အရှေ့တောင်အာရှ အလေးမပြိုင်ပွဲတွင် မြန်မာ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် သုံးခု ရရှိ

အရှေ့တောင်အာရှ အလေးမပြိုင်ပွဲတွင် မြန်မာ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် သုံးခု ရရှိ
အမျိုးသား ၉၄ ကီလိုတန်းတွင် ကြေးတံဆိပ်ရရှိခဲ့သော ၀င်းနိုင်ထွန်း

ထိုင်း၊ ဇွန် ၂၉။ ။ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ပထမအကြိမ် အရှေ့တောင်အာရှ အလေးမချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအလေးမ အားကစားအဖွဲ့မှ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခု ရရှိခဲ့သည်။

ဇွန် ၂၆ ရက်မှ ၂၈ ရက်ထိ ထိုင်းနိုင်ငံ၊ Auytthaya မြို့တွင် ကျင်းပခဲ့သည့် အလေးမပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့မှ စုစုပေါင်း ကစားသမား ၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှ အလေးမချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့အတွက် ငွေတံဆိပ်ဆုကို အမျိုးသမီး ၄၈ ကီလိုတန်းတွင် မိုင်ဇင်ပွင့်ဖြူ၊ ကြေးတံဆိပ် သုံးခုကို အမျိုးသား ၇၇ ကီလိုတန်းတွင် ကျော်မိုးဝင်း၊ အမျိုးသား -၉၄ ကီလိုတန်းတွင် ဝင်းနိုင်ထွန်း၊ အမျိုးသမီး -၆၉ ကီလိုတန်းတွင် မိုးသူဇာတို့က ရယူပေးခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ် အရှေ့တောင်အာရှအလေးမချန်ပီယံရှစ်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဝိတ်တန်း ၁၃ တန်း ထည့်သွင်းကျင်းပခဲ့ပြီး အိမ်ရှင် ထိုင်းနိုင်ငံက ရွှေတံဆိပ် ကိုးခုထိ ရရှိကာ နိုင်ငံအလိုက် ပထမရခဲ့သည်။

ပြိုင်ပွဲသို့ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ကျင်းပပြီးစီးခဲ့သော ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် အလေးမ ကစားနည်း မပါဝင်ခဲ့ပေ။

ထို့ကြောင့် မြန်မာအလေးမ အားကစားအဖွဲ့သည် ၂၀၁၇ မလေးရှားဆီးဂိမ်းမတိုင်ခင် နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံများရရှိစေရန် ပထမအကြိမ် အရှေ့တောင်အာရှ အလေးမချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ပြိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly