သစ္စာမဲ့မှုများ ထပ်မဖြစ်ရန် ကန့်သတ်ချက်အချို့ ဖွဲ့စည်းပုံတွင် ထည့်ထားရဟု ကာချုပ်ပြော

သစ္စာမဲ့မှုများ ထပ်မဖြစ်ရန် ကန့်သတ်ချက်အချို့ ဖွဲ့စည်းပုံတွင် ထည့်ထားရဟု ကာချုပ်ပြော

မြန်မာ့ သမိုင်းကို ပြည်ကြည့်ပါက သစ္စာမဲ့မှုများကြောင့် သူ့ကျွန်ဘဝ ရောက်ခဲ့ရပြီး ပြည်ပ နိုင်ငံများအပေါ် သစ္စာခံမှုနှင့် တပ်မတော်အပေါ် သစ္စာမဲမှုများကြောင့် နိုင်ငံရေးအခြေအနေ ရှုပ်ထွေးခဲ့ရပြီး ထိုသို့ ထပ်မဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သတ်မှတ်ချက်များ ထည့်သွင်းထားရသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

“သမိုင်း ရာဇဝင်တွင် သစ္စာမဲ့သည့် လုပ်ရပ်များကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ပြီး သူ့ကျွန်ဘဝ ကျရောက် ခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင်လည်း သစ္စာမဲ့သည့် လုပ်ရပ်ဖြစ်သည့် လုပ်ကြံမှုကြောင့် နိုင်ငံ့ ခေါင်းဆောင်များ ဆုံးရှုံးခဲ့ရ” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

အလားတူ “လွတ်လပ်ရေး ရပြီး နောက်ပိုင်း သစ္စာမဲ့သည့် လက်နက်ကိုင် များကြောင့် တိုင်းပြည် ပြိုကွဲမည့် အန္တရာယ်မှ တပ်မတော်က ပေးဆပ်မှု များစွာဖြင့် ထိန်းသိမ်းကာကွယ် ခဲ့ရကြောင်း၊ ယင်းသစ္စာမဲ့မှု၏ အကျိုးဆက် အဖြစ် ပဋိပက္ခများကို ယနေ့တိုင် ဖြေရှင်းနေရဆဲ ဖြစ်ကြောင်း၊ အတိတ်သမိုင်း အရ မိမိတိုင်းပြည် အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံ အပေါ် သစ္စာခံမှု၊ တပ်မတော်အပေါ် သစ္စာမဲ့မှု များကြောင့် နိုင်ငံ့အရေး ကိစ္စများတွင်များစွာ ရှုပ်ထွေးခဲ့ကြောင်း၊ ထိုသို့ ထပ်မံ မဖြစ်လာစေရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် သတ်မှတ်ချက် တချို့ ထည့်သွင်း ထားခြင်းဖြစ်” သည်ဟုလည်း သူက ဆိုသည်။

ဖေဖေါ်ဝါရီလ ၂၃ ရက်  တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရာထူး ခန့်ထားရေး ခန်းမဆောင်၌ ဗထူးတပ်နယ်မှ သင်တန်းသား အရာရှိများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

သားသမီးများ မိဘကို အားကိုးသကဲ့သို့ ခေါင်းဆောင်များကို လက်အောက်ငယ်သားများက အားကိုးတတ်ခြင်းကြောင့် ဖခင်စိတ်နှင့် တပ်မှူးစိတ် ယှဉ်၍ လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။ “တပ်မတော်၏ မူဝါဒဖြစ်သည့် တပ်မတော်သား မိသားစုဝင်များ အားလုံး ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်ရေး အတွက်ကိုလည်း ကြိုးပမ်း ဆောင်ရွက်ကြရမည်” ဟုလည်း ညွှန်ကြားခဲ့ကြောင်း ဖေဖေါ်ဝါရီ ၂၄ ရက်ထုတ် မြဝတီသတင်းစာတွင် ဖေါ်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly