လီဗာပူးလ်အသင်းတွင် ကလိုင်နီဆေးစစ်မှု ခံယူမည်

လီဗာပူးလ်အသင်းတွင် ကလိုင်နီဆေးစစ်မှု ခံယူမည်

အင်္ဂလန်၊ ဇွန် ၂၉။ ။ ဆောက်သမ်တန်အသင်းမှ နောက်ခံကစားသမား ကလိုင်နီသည် ယနေ့(တနင်္လာ)နေ့တွင် လီဗာပူးလ်အသင်း၌ ဆေးစစ်မှု ခံယူမည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

အင်္ဂလန်လက်ရွေးစင်ညာနောက်ခံကစားသမား ကလိုင်နီကို လီဗာပူးလ်အသင်းက ပြောင်းရွှေ့ကြေးပေါင် ၁၂ ဒသမ ၅ သန်းဖြင့် ခေါ်ယူရန် သဘောတူခဲ့ခြင်း ဖြစ်ပြီး ပေါင် ၁၀ ဒသမ ၅ သန်းကို လက်ငင်းပေးချေမည်ဖြစ်ကာ ကျန် ၂ သန်းကို အနာဂတ်တွင် ပေးချေမည်ဟု ဒေးလီးမေးလ်က ဆိုသည်။

လီဗာပူးလ်အသင်းသည် စာချုပ်သက်တမ်းပြည့်သွားသည့် ဂလင်းဂျွန်ဆင်ကို အသင်းမှ ထွက်ခွာခွင့်ပေးထားပြီး ဖလာနာဂန်မှာလည်း ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရမည် ဖြစ်သည့်အတွက် ညာနောက်ခံကစားသမားသစ်တစ်ဦး ရှာဖွေနေခြင်း ဖြစ်သည်။

ဆောက်သမ်တန်အသင်းက ကလိုင်နီအတွက် ပေါင် ၁၅ သန်း အလိုရှိခဲ့သော်လည်း ၎င်း၏စာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် ယခုပြောင်းရွှေ့ကြေးဖြင့် သဘောတူခဲ့ခြင်း ဖြစ်သည်။

ကလိုင်နီကို ခေါ်ယူနိုင်ခဲ့ပါက ယခုအပြောင်းအရွှေ့တွင် ခြောက်ယောက်မြောက်ခေါ်ယူမှု ဖြစ်လာမည် ဖြစ်သည်။ ပြီးခဲ့သည့် ရာသီက ကျဆုံးခဲ့ရသည့်အတွက် လီဗာပူးလ်အသင်းသည် ယခုနှစ်တွင် ကစားသမားသစ်များကို အလျှင်အမြန် ခေါ်ယူလျက်ရှိသည်။

ဘရာဇီးတိုက်စစ်ကစားသမား ဖာမီနိုကို ပေါင် ၂၉ သန်း၊ ချာလ်တန်နောက်ခံလူ ဂျိုးဂိုမက်ဇ်ကို ပေါင် ၃ ဒသမ ၅သန်း၊ ဘန်လေတိုက်စစ်မှူး ဒန်နီအင့်စ်ကို ပေါင် ၅ သန်းဝန်းကျင်၊ မီလ်နာနှင့် ဘော့ဒန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးများဖြင့် ခေါ်ယူထားပြီး ဖြစ်သည့်အတွက် လီဗာပူးလ်အသင်း၏ အပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင်သန်း ၄၀ ဝန်းကျင်ရှိနေသည်။ ကလိုင်နီကို ထပ်မံခေါ်ယူခဲ့ပါက ပေါင်သန်း ၅၀ ကျော်သွားမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly