တပ်မတော်(ရေ)က ကိုကိုးကျွန်းအနီးတစ်ဝိုက် ၁၀ရက်ကြာ စစ်ရေးလေ့ကျင်မည်

တပ်မတော်(ရေ)က ကိုကိုးကျွန်းအနီးတစ်ဝိုက် ၁၀ရက်ကြာ စစ်ရေးလေ့ကျင်မည်
(ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ။ ။ တပ်မတော်(ရေ)က ကိုကိုးကျွန်းအနီးရှိ ရေပြင်တွင် စစ်ရေးလေ့ကျင့်မှုကို ၁၀ရက်ကြာပြုလုပ်မည်ဟု သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးကြီး ခင်မောင်ညိုက ဖေဖော်ဝါရီ ၂၂ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ယင်းစစ်ရေးလေ့ကျင်မှုကို ဖေဖော်ဝါရီ ၂၂ရက်မှ မတ်လ ၂ရက်အထိ ၁၀ရက်ကြာ ပြုလုပ်မည်ဟု တပ်မတော်ပိုင် မြဝတီသတင်းစာက ထုတ်ပြန်ထားသည်။

"အခုက ရေတပ်တစ်ခုတည်းက လေ့ကျင်ရေးလုပ်တာလေ၊ သုံးမယ့်လက်နက်တွေဘာတွေတော့ အသေးစိတ် မသိသေးဘူး။ တားမြစ်တာကတော့ နိုင်ငံတကာက သဘောၤတွေ၊ လေယာဉ်တွေမှားဝင်လာမှာစိုးလို့ပါ။" ဟု ဗိုလ်မှူးကြီး ခင်မောင်ညိုက ပြောသည်။

စစ်ရေးလေ့ကျင်မည့် ဧရိယာမှ ၅ မိုင်ပတ်လည်အတွင်း သင်္ဘောကြီး၊ ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန် တပ်မတော်ရေက ဖေဖော်ဝါရီ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။ 

စစ်ရေးလေ့ကျင့်မှုမည်ဖြစ်သည့်အတွက် ၎င်းဧရိယာ၏ ၅မိုင်ပတ်လည်သို့ ငါးဖမ်းခြင်းများအပြင် နိုင်ငံတကာမှ သဘောၤများ၊ လေယာဉ်များဖြတ်သန်းသွားလာခွင့် မရှိရေးအတွက်လည်း ကြိုတင်ထုတ်ပြန် အသိပေးထားသည်ဟု ၎င်းကဆိုသည်။

တပ်မတော်(ရေ)က စစ်ရေးလေ့ကျင့်ရာတွင် အသုံးပြုမည့် စစ်လက်နက်ပစ္စည်းများကိုမူ သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတိအကျ ထုတ်ပြန်ပြောဆိုပေးနိုင်သေးမရှိကြောင်း ဗိုလ်မှူးကြီး ခင်မောင်ညိုကပြောသည်။

တပ်မတော်(ရေ)က ကိုကိုးကျွန်းရေပြင်၏ Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအတွင်း စစ်ရေးလေ့ကျင်မည်ဖြစ်သည်။

စစ်ရေးလေ့ကျင်မည့် ကိုကိုးကျွန်းရေပြင်ဧရိယာအတွင် ဖေဖော်ဝါရီ ၂၂ရက်တွင် စတင်ပြင်ဆင်နေမှုနှင့် ပက်သက်ပြီး ကျွန်းနေ ဒေသခံအမျိုးသားတစ်ဦးက "ကျွန်တော်တို့ကြားတာ သဘောၤ အစီး ၂၀လို့ကြားတယ်။ အခုတော့ သဘောၤ ၆စီးလောက်ရောက်နေပြီ၊ စတော့ မစသေးဘူး၊ ပစ်မှတ်တွေလိုက်ချတာပဲရှိသေးတယ်။ ၂၅ရက်နေ့ ကာချုပ်လာတဲ့နေ့မှာစမယ်လို့လည်း ကြားတယ်။ အခုရောက်နေတဲ့သဘောၤတွေက အရင်ရိက္ခာ လာပိုတဲ့သဘောၤတွေလိုမဟုတ်ဘူး။" ဟုဆိုသည်။

ယခုစစ်ရေးလေ့ကျင်မှုသည့် တပ်မတော်ရေ၏ ဒုတိယမြောက် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ မတ်လ(ခန့်မှန်း) အချိန်ကလည်း တစ်ကြိမ်ပြုလုပ်ခဲ့သေးသည်ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly