လွန်ခဲ့သည့်ငါးနှစ်အတွင်း တရုတ်၏ လက်နက်တင်ပို့မှု နှစ်ဆနီးပါးမြင့်တက်ခဲ့

လွန်ခဲ့သည့်ငါးနှစ်အတွင်း တရုတ်၏ လက်နက်တင်ပို့မှု နှစ်ဆနီးပါးမြင့်တက်ခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ။          ။ လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်ပသို့ တရုတ်၏လက်နက်တင်ပို့မှုမှာ နှစ်ဆနီးပါးမြင့်တက်ခဲ့သည်ဟု စစ်ဘက်ပညာရှင်အဖွဲ့က ဖေဖော်ဝါရီ ၂၂ တွင် ပြောကြားသည်။

ကမ္ဘာ့ တတိယမြောက် အကြီးမားဆုံးလက်နက်တင်ပို့ရောင်းချသူ တရုတ်သည် အဆင့်မြင့်လက်နက်များထုတ်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးငွေများစွာ ပုံအောထားသည်။

၂၀၁၁မှ ၂၀၁၅အတွင်း ပြည်ပမှ လက်နက်တင်သွင်းမှုမှာ ယခင်ငါးနှစ်တာကာလနှင့် နှိုင်းယှဉ်လျင် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ယင်းသို့ကျဆင်းမှုမှာ အဓိကနယ်ပယ်များတွင် အားနည်းချက်များ ရှိနေသည့်တိုင် ပြည်တွင်းဖြစ်လက်နက်များအပေါ် ယုံကြည်မှုတိုးလာသည့် လက္ခဏာဖြစ်သည်ဟု စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျု (SIPRI)က ကမ္ဘာလုံးဆိုင်ရာ လက်နက်များလွှဲပြောင်းမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အပေါ့စားလက်နက်အများစုမပါဝင်သော တရုတ်၏ အကြီးစားလက်နက်တင်ပို့မှာ ၂၀၁၁မှ ၂၀၁၅ကာလတွင် ယခင်ငါးနှစ်တာကာလထက် ၈၈ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု SIPRI ကဖော်ပြသည်။

တရုတ်၏ လက်နက်တင်ပို့မှုမှာ ၂၀၁၁မှ ၂၀၁၅အတွင်း ကမ္ဘာလုံးဆိုင်ရာလက်နက်တင်ပို့မှု၏ ၅ဒသမ၉ရာခိုင်နှုန်းရှိပြီး အမေရိကန်နှင့် ရုရှားတို့ပြီးလျင် တတိယမြောက်အကြီးမားဆုံးတင်ပို့သူဖြစ်သည်။

"လွန်ခဲ့တဲ့ ၁၀လောက်ကအထိတော့ တရုတ်က နည်းပညာနိမ့်တဲ့ လက်နက်တွေကိုသာ တင်ပို့နိုင်ခဲ့ပါတယ်။ ခုတော့ ပြောင်းလဲသွားပါပြီ"ဟု SIPRI လက်နက်နှင့် စစ်ဘက်အသုံးစရိတ်အစီအစဉ်မှ အကြီးတန်းသုတေသီ ဆီမွန်ဝေဇေမန်က ပြောသည်။

"သူတို့(တရုတ်)ထုတ်လုပ်တဲ့လက်နက်တွေက လွန်ခဲ့တဲ့ ဆယ်နှစ်ကထက် အများကြီးအဆင့်မြင့်ပါတယ်။ ကြီးမားတဲ့ဈေးကွက်အချို့ကလည်း စိတ်ဝင်စားကြပါတယ်"ဟု ၎င်းကပြောသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတွင် ကြီးမားလာသည့် ၎င်း၏ရည်မှန်းချက်များကို ဖြည့်ဆည်းရေးအတွက် ပြည်တွင်းဖြစ်လက်နက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဘီလျံပေါင်းများစွာ ရင်းနှီးမြုပ်နှံ့ထားသည်။

၂၀၁၅က တရုတ်၏ စုစုပေါင်းစစ်အသုံးစရိတ်ဘတ်ဂျက်မှာ ယွမ် ၈၈၉ဒသမ၉ ဘီလျံ(ပေါင် ၉၈ဒသမ၁၉ဘီလျံ) ရှိပြီး ယခင်တစ်နှစ်ကထက် ၁၀ရာခိုင်နှုန်းပိုသည်။

တရုတ်၏လက်နက်အများစုကို အာရှနှင့် ပစိဖိတ်ကျွန်းနိုင်ငံများသို့ ရောင်းချရရပြီး ပါကစ္စတန်က ရောင်းချရသည့် တရုတ်လက်နက်များ၏ ၃၅ ရာခိုင်နှုန်းကို ဝယ်ယူသည်။ ပါကစ္စတန်၏ နောက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly