လိဂ်ပွဲစဉ် - ရ ၌ အမှတ်ပေးဇယားထိပ်မှ အသင်းများ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့

လိဂ်ပွဲစဉ် - ရ ၌ အမှတ်ပေးဇယားထိပ်မှ အသင်းများ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့
ရတနာပုံနှင့်ဇွဲကပင် ပွဲ၌ ရတနာပုံအသင်းမှ အောင်သူ ချေပဂိုးသွင်းယူနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၂၃ ၊ ရန်ကုန် ။            ။ ယခုတစ်ပတ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယားထိပ်မှ အသင်းများဖြစ်သည့် ရတနာပုံ၊ ဟံသာဝတီ၊ ဇွဲကပင် အစရှိသည့် အသင်းများ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။

အမှတ်ပေးဇယားထိပ်ဆုံးမှ ရတနာပုံအသင်းသည် ဇွဲကပင်အသင်းနှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကာ ဇွဲကပင်အသင်းအား ပွဲအစ ၁၈ မိနစ်တွင် ဦးဆောင်ဂိုးပေးခဲ့ရပြီး နောက်မှလိုက်ကစား၍ တိုက်စစ်မှူးအောင်သူ၏ နောက်ကျချေပဂိုးကြောင့်သာ တစ်ဂိုးစီသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

ဒုတိယနေရာမှ ဟံသာဝတီအသင်းမှာမူ အမှတ်ပေးဇယားထိပ်မှ ရတနာပုံအသင်း၏ သရေရလဒ်အပေါ် အခွင့်ကောင်းမယူနိုင်ပဲ အောက်ဆုံးမှ ဆောက်သမ်းမြန်မာအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားကာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

အခြားပွဲစဉ်များတွင် ရန်ကုန်အသင်းသည် အိမ်ကွင်း၌ ရခိုင်ယူနိုက်တက်အသင်းကို ၃-၁ ဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းမှာလည်း အိမ်ကွင်း ပုသိမ်ကွင်းတွင် တန်းတက်ဟော်ရဇွန် အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။

ဇေယျာရွှေမြေအသင်းသည်လည်း အိမ်ကွင်းကျောက်တိုင်ကွင်းတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားကာ နိုင်ဦးလွင်၊ ရန်နိုင်ဦးတို့၏ ခြေစွမ်းပြ သွင်းဂိုးများကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းမှာမူ တောင်ကြီးကွင်းတွင် ချင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း ခြေစွမ်းပြ အနိုင်ယူနိုင်ခြင်းမရှိကာ တစ်ဂိုးစီသရေဖြင့်သာ ပြီးဆုံးခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲစဉ်များ ကစားပြီးချိန်၌ ရတနာပုံအသင်းသည် ရမှတ် ၁၇ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင်  ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဟံသာဝတီအသင်းက ရမှတ် ၁၅ မှတ်ဖြင့် ဒုတိယ၊ ဇွဲကပင်အသင်းက ရမှတ် ၁၄ မှတ်ဖြင့် တတိယနေရာတို့တွင် အသီးသီး ရပ်တည်ထားနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၇ ပွဲပြီးရလဒ်များ

ဧရာဝတီ ၂-၀ ဟော်ရဇွန်
ရန်ကုန် ၃-၁ ရခိုင်
ရှမ်းယူနိုက်တက် ၁-၁ ချင်းယူနိုက်တက်
ဇေယျာရွှေမြေ ၂-၁ မကွေး
ဇွဲကပင် ၁-၁ ရတနာပုံ
ဆောက်သမ်းမြန်မာ ဝ-၀ ဟံသာဝတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly