အင်္ဂါဂြိုဟ်ပေါ်တွင် သေနတ်တစ်လက်ပုံ အရာဝတ္ထုတွေ့ သက်ရှိများ ရှိနေနိုင်သည့် အထောက်အထားဟု ဆို

အင်္ဂါဂြိုဟ်ပေါ်တွင် သေနတ်တစ်လက်ပုံ အရာဝတ္ထုတွေ့ သက်ရှိများ ရှိနေနိုင်သည့် အထောက်အထားဟု ဆို

လန်ဒန်၊ ဖေဖော်ဝါရီ - ၂၃ ။               ။ အင်္ဂါဂြိုဟ်ပေါ်တွင် ရိုက်ယူခဲ့သည့် နာဆာဓာတ်ပုံများတွင် မယုံနိုင်စရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောဆိုမှုများ ထွက်ပေါ်လာနေသည့်ကြားတွင်ပင် ဂြိုဟ်သားကို ခြေရာခံရှာဖွေနေသူတစ်ဦးက ကမ္ဘာခြားသက်ရှိ ရှာပုံတော်တွင် ယနေ့မှာ သမိုင်းဝင် နေ့ထူးဖြစ်ကြောင်း ပြောကြားနေခဲ့သည်။

အွန်လိုင်း သုတေသီနှစ်ဦးက အင်္ဂါဂြိုဟ်ကြမ်းပြင်ပေါ်တွင် စွန့်ပစ်ထားသည့် ဂြိုဟ်သားကိုင် ပစ္စတို သေနတ်တစ်လက်၏ ဓာတ်ပုံတစ်ပုံကို ရှာဖွေတွေ့ရှိထားကြောင်း ပြောကြားခဲ့ရာ ထိုဓာတ်ပုံကို နာဆာ၏ အင်္ဂါဂြိုဟ်ဆင်းယာဉ် Curiosity Rover က အမှတ်တမဲ့ ရိုက်ကူးမိသွားပြီးနောက် ကမ္ဘာမြေသို့ ပြန်ပို့ခဲ့ရာ အမေရိကန် အာကာသအေဂျင်စီ ဝန်ထမ်းများက လိုင်းတင်လိုက်ခြင်းပင်ဖြစ်သည်။

YouTube ချဲနယ်တစ်ခုဖြစ်သည့် Streetcap 1က ၂၀၁၄ခုနှစ် စက်တင်ဘာလက ဂြိုဟ်ဆင်းယာဉ်က ရိုက်ယူခဲ့သည့် ဓာတ်ပုံတစ်ပုံတွင် သေနတ်၏ တည်နေရာကို ညွှန်ပြနေသည့် ဗွီဒီယိုကို ပို့စ်တင်ထား သည်။

သို့ရာတွင် ယင်းမှာ ထူးထူးဆန်းပုံပေါ်နေသည့် ကျောက်တုံးတစ်ခုလည်း ဖြစ်နိုင်သော ကြောင့် အချို့က ပစ္စတိုဟု အဓိပ္ပာယ်ဖော်နေသည့် အင်္ဂါဂြိုဟ်နှင့် ပတ်သက်သည့် ထင်ယောင်မှားမှု တစ်ခုလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ပယ်ရီဒိုလျာ (Pereidolia)ဟူသည်မှာ ကျောက်မျက်နှာပြင်၊ တိမ်တိုက်နှင့် သစ်ခေါက်များကို ရင်းနှီးသော အဆင်အကွက် အရာဝတ္ထုများအဖြစ် ဦးနှောက်က မျက်လုံးကို လှည့်စားပုံဖော်သည့် ဖြစ်စဉ်ပင် ဖြစ်သည်။

ဓာတ်ပုံထဲမှ ကျောက်တုံးမည်းမည်းများမှာ သေနတ်နှင့် အရောင်တူနေသည်ကပင် ပယ်ရီဒိုလျာဖြစ်လို့ အကြောင်းလုံလောက်သည်ဟု သံသယရှိသူများက ပြောကြားကြသည်။ သို့ရာတွင် ပန်းကန်ပြား ပျံမြင်ကွင်းနေ့စဉ် ဝဘ်ဆိုက်အယ်ဒီတာ စကော့စီ ဝါရင်းကမူ ဤပစ္စတိုသေနတ်မှာ အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ချိန်က အသိဉာဏ်ရှိသက်ရှိများ နေထိုင်ခဲ့သည် (သို့မဟုတ်) ယခုအချိန်အထိ နေထိုင်ဆဲဖြစ် သည်ကို မငြင်းကွယ်နိုင်သည့် အထောက်အထားတစ်ရပ်အဖြစ် ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။

ဓာတ်ပုံများမှာ မပြောင်းမလဲ အတူတူပင်ဖြစ်ကြောင်းနှင့် တစ်ပေရှည်လျားသည့် ဂြိုဟ်သားသုံး သေနတ်တစ်လက်ဖြစ်ကြောင်း ဝါးရင်းက ဘလော့တွင် ရေးသားခဲ့သည်။

‘ဒါက မယုံနိုင်စရာပဲဆိုတာ ဝန်ခံပါတယ်။ Streepcap1ရဲ့ ခေတ်အဆက်ဆက် ထိပ်တန်းတွေ့ရှိမှု ၁၀ခုထဲက တစ်ခုပါပဲ’’ဟု ၎င်းက ပြောကြားခဲ့သည်။

နာဆာက ထူးခြားဆန်းကြယ်သည့် ဓာတ်ပုံများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်မပေးသော်လည်း အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများ နေထိုင်ခဲ့သည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း ပြောကြားနေခဲ့သည်။ ယခု ပစ္စတိုပုံပေါ်နေသည့် ဓာတ်ပုံများမှာလည်း အမြင်မှောက်မှားမှုသက်သက်သာ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သို့ရာတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်တွင် ရေစီးဆင်းနေဆဲဖြစ်ပြီး၊ ယခင်က ပင်လယ်နှင့် မြစ်ချောင်းများရှိခဲ့သည့် အထောက်အထားများကို တွေ့ရှိခဲ့ရာ အင်္ဂါဂြိုဟ်၏ ဖြစ်ပေါ်တိုးတက်မှု အဆင့်တစ်ဆင့်တွင် အဏုဇီ၀ (သို့မဟုတ်) ရိုးရှင်းသည့် သက်ရှိပုံစံများ ဖြစ်ထွန်းခဲ့သည့် အထောက်အထားကို ရှာဖွေတွေ့ရှိနိုင်သေးသည်ဟူသော မျှော်လင့်ချက်ကို ပညာရှင်များက လုံး၀ မစွန့်လွှတ်ကြပေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly