စင်ကာပူမှာ အာရှတွင် အလုံခြံုဆုံးနှင့် လူနေမှုဘဝ အရည်အသွေး အမြင့်မားဆုံးမြို့ဖြစ်သည်ဟု စစ်တန်းတစ်ခုကဆို

စင်ကာပူမှာ အာရှတွင် အလုံခြံုဆုံးနှင့် လူနေမှုဘဝ အရည်အသွေး အမြင့်မားဆုံးမြို့ဖြစ်သည်ဟု စစ်တန်းတစ်ခုကဆို

စင်ကာပူ၊ ဖေဖော်ဝါရီ - ၂၃ ။            ။ ကမ္ဘာနှင့်အဝန်း လူသားအရင်းမြစ် အကြံပေးကုမ္ပဏီ Mercer က ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ထုတ်ပြန်သည့် စစ်တမ်းအရ စင်ကာပူမှာ အာရှတွင် အလုံခြုံဆုံး မြို့တစ်မြို့ဖြစ်ပြီး၊ လူမှုဘဝအရည်အသွေးလည်း အမြင့်မားဆုံးရှိနေသည်ဟု ဆိုသည်။

Mercer ၏ ၁၈ကြိမ်မြောက် နှစ်ပတ်လည် ကမ္ဘာနှင့်အဝန်း လူမှုဘဝအရည်အသွေး အဆင့်သတ်မှတ်ချက်တွင် စင်ကာပူက တစ်ကမ္ဘာလုံးတွင် ၂၆နေရာနှင့် အာရှတွင် ပထမနေရာ ရပ်တည်နေကာ ၎င်း၏ နောက်တွင် ဂျပန်မြို့တော်များဖြစ်ကြသည့် တိုကျို၊ ကိုဘေး၊ ယိုကိုဟားမား၊ အိုဆာကာနှင့် နာဂိုယာတို့က အသီးသီးရပ်တည်နေကြသည်။ အရှေ့တောင်အာရှတွင်မူ မလေးရှား၏ ကွာလာလမ်ပူကို စင်ကာပူပြီးလျှင် နောက်ထပ် လူုနေမှုဘဝအရည်အသွေး အကောင်းဆုံးမြို့အဖြစ် သတ်မှတ်သည်။

မဟာတရုတ်နိုင်ငံတော် (Greater China)တွင်မူ ဟောင်ကောင်မှာ လူနေမှုဘဝအရည်အသွေးအရ အမြင့်မားဆုံးတွင် ရှိနေပြီး၊ ၎င်း၏ နောက်တွင်မှ ထိုင်ဝမ်၏ တိုင်ပေ နှင့် တိုင်ချွန်း၊ ရှန်ဟိုင်းနှင့် ပေကျင်းတို့က အစဉ်အတိုင်း ရပ်တည်နေကြသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာတွင်မူ သြစတြီးယား၏ ဗီယင်နာက ထိပ်ဆုံးနေရာတွင် ရှိနေပြီး၊ ၎င်း၏ နောက်တွင်မှ ဆွစ်ဇာလန်၏ ဇူးရစ်နှင့် ဆွစ်ဇာလန်၏ အုက္ကလန်းတို့က ကပ်လိုက်နေကြသည်။ ကမ္ဘာ့အဆင့်တွင် အီရတ်မြို့တော် ဘဂ္ဂဒက်မှာ အနိမ့်ဆုံးတွင် ရှိနေသည်။

Mercer စစ်တမ်းက ပြည်တွင်းရေးတည်ငြိမ်မှု၊ ရာဇဝတ်မှုထူပြောမှု၊ တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံတကာဆက်ဆံရေးတို့အပေါ် အခြေခံ၍ မြို့ကြီးများ၏ တစ်ကိုယ်ရေ လုံခြုံမှုအဆင့်ကိုလည်း သတ်မှတ်ပေးရာ တကမ္ဘာလုံးတွင် အဌမနေရာချိတ်သည့် စင်ကာပူမှာ အာရှတွင်မူ အလုံခြုံဆုံး မြို့ပင်ဖြစ်ပြီး၊ ၎င်း၏နောက်တွင် ဂျပန် မြို့၅မြို့ဖြစ်သည့် ကိုဘေး၊ နာဂိုယာ၊ အိုဆာကာ၊ တိုကျိုနှင့် ယိုကိုဟားမားတို့က ကပ်လိုက်နေကြသည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကမ္ဘာလှည့်နေရာများကို အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘန်ကောက်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာတွင် ၁၇၃နေရာတွင်သာ ရပ်တည်နေသည်။

ကမ္ဘာ့လုံခြုံမှုအဆင့်တွင် ထိပ်ဆုံးက ရပ်တည်နေသည်မှာ လူဇင်ဘာ့ဖြစ်ပြီး ဒုတိယနေရာကိုမူ ဆွစ်မြို့တော် ဘာန်း၊ ဖင်လန် ဟယ်ဆင်ကီနှင့် ဇူးရစ်တို့ အပြိုင်လုနေကြသည်ဟု ဆိုသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လူမှုရေးမငြိမ်သက်မှုများကြောင့် ပါရီ (၇၁)၊ လန်ဒန် (၇၂)၊ မက်ဒရစ် (၈၄)နှင် အေသင် (၁၂၄)တို့မှာ ယခင်အကြိမ်များကထက် သိသိသာသာ နိမ့်ကျသွားခဲ့သဝည်။ အကြမ်းဖက်တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပွားနေသည့် ဘဂ္ဂဒက်နှင့် ဆီးရီးယားမြို့တော် ဒမတ်စကတ်တို့မှာမူ ကမ္ဘာ့မလုံခြုံဆုံးအဆင့်များတွင် အသီးသီး ရပ်တည်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags