ဘရာဇီးက ခြင်များအား ဂမ္မာရောင်ခြည်ဖြင့် သားကြောဖြတ်၍ ဇီကာဗိုင်းရပ်ကို တိုက်ဖျက်မည်

ဘရာဇီးက ခြင်များအား ဂမ္မာရောင်ခြည်ဖြင့် သားကြောဖြတ်၍ ဇီကာဗိုင်းရပ်ကို တိုက်ဖျက်မည်

ဘရာဇီလီယာ၊ ဖေဖော်ဝါရီ ၂၃ ။          ။ မွေးရာပါချွတ်ယွင်းချက် ထောင်ပေါင်းများစွာဖြစ်ပေါ်မှုနှင့် ဆက်စပ်နေသော ဇီကာဗိုင်းရပ်ပျံ့နှံ့မှုကို ရပ်တန့်၍ ဇီကာဗိုင်းရပ်ကို တိုက်ဖျက်ရန် ခြင်ထီးသန်းပေါင်း များစွာကို ဂမ္မာရောင်ခြည်ဖြင့် သားကြောဖြတ်ရန် ဘရာဇီးက စီစဉ်နေသည်။

ယင်းသို့ ခြင်များကို သားကြောဖြတ်ရာတွင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ ရောင်ခြည်ပေးစက်ကို အသုံးပြုမည်ဖြစ်သည်။ "ဒါကတော့ မွေးနှုန်းထိန်းချုပ်တဲ့နည်းလမ်းတစ်ခုပါပဲ။ လူတွေမှာ မိသားစုစီမံကိန်းလုပ်သလိုမျိုးပေါ့"ဟု အိုင်အေအီးအေ၏ အင်းဆက်ပိုးထိန်းချုပ်ရေးဓါတ်ခွဲခန်းမှ မော်လီကျူးသတ္တဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ ကော့စ်တက်ဘုတ်ဇစ်က ပြောသည်။

ဘရာဇီးသည် သွေးလွန်တုပ်ကွေးဖြစ်စေသည့် အပြင် မကြာသေးမီက ဇီကာဗိုင်းရပ်ရောဂါတို့ပျံ့နှံ့မှုတို့ကြောင့် အေဒီးစ်ခြင်ကို နှိမ်နင်ရေးမှာ ဘရာဇီးက ရုန်းကန်နေရသည်။ ဇီကာဖြစ်ပွားမှုက ဘရာဇီးတွင် သြဂုတ်လ၌ ပြုလုပ်မည့် ၂၀၁၆ အိုလံပစ်ပွဲတော်ကို မသွားရောက်စေရန် လူအများကို ခြိမ်းခြောက်လျက်ရှိသည်။

အကျိုးအမြတ်မယူသော ဘရာဇီးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Moscamed သည် တစ်ပတ်လျင် ခြင်ထီး၁၂သန်းအထိ သားကြောဖြတ်ရန် ကနေဒါကုမ္ပဏီ MDS Nordion ကထုတ်လုပ်သော cobalt-60 ရောင်ခြည်ပေးစက်ကို အသုံးပြုမည်ဖြစ်သည်ဟု ဒေါက်တာ ဘုတ်ဇစ်က ပြောသည်။

သားကြောဖြတ်ထားသည့်ခြင်ထီးများကို ပစ်မှတ်ထားသည့်နေရာရှိ ခြင်မများနှင့် မိတ်လိုက်စေရန် လွှတ်ပေးမည်ဖြစ်ပြီ ယင်းခြင်မများက ခြင်ငယ်မဖြစ်သော ဥများကိုသာ အုပေးမည်ဖြစ်သည်ဟု အိုင်အေအီးအေ၏ ခြင်ထိန်းချုပ်ရေး ကျွမ်းကျင်သူများ အစည်းအဝေးတွင် ၎င်းကပြောသည်။

ဂျူအာဇေရိုအနီး မြို့တစ်ဒါဇင်တွင် ကနဦးအစီအစဉ်တစ်ခုပြုလုပ်ပြီးနောက် ဘရာဇီးအစိုးရသည် မြို့ကြီးများတွင် ဆက်လက်ပြုလုပ်ရန် နောက်ထပ်ငွေကြေးသုံးစွဲရေး ဆုံးဖြတ်ရန်လိုမည်ဖြစ်သည်။ မြို့ကြီးများတွင် ပြုလုပ်ရာ၌ ဒရုန်းများကို အသုံးပြုဖွယ်ရှိကြောင်းလည်း ဒေါက်တာဘုတ်ဇစ်က ပြောသည်။

ဇီကာဗိုင်းရပ်မှာ နိုင်ငံပေါင်း ၃၀ ကျော်တွင် ပျံ့နှံ့လျက်ရှိပြီး ကာကွယ် ကုသဆေးမပေါ်သေးပေ။ ဗိုင်းရပ်ကို ထိန်းချုပ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ခြင်အကောင်ရေကို လျှော့ချရေးသာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly