ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀ နီးပါးအလွဲသုံးစားပြုလုပ်ခဲ့သည့်တွေ့ရှိ

ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀ နီးပါးအလွဲသုံးစားပြုလုပ်ခဲ့သည့်တွေ့ရှိ
ရွှေဂုံတိုင်ခုံုးကျော်တံတားပြီးစီးမှု အခြေအနေများကို အပေါ်စီးမှ အောက်တိုဘာလ ၂၉ ရက် ၂၀၁၃ ခုုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ ။               ။ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀နီးပါး အလွဲသုံးစားလုပ်ခဲ့သည်ကိုတွေ့ရှိရကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းက မြန်မာနိုင်ငံစရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာကို ကိုးကားပြီး RFA ကစီစဉ်တင်ဆက်သည့် တနင်္ဂနွေစကားတွင် ပြောကြားသည်။

၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားနှစ်စင်းတွင် စံချိန်စံညွှန်းမမှီဘဲ အရည်အသွေးလျှော့ဆောက်ထားခြင်း၊ပစ္စည်းများ၏ဈေးနှုန်းမှာ ဒေသအတွင်းဈေးနှုန်းများ ထက်များနေခြင်း၊တွက်ချက်မှု မှားယွင်းခြင်း၊လိုအပ်သည်ထက် ပစ္စည်းများပိုဝယ်ထားခြ င်းမျိုးများ တွေ့ရှိရကြောင်း ၎င်းကဆိုသည်။

"ဂုံးကျော်တံတာတစ်စင်းမှာ ကျပ် ၉၃.၃၈သန်းတောင် ပိုတောင်းထားတာတွေ့ရတယ် ဘယ်သူတွေက မှားယွင်းနေလဲကြည့်လိုက်တော့ ရန်ကုန်မြို့တော်စည်ပင်က ကျပ် ဝ.၁၄သန်း ၊ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီက ကျပ် ၅.၆၅၇သန်း၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၈၇.၅၈၇သန်း ကို စရင်းစစ်ချုပ်ရုံးက တွေ့ရှိထားတာဖြစ်တဲ့အတွက်ဒီငွေတွေကို ပြန်သွင်းပေးပါလို့ပြောထားတာကို တွေ့ရပါတယ်။" ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီဖွဲ့စည်းပြီးနောက် လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကိုစိစစ်ပေးနိုင်ရန်အတွက် ၂၀၁၅-၂၀၁၆ခုနှစ် ဘဏ္ဍာရေးနှစ်က စရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာကိုလေ့လာရာမှ ငွေစရင်းအမှားများ၊ငွေစရင်းပြီးသည့်ပုံစံဖြင့် အစိုးရတံဆိပ်တုံးများရိုက်နှိပ်ထားကာ ဘဏ်ကို အမှန်တကယ်ပေးသွင်းမှုမရှိဘဲ ထိန်ချိန်ထားသည့် မသမာမှုပြုသည့်သဘောများကို တွေ့ရကြောင်း ၎င်းကဆိုသည်။

စရင်းစစ်ချုပ်ရုံးအနေဖြင့် ရာနှုန်းပြည်စရင်းများကို စစ်ဆေးနိုင်ခြင်းမရှိဘဲ ခွင့်ပြုရံပုံငွေအများကြီး သုံးထားသည့်ဌာနနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် ဌာနများကိုသာ စစ်ဆေးနိုင်ကြောင်း ရေးသားထား သည်ကိုတွေ့ရကြောင်း၊သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ငွေအမြောက်အများသုံးသည့် စည်ပင်သာယာကို သေသေချာချာစစ်ဆေးရန်လိုကြောင်း ၎င်းကထောက်ပြသည်။

" ကျွန်မစစ်ထားတာမဟုတ်ဘူး စရင်းစစ်ရုံးရဲ့အစီအရင်ခံစာမှာတွေ့နေရတာ မတွေ့တဲ့ အပိုင်းတွေအများကြီးရှိသေးတယ်" ဟု၎င်းက ဆိုသည်။

စရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာတွင် ယင်းကိစ္စများကို ပြုပြင်တည့်မတ်ရန်လိုကြောင်း သာရေးသားထားသည့်အတွက် နောက်အစိုးရလက်ထက်တွင် ထိထိရောက်ရောက်အရေးယူရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly