အိုင်အက်စ်နှင့် ပူးပေါင်းရန်သွားနေသည့် အင်ဒိုနီးရှားလေးဦးကို စင်ကာပူက ပြည်နှင်ဒဏ်ပေး

အိုင်အက်စ်နှင့် ပူးပေါင်းရန်သွားနေသည့် အင်ဒိုနီးရှားလေးဦးကို စင်ကာပူက ပြည်နှင်ဒဏ်ပေး

စင်ကာပူ၊ ဖေဖော်ဝါရီ ၂၃ ။              ။ အိုင်အက်စ်စစ်သွေးကြွများနှင့် ပူးပေါင်းမည်ဟု သံသယရှိသူ အင်ဒိုနီးရှားလေးဦးသည် ဆီးရီးယားသို့သွားရာတွင် စင်ကာပူကို ဖြတ်သန်းစဉ် ပြည်နှင်ဒဏ်ပေး ခံရသည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောသည်။

အသက် ၁၅နှစ်မှ ၄၉နှစ်အထိရှိသော လေးဦးပါအဖွဲ့သည် စင်ကာပူအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် ဖေဖော်ဝါရီ ၂၁က အင်ဒိုနီးရှား၏ ဘာတမ်ကျွန်းမှ တဆင့် ပြည်နှင်ဒဏ်ပေးခံရကြောင်း Merdeka.com ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အရာရှိများသည် အဆိုပါလေးဦးအဖွဲ့ကို ဘာတမ်စင်တာနိုင်ငံတကာဆိပ်ကမ်းတွင် လာရောက်ထိန်းသိမ်းခေါ်ယူသွားခဲ့သည်ဟု ဂျာကာတာဂလုပ်က အစီရင်ခံသည်။

အင်ဒိုနီးရှားမီဒီယာများ၏ ဖော်ပြချက်အရ ၎င်းအုပ်စုသည် ဂျာကာတာရှိ ဆိုကာနိုနိုင်ငံတကာလေဆိပ်မှ စင်ကာပူသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့သည် မလေးရှားနိုင်ငံ ဂျိုဟော်သို့ ခရီးထွက်ခဲ့ပြီး စင်ကာပူသို့ ပြန်လာခဲ့သည်။ သံသယရှိရှိသူများအနက် နှစ်ဦးမှာ ညီအစ်ကိုများဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်း အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် အစွန်းရောက်ဝါဒီများဟု သံသယရှိသူ ၃၀ကို ဖမ်းဆီးခဲ့သည်။ ယင်းသံသယရှိသူများသည် ဂျာဗာကျွန်းပေါ်ရှိ ဝေးလံခေါင်သီသော တောင်တစ်ခုတွင် စစ်ပုံစံသင်တန်းပေးနေသည်ဆိုသည်။

ဂျာကာတာဂလုပ်တွင် ဖော်ပြချက်အရ ခန့်မှန်းခြေ အင်ဒိုနီးရှားလူမျိုး ၅၀၀သည် ဆီးရီးယားရှိ အိုင်အက်စ်တို့နှင့် ပူးပေါင်းထားသည်။ ၎င်းတို့အနက် ၁၀၀ခန့်မှာ အိမ်ပြန်လာသည်ဟု ယူဆရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly