည် စပိန်ကလပ်ဗလင်စီယာအသင်း၏ လက်ထောက်နည်းပြအဖြစ်ခန့်အပ်ခံ ခဲ့ရသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဖီးလ်နဗီးသည် မန်ယူအသင်းမှနည်းပြဒေးဗစ်မိုယက်စ်ထုတ်ပယ်ခံရပြီးနောက် ဘီဘီစီအားကစားအစီအစဉ်သုံးသပ်သူအဖြစ် ပြောင်းလဲလုပ်ကိုင်နေသူဖြစ်သည်။

ဖီးလ်နဗီးသည် စပိန်ကလပ်ဗလင်စီယာအသင်းနှင့် ရက်သတ္တပတ်အတော်ကြာ ဆွေးနွေးပြီးနောက် နယူးကာဆယ်အသင်းနည်းပြ မက္ကလာရင်၏ လက်ထောက်ရာထူးကိုငြင်းဆန်ပြီး ဗလင်စီယာကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

တနင်္ဂနွေညပိုင်းတွင် ဖီးလ်နဗီးရောက်ရှိလာပြီဟု ဗလင်စီယာအသင်းကကြေညာထားသော်လည်း ယင်းကွင်းလယ်အဖျက်ကစားသမားဟောင်းနှင့်နီးစပ်သူများကမူ ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောသည်။

ဗလင်စီယာအသင်းပိုင်ရှင် ပီတာလင်းဆိုသည့် စင်ကာပူစီးပွားရေးလုပ်ငန်းရှင်သည် နဗီးညီနောင်၊ ရွိုင်ယန်ဂစ်၊ ပေါလ်စခိုးနှင့် နစ်ကီဘတ်တို့ ဝယ်ယူထားသည့် ဆဲလ်ဖို့ဒ်စီးတီးအသင်း၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ဖီးလ်နဗီးသည် လာမည့်တစ်ပတ်တွင် နယူးကာဆယ်နည်းပြမက္ကလာရင်၏လက်ထောက်အဖြစ်ပြောင်းလဲတာဝန်ယူမည့် အသက် ၂၈ နှစ်အရွယ် စကော့တလန်လူမျိုး အီရန်ကက်သရိုး၏နေရာတွင် ဗလင်စီယာလက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အတွက် ၅၉ ပွဲကစားခဲ့သော ဖီးလ်နဗီးလ်သည် ဆိုစီဒက်စ်အသင်းတွင် ဒေးဗစ်မိုယက်စ်နှင့်ပြန်လည် လက်တွဲရမည့် အခွင့်အရေးကိုလည်း ပယ်ချခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly