ဘာစီလိုနာမှထွက်ခွာခဲ့ခြင်းအတွက် နောင်တမရဟု ဆန်းချက်ဇ်ဆို

ဘာစီလိုနာမှထွက်ခွာခဲ့ခြင်းအတွက် နောင်တမရဟု ဆန်းချက်ဇ်ဆို

ဖေဖေါ်ဝါရီ ၂၂၊ ရန်ကုန် ။           ။ အာဆင်နယ်နှင့်ဘာစီလိုနာတို့တွေ့ဆုံမည့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်က ဘာစီလိုနာမှ ထွက်ခွာခဲ့သည့်အတွက် နောင်တမရ ဟုပြောခဲ့သည်။

ချီလီလက်ရွေးစင်တိုက်စစ်မှူး ဆန်းချက်ဇ်မှာ ၂၀၁၄ ဇူလိုင်လအတွင်းက ဘာစီလိုနာမှ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး အာဆင်နယ်အတွက် ၇၇ပွဲကစားထားကာ ၃၅ဂိုး သွင်းယူထားနိုင်သည်။

“ကျွန်တော့်ဆုံးဖြတ်ချက်အတွက်ဘယ်တော့မှ နောင်တမရပါဘူး။ ဘာစီလိုနာက ထွက်ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။ ကစားသမားအများစုက အသင်းတစ်သင်းတည်းမှာပဲကစားလိုကြတယ်။ ကျွန်တော်ကတော့အသင်းသစ်၊ နေရာသစ်တွေမှာ အတွေ့အကြုံသစ်တွေရလိုပါတယ်။”ဟု ဆန်းချက်ဇ်က ပြောသည်။

ဆန်းချက်ဇ်မှာ ဘာစီလိုနာအသင်းအတွက် ၁၄၁ပွဲကစားခဲ့ပြီး ၄၇ ဂိုးသွင်းခဲ့ကာ လာလီလာအမှတ်ပေးချန်ပီယံ တစ်ကြိမ်၊ ကိုပါဒယ်ရေးဖလားတစ်ကြိမ်၊ စပိန်စူပါဖလားနှစ်ကြိမ်၊ ဥရောပစူပါဖလားတစ်ကြိမ်၊ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ တစ်ကြိမ်ရခဲ့ဖူးသည်။

အာဆင်နယ်နှင့်ဘာစီလိုနာအသင်းတို့မှာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်အဖြစ် ဖေဖေါ်ဝါရီ ၂၃ ရက်တွင် အမ်းမရိတ်ကွင်း၌ ကစားရမည်ဖြစ်ပြီး အသင်းဟောင်းကို ဂိုးသွင်းနိုင်ပါက အောင်ပွဲခံရန်၊ မခံရန်မှာ ပွဲအခြေအနေအပေါ်မူတည်သည်ဟု ဆန်းချက်ဇ်ကပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly