အစိုးရမပြောင်းခင် သတိရှိရှိအလုပ်လုပ်ကြဖို့ တိုင်း/ပြည်နယ်လွှတ်တော်ဥက္ကဌများကို ဒေါ်စုညွှန်ကြား

အစိုးရမပြောင်းခင် သတိရှိရှိအလုပ်လုပ်ကြဖို့ တိုင်း/ပြည်နယ်လွှတ်တော်ဥက္ကဌများကို ဒေါ်စုညွှန်ကြား
(ဓာတ်ပုံ- NLD Chairperson)

နေပြည်တော်(ဖေဖော်ဝါရီ ၂၂)။ ။ လက်ရှိအစိုးရ အပြောင်းအလဲမလုပ်ခင်ကာလအတွင်း သတိရှိရှိဖြင့် အလုပ်လုပ်ကြရန် လွှတ်တော်ဥက္ကဌတာဝန်များကို စတင်ထမ်းဆောင်နေပြီဖြစ်သည့် တိုင်းနှင့်ပြည်နယ် ၁၂ခုမှ လွှတ်တော်ဥက္ကဌများ၊ ဒုတိယဥက္ကဌများကို ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်သည်။

ဖေဖော်ဝါရီ ၂၂ရက်က နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ရေးရာကော်မတီဆောင် I-12တွင် တိုင်းနှင့် ပြည်နယ် ၁၂ခုမှ NLDပါတီဝင် လွှတ်တော်ဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့် ၂နာရီခန့်ကြာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

"အစိုးရလည်း အပြောင်းအလဲမလုပ်သေးဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ်အလုပ်လုပ်တဲ့နေရာမှာ သတိရှိရှိနဲ့ မမှားအောင်ပေါ့လေ။ အဲ့ဒါလေးကို သတိပေးတဲ့သဘောပါ" ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က တွေ့ဆုံမှုအပြီးတွင် ပြောသည်။

လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းသည် လာမည့် မတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ထို့နောက် နိုဝင်ဘာရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLDပါတီက အစိုးရတစ်ရပ်က အစိုးရတာဝန်ကို ထမ်းဆောင်တော့မည်ဖြစ်သည်။

တွေ့ဆုံမှုတွင် ပြည်သူများစိတ်ပျက်စေမယ့် အလုပ်မျိုး မလုပ်ကြဖို့ လွှတ်တော်ဥက္ကဌများ၊ ဒုတိယဥက္ကဌများကို ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့သေးသည်ဟုလည်း NLD၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။

"စေတနာနဲ့လုပ်ရမယ်။ အဂတိတရားကင်းစင်တဲ့ဟာတွေရှေးရှုပြီးတော့ အထူးသဖြင့် တိုင်းသူပြည်သားစိတ်ပျက်မယ့် အလုပ်မျိုးတွေ မလုပ်ဖြစ်ဖို့ ဩဝါဒပေးတဲ့သဘောပါ" ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဌများ၊ ဒုဥက္ကဌများနှင့်တွေ့ဆုံရာတွင်ပါဝင်သည့် ဦးဝင်းထိန်က တွေ့ဆုံမှုအပြီးတွင် သတင်းထောက်များကို ပြောသည်။

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌများမှအပ အခြားတိုင်းနှင့်ပြည်နယ်များမှ လွှတ်တော်ဥက္ကဌများ၊ ဒုဥက္ကဌများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် I-12တွင် မွန်းလွှဲ ၁နာရီ ၅၀မိနစ်မှ ၃နာရီ ၅၀မိနစ်ခန့်အထိ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းမှလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများအပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာဇော့်မြင့်မောင်နှင့် ဦးဝင်းထိန်တို့လည်း တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly