အာရှ ယူ ၁၄ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း နှစ် နှစ်ဆက် ဆီမီးဖိုင်နယ် တက်နိုင်ခဲ့

အာရှ ယူ ၁၄ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း နှစ် နှစ်ဆက် ဆီမီးဖိုင်နယ် တက်နိုင်ခဲ့

ဟနွိုင်း၊ ဇွန် ၂၉။ ။ ၂၀၁၅ အာရှ ယူ ၁၄ ဒေသတွင်း အမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် တတိယရရှိခဲ့ပြီးပြိုင်ပွဲတွင် နှစ် နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ၂၀၁၄ အာရှ ယူ ၁၄ ပြိုင်ပွဲတွင် စတုထ္ထသာရရှိခဲ့သော်လည်း ၂၀၁၅ ပြိုင်ပွဲ၌မူ တတိယရရှိခဲ့သည်။ ၂၀၁၅ အာရှ ယူ ၁၄ ပြိုင်ပွဲ၊ တတိယနေရာလုပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် မလေးရှားအသင်းကို ၆-၂ ဂိုးဖြင့် အနိုင်ရရှိကာ တတိယရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၈ မိနစ်၊ ၁၃ မိနစ်များတွင် မြတ်နိုးခင်၊ ပွဲချိန် ၂၈ မိနစ်နှင့် ၃၅ မိနစ်တွင် မေဖြူကို၊ ၄၂ မိနစ်တွင် စန်းသော်သော်၊ ၅၅ မိနစ်တွင် ဝင်းစန္ဒာထွန်းတို့မှ သွင်းယူခဲ့ပြီး မလေးရှားအသင်းအတွက် ချေပဂိုး နှစ်ဂိုးကို ပွဲချိန် ၆၁ မိနစ်တွင် ဂျာဝတ်၊ ၇၀ မိနစ်တွင် အာနီအိုင်ရှာတို့မှ သွင်းယူပေးခဲ့သည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ဗီယက်နမ်အသင်းကို ပင်နယ်တီ အဆုံး အဖြတ် ၆-၅ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး မလေးရှားအသင်းနှင့် တတိယနေရာ လုပွဲကစားခဲ့ရခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်းက ထိုင်းအမျိုးသမီးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲသွားခဲ့သည်။

ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားဆုကို ဗီယက်နမ်အသင်းမှ ကျောနံပါတ် ၁၀ ငုယင်သီသူက ရရှိခဲ့ပြီး အသန့်ရှင်းဆုံး အသင်းဆုကို မြန်မာအမျိုးသမီးအသင်းမှ ရရှိခဲ့သည်။

လက်ရှိ ချန်ပီယံ ထိုင်း ယူ ၁၄ အမျိုးသမီးဘောလုံးအသင်းမှာလည်း နှစ်နှစ်ဆက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်းဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာအမျိုးသမီး ယူ ၁၄ ဘောလုံးအသင်းသည် ပြီးခဲ့သည့် ၂၀၁၄ အာရှ ယူ ၁၄ ဒေသတွင်း အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သော်လည်း တတိယနေရာလုပွဲတွင် ဗီယက်နမ်အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ အဆင့် ၄ သာ ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly