အငြင်းပွားကျွန်းငယ်များကို ဂျပန်က ပိုင်ဆိုင်ကြောင်းပြောကြားမှု တောင်ကိုရီးယားနိုင်ငံသားများက ဆန့်ကျင်ကန့်ကွက်

အငြင်းပွားကျွန်းငယ်များကို ဂျပန်က ပိုင်ဆိုင်ကြောင်းပြောကြားမှု တောင်ကိုရီးယားနိုင်ငံသားများက ဆန့်ကျင်ကန့်ကွက်

ဆိုးလ်၊ ဖေဖော်ဝါရီ - ၂၂ ။             ။ တောင်ကိုရီးယား၏ အရှေ့ဖျား ကျွန်းငယ်များကို ဂျပန်၏ ပိုင်ဆိုင်ကြောင်း ပြောကြားချက်ကို ဆန့်ကျင်ကန့်ကွက်ရန်အတွက် မြို့တော်ဆိုးလ်တွင် တောင်ကိုရီးနိုင်ငံ သားများက စုဝေးဆန္ဒပြခဲ့ကြသည်။

ဂျပန်က တာကီရှီးမားဟုခေါ်ပြီး တောင်ကိုရီးယားက ဒေါ့ဒိုဟုခေါ်သည့် ကျွန်းငယ်များကို ဂျပန်က ပိုင်ဆိုင်ကြောင်း ပြောကြားသည့် အခန်းအနားနှင့် စပ်လျဉ်း၍ တောင်ကိုရီးယား တက်ကြွလှုပ်ရှား သူများက ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ဆန့််ကျင်ဆန္ဒပြပွဲတစ်ခု ကျင်းပခဲ့ကြသည်။

ဂျပန် ရှီမိုင်းစီရင်စု၊ မက်ဆူး ဒေသန္တရအစိုးရက ၂၀၀၅ခုနှစ်ကတည်းက ဖေဖော်ဝါရီ ၂၂ရက်နေ့ကို တာကီရှီးမားနေ့အဖြစ် သတ်မှတ်ကာ ကျွန်းငယ်များကို အချုပ်အခြာပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည်။

ဆယ်ဂဏန်းရှိသည့် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက ဆန့်ကျင်သည့်အနေဖြင့် ဆိုးလ်ရှိ ဂျပန်သံရုံးအနီးတွင် ဂျပန် ပြဌာန်းစာအုပ်များကို ဆုတ်ဖြဲပစ်ခဲ့ကြသည်။

‘ဒေါ့ဒိုဟာ တောင်ကိုရီးယားပိုင်နက်ထဲမှာ ရှိနေတယ်ဆိုတာကို ဂျပန်အစိုးရ ကောင်းကောင်းသိပါတယ်။ ဒါပေမယ့်လည်း သူတို့က သမိုင်းကို တစ်နှစ် နည်းနည်းချင်းစီ ပုံဖျက်ပြီး မဖြစ်နိုင်တာကို ပြောနေကြ ပါတယ်။ အခု တောင်ကိုရီးယားပြည်သူတွေက ကာကွယ်မှာဖြစ်လို့ ဂျပန်အနေနဲ့ အချည်းနှီးကြိုးစားမှုကို ရပ်တန့်ပြီး ဒေါ့ဒိုဟာ တောင်ကိုရီးယားပိုင်ဆိုတာကို အသိအမှတ်ပြုသင့်ပါတယ်’ဟု ဆန္ဒပြမှုခေါင်းဆောင် မွန် ဂျိုင်အစ်က ပြောကြားခဲ့သည်။

ဆန္ဒပြသူများက ဂျပန်နာမည်နှင့် ကျွန်းငယ်များပုံ ရိုက်နှိပ်ထားသည့် ပိုစတာများကို ရိုက်နှက်ကာ ဒေါ့ဒိုဟာ တောင်ကိုရီးယားပိုင်ဟုလည်း ကြွေးကြော်နေကြသည်ဟု ဆိုသည်။

တချိန်တည်းမှာပင် ဂျပန်၏ အခန်းအနားကို ဆန့်ကျင်သည့်အနေဖြင့် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုလ်းရှိ ဂျပန်သံရုံးမှ ဂျပန်ဝန်ကြီးနှင့် လက်ထောက် မစ်ရှင်အကြီးအကဲ ဟီဒီအို ဆူဇူကီးကို ဆင့်ခေါ်ခဲ့သည်။

‘ဂျပန်အစိုးရက တာကီရှီးမားနေ့လို့ခေါ်တဲ့ အခမ်းအနားကို အကြီးတန်း ဗဟိုအစိုးရ အရာရှိတစ်ဦး စေလွှတ်မှုအပေါ် တောင်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

တိုကျိုအနေဖြင့် သမိုင်းကြောင်း၊ ပထဝီအနေအထားနှင့် နိုင်ငံတကာဥပဒေများအရ တောင်ကိုရီးယား၏ အစိတ်အပိုင်းဖြစ်ကြောင်း ထင်ရှားနေသည့် ဒေါ့ဒိုကျွန်းနှင့် ပတ်သက်သည့် ရန်စသည့်လုပ်ရပ် မှန်သမျှကို ရပ်တန်းက ရပ်သင့်ကြောင်း၊ ထိုကျွန်းမှာ သမိုင်းတစ်လျှောက် ဂျပန်၏ ရန်စကျူးကျော်မှုကို ခံလာခဲ့ရကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင် တရုတ်နှင့် ကိုရီးယားကျွန်း၏ အစိတ်အပိုင်း အတော်များများကို ဂျပန်က သိမ်းပိုက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly