အာရှတိုက်ရဲ့ ပထမဦးဆုံးသူရဲကောင်း ကမ္ဘာလှည့် ဒေါ်တင်တင်စိန်

24 February 2016
အာရှတိုက်ရဲ့ ပထမဦးဆုံးသူရဲကောင်း ကမ္ဘာလှည့် ဒေါ်တင်တင်စိန်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က အသက်၂၀ သာရှိသေးတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ ခင်ပွန်သည်နှင့်အတူ စစ်ကျန် မော်တော်ဆိုင်ကယ် တစ်စီးနဲ့ ကမ္ဘာတစ်ခွင် စွန့်စားခရီးနှင်ခဲ့ပါတယ်။ နောင်အခါ ကမ္ဘာလှည့် ဒေါ်တင်တင်စိန်လို့ ထင်ရှားတဲ့ မြန်မာအမျိုးသမီးကြီးတစ်ဦးပါပဲ။

အခုအခါမှာတော့ ဒေါ်တင်တင်စိန်ဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပါတယ်။ ဗုဒ္ဓသာသနာတော်အကျိုး ဆောင်ရွက်သူအနေနဲ့ အလုပ်တွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဒေါ်တင်တင်စိန်က ကမ္ဘာလှည့်အတွေ့အကြုံတချို့နဲ့ သူ့ဘဝတစိတ်တဒေသကို အခုလိုစတင်ပြောပြပါတယ်။

အန်တီအနေနဲ့က မြန်မာနိုင်ငံမှာဆိုရင်လည်း ပထမဆုံး အမျိုးသမီးတစ်ယောက်အနေနဲ့ ကမ္ဘာကို ပတ်ခဲ့တယ်။ ကမ္ဘာမှာဆိုရင်လည်း ကမ္ဘာကို ပတ်နိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးတစ်ယောက်အနေနဲ့ စံချိန်တင်ထားတဲ့ သဘောမှာ ရှိတယ်လေ။ အဲဒီတော့ အန်တီသွားခဲ့တာက ပြီးခဲ့တဲ့နှစ်ပေါင်း ဘယ်လောက်က သွားခဲ့တာလဲ။

နှစ်ပေါင်း ၆၀ ကပါ။ ဒီနှစ်က ၆၀ တိတိပြည့်တဲ့နှစ်ပါ။ မြန်မာ့သမိုင်းမှာဆိုရင် ပထမဦးဆုံးပါပဲ။ ပထမဦးဆုံးနဲ့ နောက်ဆုံးပါ။ အိန္ဒိယ ပြည်မှာရှိတဲ့ သမ္မတ ရာဂျင်တနာ ပရာဆာနဲ့ ဝန်ကြီးချုပ် ပန်ဂျက်တစ်ဝါနဲရိုး အာရှတိုက်ရဲ့ ပထဦးဆုံး သူရဲကောင်းများဆိုပြီးတော့ ဆုချီးမြင့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ အိန္ဒိယမှာ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အခမ်းအနားနှင့်တကွ ဆုချီးမြင့်ခြင်း ခံခဲ့ရပါတယ် သမီးရယ်။

ဟုတ်ကဲ့ပါ။ ဆိုင်ကယ်နဲ့ သွားတယ်လို့လဲ သိရတယ်။ ပြီးတော့ အဲအချိန်တုန်းက အန်တီနဲ့ အတူတူ အန်တီအမျိုးသားလည်း ပါတယ်လေ။ ဟုတ်ကဲ့ ဘာကြောင့် အန်တီတို့အနေနဲ့ ကမ္ဘာပတ်ဖြစ်သွားတဲ့ ရည်ရွယ်ချက်က ဘာကြောင့်သွားဖြစ်ခဲ့တယ်ဆိုတာလေးရယ် ပြီးတော့ အဲတုန်းက အန်တီတို့ ရောက်ခဲ့တဲ့ နိုင်ငံတွေလည်း အများကြီး ရှိမှာပဲ။ အဲတာ ပြောပြပါအုံး။

ပထမဆုံး သွားဖြစ်ခဲ့တဲံ့ အခြေနေက ဦးဘတုတ်က ငယ်ငယ်တုန်းက ကင်းထောက်လုပ်တယ်။ အဘွားဒေါ်တင်တင်စိန်က ကင်းထောက်အမျိုးသမီး အဖွဲ့မှာ လုပ်ခဲ့တယ်။ အန်တီတို့ နှစ်ယောက်စလုံးက နိုင်ငံတကာကိုလည်း ရောက်ဖူးချင်တယ်။ ပြီးတော့ နိုင်ငံတကာရဲ့ ဗဟုသုတ ယဉ်ကျေးမှုကိုလည်း ရယူချင်တဲ့ စိတ်ဓာတ်တွေကြောင့် ဒီကမ္ဘာပတ်တဲ့ ခရီးဟာ ဖြစ်သွားတယ်။ ကိုလိုနီခေတ်က ဥပဒေတစ်ခုရှိခဲ့ပါတယ်။ အဲဒီဥပဒေက ဗမာပြည်တစ်ပြည်လုံးမှာ ခွင့်ယူရင် လေးလအပြည့် အာရှတိုက်ကို ဆက်သွားလို့ ရှိရင် နောက်ထပ် လေးလအပြည့် အင်္ဂလန်ကို သွားလို့ရှိရင် တစ်နှစ်လုံးက လစာအပြည့်နဲ့ သွားခွင့်ရှိတယ်ဆိုတဲ့ service regulation နဲ့ financial regulation ရှိတယ်။ အဲတာကြီးကို ဦးဘတုတ်က အသုံးချပြီးတော့ ခွင့် တစ်နှစ်ယူပြီးတော့ ကမ္ဘာပတ်ခဲ့တာပါ။

ဒါနဲ့ ဘာကြောင့် ဆိုင်ကယ်နဲ့ သွားဖြစ်တာလဲ အန်တီ။

မော်တော်ဆိုင်ကယ်နဲ့ သွားတာပါ။ မော်တော်ဆိုင်ကယ်ကလည်း ဒုတိယ ကမ္ဘာစစ်က စစ်ကျန် ၉၀၄၂ မော်ဒယ် BSA  စစ်မှာ သုံးပြီးသား အဟောင်းကြီးကို အန်တီတို့က မြန်မာငွေ ၅၀၀ နဲ့ ဝယ်လိုက်တာပါ။

အဲတော့ ရောက်ခဲ့တဲ့ နိုင်ငံတွေပေါ့နော်။ ဘယ်နိုင်ငံကို အန်တီတို့ ရောက်ဖြစ်ခဲ့တယ်ဆိုတာရယ်။ ပြီးတော့ ဒီက စထွက်ထွက်ခြင်းမှာ အန်တီတို့ စတွေ့ရတဲ့ အခက်ခဲတွေ အတွေ့အကြုံတွေက ဘယ်လိုရှိလဲ။

ဒီကနေ စထွက်ထွက်ခြင်းကတော့ မန္တလေး၊ မုံရွာ အဲလမ်းတွေက အဲတုန်းက ပိတ်ထားတယ်။ သူပုန်တွေ ရှိတာ တစ်ကြောင်းရယ်။ မြေပြိုပြီးတော့ လမ်းတွေပိတ်နေလို့ ဆက်သွားလို့ မရလို့ မုံရွာကနေ ပြန်လာပြီး ရန်ကုန်ကို ဆင်းခဲ့ရတယ်။ ရန်ကုန်ကနေ သဘောၤနဲ့ ကာလကတ္တားကို သွားတယ်။ BISM ဆိုတဲ့ သင်္ဘောနဲ့ ရန်ကုန်ကနေ ၃ရက်ကြာတယ် ကလကတ္တားကို ရောက်တယ်။ ကလကတ္တားကြတော့ သမီးရယ် ဘယ်သူမှ ဒီလိုခရီးကို မသွားဘူးတော့ မော်တော်ဆိုင်ကယ်ကို ဒီတိုင်းယူပြီး ဟိုမှာဒီတိုင်း စီးလို့ရမယ် ထင်နေတာ။ သွားကြတာ ဟိုလည်းကျရော မော်တော်ဆိုင်ကယ် ပါမစ်ဘယ်မှာလည်း ဆိုတော့ မပါဘူးလေဆိုတော့ အဲတာဆို ကျုပ်တို့ ဖမ်းတယ်။ သိမ်းတယ်ဆို သိမ်းလိုက်တာ။ အဲတော့ အိန္ဒိယမှာ နှစ်လကြာပါတယ်။ ဒီမော်တော်ဆိုင်ကယ်ကြီးကို ရွေးဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြန်ပြီးတော့ ဗမာပြည်ကို ပြန်မေးလိုက် မေးရင်း မေးရင်းနဲ့ ဒီမှာ ဦးမောင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်က နိုင်ငံတကာ အတွေ့အကြုံရှိတော့ သူက အင်္ဂလန်ကို လှမ်းမေးတယ်။ ဒါဖြင့်လို့ရှိရင် အိန္ဒိယမှာ ပြန်ပြီး မှတ်ပုံတင်ပါ။ နိုင်ငံခြားရေး ဝန်ကြီး ထောက်ခံစာတွေနဲ့ က ၄၅၈၁ ဆိုတဲ့ မော်တော်ဆိုင်ကယ် BSA  မြင်းငါးကောင်အား အဲတာကို အိန္ဒိယမှာ ပြန်ပြီးတော့ WBN  မော်တော်ဆိုင်ကယ် ၄၀၉၈ နဲ့  နာမည်ပြောင်းပြီး ကမ္ဘာပတ်လိုက်ရတယ်။ အိန္ဒိယ နာမည်ကြီးနဲ့ပေါ့နော်။

အတွေ့အကြုံတွေကတော့ အတွေ့အကြုံကောင်းတွေလည်း အများကြီး ရခဲ့တာပေါ့။ ဒါပေမယ့် အဲဒီခရီးစဉ်တစ်လျောက်မှာ ဆိုးဝါးတဲ့ အတွေ့အကြုံဆိုတာလည်း ရှိခဲ့မှာပဲလေ။ အခက်ခဲတွေလည်း မျိုးစုံကြုံခဲ့ရတယ်ဆိုတော့ အန်တီအနေနဲ့ မှတ်မှတ်ရရ ပြန်ပြောလို့ရတဲ့ ကိုယ့်ရဲ့ အဆိုးဝါးဆုံး အတွေ့အကြုံတစ်ခုလောက် ပြောပြပေးပါ။

အန်တီတို့က သဲကန္တာရထဲမှာ နှစ်ယောက်တည်း သွားရတယ်။ စကားပြောလို့ရှိရင် လန့်လန့်သွားတယ်။ သူပြောလည်း လန့် ကိုယ်ပြောလည်း လန့် သဲကန္တာရကြီးထဲ ဖြတ်တာပါ။ အဲမှာ တစ်ခါတည်း အန်တီတို့ ဒီမှာရှိတဲ့ ဂျစ်ပစီပေါ့။ Back One  လို့ခေါ်တဲ့ အမျိုးအစား လူအမျိုးစား နာမည်က BacK One တဲ့ သူတို့က ဂျစ်ပစီတွေပါ။ သဲကန္တာရမှာ ခြေသလုံးအိမ်တိုင် ဘဝနဲ့ နေတဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့က ကိုယ့်ကို စကားမပြောနိုင်ဘူး။ ကိုယ်လည်း စကားမပြောတတ်ဘူး။ သူတို့ပြောလည်း ကိုယ့်နားမလည် ကိုယ်ပြောလည်း သူတို့ နားမလည် အဲတာနဲ့ သူတို့က ဒါလူရိုင်းတွေပေါ့။ မော်တော်ဆိုင်ကယ်နဲ့လာတာ။ သူတို့ဆီကို ကျုးကျော်တယ်ဆိုပြီးတော့ လက်တွေ ခြေထောက်တွေ အကုန်တုတ် နှစ်ယောက်စလုံးကို တုတ်ပြီးတော့ မီးဖိုထားတယ်ပေါ့။ ကိုယ်ကတော့ မသိဘူး ဘာလုပ်ဖို့ဆိုတာ တကယ်တော့ ကင်စားဖို့ပေါ့။ လက်တွေရော ခြေထောက်တွေကော တုတ်ထားတော့ ဘာမှမလုပ်နိုင်တော့ ငိုတာပေါ့ သမီးရယ်။ ပြီးလည်း ပြီးရော မှောင်ရီပျိုးစ အချိန်ကြတော့ ကားကြီးတစ်စင်းက မီးထိုးလာတယ်။ ထိုးလည်း ထိုးလာရော အဲက လူတစ်ယောက် ဆင်းလာတယ်။ What Done? We done no what done ဆိုပြန်ပြောတော့ အဲလူတွေကို ဆဲဆို အော်ဟစ်လုပ်ပြီးတော့မှ ဓားတွေနဲ့ လက်တွေကို လာဖြုတ်ပေးပြီးတော့ မော်တော်ဆိုင်ကယ်ပေါ်တက် နှစ်ယောက်စလုံးတက် ရှေ့ကနေ မောင်းသွား ကျွန်တော်နောက်က လိုက်ပေးမယ်ဆိုတော့ ၅မိုင်လောက် သူနောက်က လိုက်ပေးတယ်။ သူနာမည်က အီဆာတဲ့။ သူက ကိုယ့်အသက်ကို ကယ်လိုက်တဲ့ ပုဂ္ဂိုလ်ပါ။

အဲတော့ အန်တီတို့အနေနဲ့ ခရီးစဉ်တစ်လျောက်လုံးမှာ ငွေရေးကြေးရေးပေါ့နော်။  ရရှိမှုတွေ ကုန်ကြတာတွေနဲ့ ကာမိအောင် အန်တီတို့ ဘယ်လိုနည်းလမ်းတွေနဲ့  ကြိုးစားပြီး ဖြေရှင်းခဲ့ကြလဲ။

အန်တီတို့ အိန္ဒိယမှာတုန်းက ဓါတ်ပုံတွေ ရိုက်တယ်။ ဗမာပြည်က ဓါတ်ပုံတွေကော ကူးတယ်။ ကူးပြီးတော့ ပန်းချီဆွဲတယ်။ ဆေးရောင်တင်တယ်ပေါ့။ အဲတာပြီး ရောင်းစားခဲ့တယ်။ ပြီးတော့မှ တစ်ပိုင်တစ်နိုင်စာရေးပါတယ်။

အန်တီတို့ နောက်ဆုံးမြန်မာနိုင်ငံကို  ပြန်လာတာက နောက်ဆုံးခရီးစဉ်နဲ့ဆို ဘယ်နိုင်ငံကနေ ပြန်လာတာလဲ။

နောက်ဆုံး အိန္ဒိယကပဲ ပြန်လာတာပါ။

အဲကနေမှ  မြန်မာနိုင်ငံကို ပြန်ပြီးရောက်လာကြတာပေါ့။ အဲတော့ ဒီမြန်မာနိုင်ငံကနေ ဘယ်ရက်မှာ ထွက်သွားပြီးတော့ မြန်မာပြည်ကို ပြန်ရောက်လာတာ ဘယ်ရက်မှာလဲ။ အတိအကျ အန်တီ မှတ်မိပါသလား။

မှတ်မိပါတယ်။ စတင်ဘာလ ၂၉ရက် ၁၉၅၅ ထွက်သွားပြီးတော့ စတင်ဘာလ ၁၀ရက် ၁၉၅၆ မှာ ပြန်ရောက်လာခဲ့တယ်။

အန်တီအနေနဲ့က ဒီသာသနာရေးလုပ်ငန်း လုပ်ဆောင်မှုတွေလည်း တော်တော်များခဲ့တယ်လို့ သိထားတယ်။ အဲတော့ အန်တီအနေနဲ့ ချီးမြင့်ခံထားရတဲ့ ဘွဲ့တံဆိပ်တွေတောင် ရှိတယ်လို့ သိထားတယ်လေ။ အဲဒီအကြောင်းလေးတွေလည်း ပြောပြပါအုံး။

နိုင်ငံတကာကို သွားပြီး သာသနာပြုတာကတော့ ကမ္ဘာပတ်တာနဲ့တွက်ရင် နောက်ထပ် လေယျာဉ်ပျံနဲ့ တွက်ရင် ငါးပတ်ရှိပါပြီ။ အဲလို အရှေ့အနောက်တောင်မြောက် တရားဝင် အမေရိကားကတော့ ၇ခေါက်ပါ။ အဲလိုပဲ သာသနာတော်အကြောင်းပြောပြတယ်။ စိတ်ဝင်စားရင် တရားပြတယ်။ တရားစခန်းတွေ တည်ထောင်ပေးတယ်  အဲတော့ အဲတာတွေ အကုန်လုံး သိတဲ့ အခါ နိုင်ငံတော် အစိုးရက မဟာသဒ္ဓမဇောတိကဓဇ ဆိုတဲ့ဘွဲ့ကို ပေးထားပါတယ်။

အဲဘွဲ့က ဘုန်းကြီးကိုပဲ ပေးလေ့ရှိတဲ့ ဘွဲ့ထင်တယ်နော်။

ဟုတ်ပါတယ်။ ဘုန်းကြီးကိုပေးတဲ့ ဘွဲ့ကို အန်တီက သာသနာကို ရွတ်ရွတ်ချွန်ချွန်ပြုတဲ့အတွက် အန်တီကိုပေးထားပါတယ်။

အန်တီအနေနဲ့ သာသနာပြုတဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖြစ်တဲ့ တွန်းအားကြတော့ ဘယ်လိုမျိုးတွန်းအား ရှိလို့လဲရှင့်။

သာသနာပြုတဲ့ လုပ်ငန်းဆောင်ရွက်ဖြစ်သွားတာကတော့ ကိုယ့်နိုင်ငံကိုယ်လူမျိုးကို ကမ္ဘာက သိစေချင်တာ တစ်ချက်ရယ်။ တကယ့်စင်စင်ကြယ်ကြယ်ရှိတဲ့ မြတ်စွာဘုရားရဲ့ ဝိပဿနာနည်းပေါ့။ စိတ်ကို ထိန်းသိမ်းချုပ်ပြီးတော့ စိတ်ချမ်းသာမှု ရယူနိုင်တဲ့ထိ လုပ်မယ်ဆိုရင် ရတယ်။ ကျန်းမာရေးလည်း ဒီဝိပဿနာနဲ့ ကုလို့ရတယ်ဆိုတဲ့ သက်သေပြချင်လို့ ကိုယ်ကိုယ်တိုင်လည်း ထိုင်ဖူးတယ်။ စွန်လွန်းနည်းနဲ့ ထိုင်တယ်။ နိုင်ငံတကာကိုလည်း စွန်းလွန်းနည်းနဲ့ တရားပြပါတယ်။

ဒါနဲ့ အန်တီ စာတွေရေးခဲ့တာလည်း သိရတယ်ရှင့်။ စာအုပ်တွေလည်း အကြိမ်ကြိမ် ထုတ်ဝေခဲ့တယ်လေ။ အဲတော့ အန်တီ ခရီးသွားတဲ့ အတွေ့အကြုံတွေကိုဘဲ ရေးဖြစ်ခဲ့တာလား။ အခြားသော အကြောင်းအရာတွေကို ရေးထားတဲ့ အကြောင်းအရာတွေကော ရှိသေးလားရှင့်။

အမျိုးမျိုးပါ။ အကြောင်းအရာကတော့ ခရီးသွားအတွေ့အကြုံကော မြန်မာပြည်ထဲမှာရှိတဲ့ အဖြစ်ပျက်လေးတွေကော အတွေ့အကြုံတွေကော အကုန်ရေးထားပါတယ်။ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်ကြီးတွေ အကြောင်းလည်း ရံဖန်ရံခါရေးပါတယ်။

အန်တီက ပုဂံမှာလည်း ဟော်တယ်ဖွင့်ထားသေးတယ်ဆိုတော့ အန်တီအကြောင်းကို သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ကမ္ဘာပတ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ကော ပြီးတော့ ဟော်တယ်ပိုင်ရှင် အမျိုးသမီးတစ်ယောက်အနေနဲ့ကော ဖြစ်နေတယ်။ အခြားသော အစိုးရ ဝန်ထမ်းအနေနဲ့ လုပ်ခဲ့တဲ့ အချိန်ကော ရှိလာရှင့်။

လုပ်ခဲ့ပါတယ်။ အစိုးရဝန်ထမ်း အခုလည်း ပင်စင်စားနေတုန်းပါပဲ။

ပထမဦးဆုံးကတော့ အန်တီက ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနမှာ လုပ်ပါတယ်။ ပြီးတော့မှ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနကနေပြီးတော့ သစ်လုပ်ငန်းဋ္ဌာနမှာ ဒုမန်နေဂျာ လုပ်ပါတယ်။ ပြီးတော့ လုပ်သားကောလိပ်မှာလည်း အချိန်ပိုင်း စာပြခဲ့ပါတယ်။ သုံးနှစ်ပါ။

အခုဆိုရင် အန်တီအနေနဲ့ ကိုယ့်ရဲ့ အိပ်မက်တွေပေါ့နော် ကိုယ်လုပ်ချင်တဲ့ အရာတွေကို အကောင်အထည် ဖော်နိုင်ခဲ့ပြီးပြီဆိုတော့ ရှေ့ဆက်ပြီးတော့ အန်တီ ဘာများ ထပ်လုပ်ချင်တာ ရှိသေးလဲရှင့်။

အများကြီးကျန်ပါသေးတယ်။ တိုင်းပြု ပြည်ပြု လုပ်ငန်းတွေ အများကြီး ကျန်ပါသေးတယ်။ ခေါင်းထဲမှာ လုပ်ချင်ပါတယ်။ ကလေးလေးတွေကို အထူးသဖြင့် တောင်ကြီး၊ ရန်ကုန်၊ နာဂတောင်တန်း၊ အဲလိုမျိုးတွေမှာ ရောက်တိုင်း ရောက်တိုင်း အင်္ဂလိပ်လို ပြတယ်။ ဟောတယ်။ ပြောတယ်။ ပြတယ်။ သူတို့ကို သင်ပေးတယ်။ ဆွယ်တော် ကျောင်းတိုက်မှာဆိုရင် တစ်နှစ်လောက် ရဟန်းတွေကော သီလရှင်တွေကော အင်္ဂလိပ်စာ ပြပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly