ဖမ်းဆီးထားသည့် ခရစ်ယာန် ၂၀၀ ကျော်ကို အိုင်အက်စ်တို့ ပြန်လွှတ်ခဲ့

ဖမ်းဆီးထားသည့် ခရစ်ယာန် ၂၀၀ ကျော်ကို အိုင်အက်စ်တို့ ပြန်လွှတ်ခဲ့

ဒမတ်စကပ်၊ ဖေဖော်ဝါရီ ၂၃ ။            ။ ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် လွန်ခဲ့သည့်တစ်နှစ်က ပြန်ပေးဆွဲ ဖမ်းဆီးထားသည့် အက်ဆိုင်းရီးယန်းခရစ်ယာန် ၂၀၀ ကျော်ထက်မနည်းကို အိုင်အက်စ်တို့က ပြန်လွှတ်ပေးထားပြီဖြစ်သည်။

ဖေဖော်ဝါရီ ၂၂ ရက် နံနက်တွင် လွတ်မြောက်လာသည့်သူ ၄၂ ဦးကို အက်ဆိုင်းရီးယန်းဘုရားရှိခိုးကျောင်းက ကြားခံဆောင်ရွက်မှုဖြင့် လွှတ်ပေးကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

အိုင်အက်စ်တို့က ပြန်ပေးငွေ ဒေါ်လာ ၁၈ သန်း တောင်းခဲ့ကြောင်း အက်ဆိုင်းရီးယန်းအဖွဲ့တစ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက ကျေးရွာ ၁၂ ရွာကို အိုင်အက်စ်တို့က ဝင်စီးပြီး ကလေးများ၊ မိန်းမများနှင့် အသက်ကြီးပိုင်းများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အိုင်အက်စ်တို့၏ ဘေးရန်ကြောင့် အက်ဆိုင်းရီးယန်းထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးကြရသည်။ ထိုဖမ်းဆီးခဲ့သူများကို အိုင်အက်စ်တို့က အသုတ်ခွဲကာ ပြန်လည်လွှတ်ပေး လာခြင်းဖြစ်သည်။

ယခုပြန်လွှတ်လိုက်သည့် ၄၂ ဦးတွင် အများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့် ဆွီဒင်အခြေစိုက် အက်ဆိုင်းရီးယန်းလူ့အခွင့်အရေးကွန်ရက်တို့က ပြောသည်။

သမ္မတ အာဆတ်အား ဆန့်ကျင်သည့် ဆူပူအုံကြွမှုများဖြစ်ပွားသည့် ၂၀၁၁ ခုနှစ်မတိုင်မီ ဆီးရီးယားနိုင်ငံအတွင်း ခရစ်ယာန် ၁ ဒသမ ၂ သန်း ရှိရာ အက်ဆိုင်းရီးယန်းခရစ်ယာန် ၄၀၀၀၀ နီးပါး နေထိုင်ကြောင်း ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly