သမ္မတကို စီးပွားရေးဖွံ့ဖြိုးမှုပိုင်း အကြံပေးရတဲ့ ပုဂ္ဂိုလ် ဦးတင်ထွဋ်ဦးနဲ့ တွေ့ဆုံခြင်း

21 February 2016
သမ္မတကို စီးပွားရေးဖွံ့ဖြိုးမှုပိုင်း အကြံပေးရတဲ့ ပုဂ္ဂိုလ် ဦးတင်ထွဋ်ဦးနဲ့ တွေ့ဆုံခြင်း

ဒီတစ်ပါတ် 7 Minutes အစီစဉ်ကနေ တွေ့ဆုံမေးမြန်းထားသူကတော့ အမျိုးသားစီးပွားရေးနဲ့ လှုမှုရေးအကြံပေးကောင်စီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ဖြစ်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ သမ္မတကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအကြံဉာဏ်တွေပေးခဲ့လဲ။ အပြောင်းအလဲတွေ ဘာတွေ လုပ်နိုင်ခဲ့လဲ၊ စိန်ခေါ်မှုတွေက ဘာတွေလဲ စတာတွေကို သိရအောင် မဇ္ဈိမက တွေ့ဆုံ မေးမြန်းထားတာပဲ ဖြစ်ပါတယ်။

မဇ္ဈိမ ။ ။ ဦးတင်ထွဋ်ဦး မင်္ဂလာပါရှင်။ ကျွန်မတို့ 7 Minutes အစီစဉ်ကို အချိန်ပေးတာကိုလည်း ကျွန်မတို့ အစီစဉ်ကနေ ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မ အရင်ဦးဆုံး မြန်မာနိုင်ငံမှာ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံဖြိုးတိုးတက်ဖို့ဆိုတာကနေ စပြီးတော့ ဆွေးနွေးသွားချင်ပါတယ်ရှင်။ ကျွန်မအရင်ဦးဆုံး သိချင်တာက ဦးတင်ထွဋ်ဦးက အမျိုးသား စီးပွားရေးနဲ့ အကြံပေး ကောင်စီမှာ ဥက္ကဋ္ဌ ဖြစ်တာဝန်ယူထားတယ်ဆိုတော့ ဒီသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုအရာတွေကို အကြံပေးခဲ့ရလဲ။ ဘယ်လိုအရာတွေ လုပ်ဆောင်ခဲ့လည်းဆိုတာ ပြောပြပေးပါရှင့်။

ဦးတင်ထွဋ်ဦး ။ ။ ကျွန်တော်တို့အဖွဲ့ စပြီးတည်ထောင်ကတည်းက အရေးအကြီးဆုံးကိစ္စ ကျွန်တော်တို့ ဆောင်ရွက်ပြီးတော့ အစိုးရကို ပူးပေါင်း ဆောင်ရွက်ခဲ့တာတော့ ဒီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စဆွဲတဲ့အချိန်ဖြစ်တယ်။ အဲတုန်းက ကျွန်တော်တို့ အဖွဲ့က ဒီဥပဒေကြမ်းပေါ်မှာ တော်တော်လေး အားထုတ်ပြီးတော့ ကူညီဆောင်ရွက်ခဲ့ပါတယ်။ ဒါကလည်း အထူးသဖြင့်တော့ ပုဂ္ဂလိက ကဏ္ဍအတွက် တော်တော်လေး အရေးကြီးတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ နောက် ဒီအဖွဲ့မှာ ပုဂ္ဂလိက အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေလည်း အဖွဲ့ဝင်အဖြစ်ပါပါတယ်။ ပါဝင်တဲ့အတွက် အဓိက ကျွန်တော်တို့က ဒီ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပုဂ္ဂလိက ကဏ္ဍကနေပြီးတော့ ဘယ်လို ပူးပေါင်းပါဝင်မလဲဆိုတဲ့ဟာကိုလည်း အဓိက ဦးစားပေးပြီးတော့ လိုအပ်တဲ့ ဆွေးနွေးပွဲတွေ နောက်တစ်ခါ လိုအပ်တဲ့ အကြံပေးမှုတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါ အဲဒီလိုလုပ်တဲ့ အခါမှာလေ စိန်ခေါ်မှုတွေ အခက်ခဲတွေ ရှိခဲ့တယ်ဆိုရင်လည်း ကျွန်မကို သာဓက အနေနဲ့ နည်းနည်းလောက် ပြောပြပေးပါလား။

ဦးတင်ထွဋ်ဦး ။ ။ အားလုံးကို ကျွန်တော်တို့က တစ်ချိန်တည်း တစ်ပြိုင်တည်း ပြုပြင်ပြောင်းလဲနေတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်အခက်ခဲတွေ စိန်ခေါ်မှုတွေတော့ ရှိတာပေ့ါနော်.။ အထူးသဖြင့်တော့ ဒီပုဂ္ဂလိက ကဏ္ဍဘက်မှာလည်းပဲ စွမ်းဆောင်ရည်တိုးမြင့်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးဖို့ကလည်း တော်တော်လေး အရေးကြီးတဲ့ ဒါ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ အဲတော့ အစိုးရက နိုင်ငံရေး  စီးပွားရေး အုပ်ချုပ်ရေးတွေကို လုပ်နေတာနဲ့ တစ်ပြိုင်တည်း ဒီ စတ္တုထ အနေနဲ့တော့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေးကို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။ ကျွန်တော်တို့က ပုဂ္ဂလိ ကဏ္ဍ ပိုပြီးတော့ Capacity  မြင့်လာအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ဟာကိုလည်း အမြဲတမ်းကျွန်တော်တို့က ဦးစားပေးပြီးတော့  ဒါကို အာရုံစိုက်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီမှာ အရေးကြီးတဲ့ Round table  တစ်ခုလည်း လုပ်ခဲ့ပါတယ်။ အဲမှာ ကျွန်တော်က inclusive business ပေါ့။ အားလုံး business တွေက ဘက်ပေါင်းစုံကနေ ပါဝင်ပြီးတော့ နိုင်ငံတော် ဖွံ့ဖြိုးရေးမှာလည်းပဲ ဘယ်လိုပါဝင်ကူညီမလဲ။ တစ်ချိန်တည်းမှာ သူတို့ စီးပွားရေးလည်း တိုးတက်မယ် တိုင်းပြည်ရဲ့ စီးပွားရေးလည်းတိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဟာလေးကိုတော့ ဆောင်ရွက်တဲ့အခါမှာ ဒီပုဂ္ဂလိက ကဏ္ဍ genevents တွေပေါ့နော်။ ဒါတွေကို ကောင်းလာဖို့ ကိုလည်း ဆောင်ရွက်ရတာကတော့ တော်တော်လေး စိန်ခေါ်မှုတစ်ရပ် လို့ခေါ်ပါတယ်။

မဇ္ဈိမ ။ ။ ဟုတ်ကဲ့ ဒီလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကော အထူးတလည် လုပ်ဆောင်ခဲ့တာတွေ ရှိလာရှင့်။

ဦးတင်ထွဋ်ဦး ။ ။ လယ်ယာကဏ္ဍမှာတော့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ကော အခြားလိုအပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ကော ဆောင်ရွက်ပေးနိုင်ခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ ပထမဆုံးအကြိမ်စပြီးတော့ မြေယာနဲ့ ပတ်သက်တဲ့ national level ပေါ့ အမျိုးသားအဆင့် ဆွေးနွေးပွဲကြီးတစ်ခုကို ကျွန်တော်တို့ ကျင်းပနိုင်ခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ မြေယာနဲ့ ပတ်သက်တဲ့ အမြင်တွေကတော့ အမျိုးမျိုုး ရှိကြတာပေါ့။ NGOတွေ၊ INGO တွေ နောက်တစ်ခြား လူမှုအဖွဲ့စည်းတွေ အစိုးရအဖွဲ့စည်းတွေ အစ ပထမပိုင်းမှာ အမြင်တွေ တော်တော် ကွဲကွဲပြားပြားနဲ့ ပြောဆိုခဲ့ကြတာပေါ့နော်။ ဒါတွေကို state holder အားလုံးကို တစ်ချိန်တည်း တစ်နေရာတည်းမှာ စုစည်းပြီးတော့ စပြီး အမြင်ဖလှယ်နိုင်ဖို့ကို national level တွေ မြေယာမှုဝါဒနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခု လုပ်ပေးနိုင်ခဲ့ပါတယ် ခင်ဗျ။ ဒါဟာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုလို့ ပြောရမယ်။

မဇ္ဈိမ ။ ။ လယ်ယာကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်မယ်။ ပုဂ္ဂလိက ကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်ဖို့ ဒီဥပဒေပြုရေး အပိုင်းတွေကို ပြောပါဆိုရင် လိုအပ်ချက်ရှိတဲ့ နေရာလေးတွေနည်းနည်းလောက် ထောက်ပြ ပြောဆိုပေးပါလားရှင်။

ဦးတင်ထွဋ်ဦး ။ ။ အဲတော့ လယ်ယာကဏ္ဍနဲ့တဲ့ဟာ နှစ်ပိုင်းပေါ့နော်။ တစ်ပိုင်းကတော့ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ပထမဆုံးကတော့ institution အပိုင်းတွေကို ပြန်ပြင်ရပါတယ်။ ဟိုတုန်းက အပိုင်းတွေကို ကျွန်တော်တို့ ရှိခဲ့တဲ့ နိုင်ငံပိုင်အဖွဲ့စည်းတွေကို ပြန်လည်ပြုပြင် ပြောင်းလဲပြီးတော့ ဒီပုဂ္ဂလိက ကဏ္ဍကို private လုပ်သင့်တဲ့ အပိုင်းတွေကို လုပ်ရတယ်။  နောက်တစ်ခုက ဌာနပုံစံတွေ ပြန်ဖွဲ့စည်းရတယ်ပေါ့နော်။ ဒါကိုဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ဒါတွေကို ဆောင်ရွက်တာနဲ့ တစ်ပြိုင်တည်းမှာပဲ အခြားလိုအပ်တဲ့ ဥပဒေပြုပိုင်းဆိုင်ရာတွေလည်း လုပ်ခဲ့ပါတယ်။ အဲတော့ မြေယာဥပဒေရယ် နောက်မြေလွတ် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ ဒီအရာ မြေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ဥပဒေနှစ်ရပ်နဲ့ သက်ဆိုင်ရာ နည်း ဥပေဒေကို ဆောင်ရွက်ခဲ့တာပေါ့နော်။ နောက် ပြုပြင်ဖို့လိုတဲ့ တစ်ချို့ ခေတ်မမီတော့တဲ့ ဥပဒေလေးတွေ ပြန်ပြင်တာတွေ ရှိတယ်။ မျိုးစေ့ ဥပဒေဆောင်ရွက်ခဲ့တယ်။ ပိုးသတ်ဆေးတို့ ဓာတ်မြေသြဇာတို့နဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုလည်း လိုအပ်တဲ့ အပိုင်းတွေကို ပြန်လည်ပြုပြင်ခဲ့တယ်။ အခုနောက်ဆုံးမှာတော့ သီးနှံမျိုးရိုးတွေကို ကာကွယ်ပေးတဲ့ သီးနှံဗီဇတွေနဲ့ ပတ်သက်လို့ သီးနှံမျိုးကွဲတွေကို ထုတ်လုပ်တဲ့အခါမှာ ဘယ်လို ဥပဒေနဲ့ ကာကွယ်ပေးမလဲဆိုတာ ဥပဒေကို ထုတ်ခဲ့ပါတယ်။ နောက်ဒီဟာတွေကိုတစ်ဖက် institution ပြောင်းတာရယ် legal structure တွေပြောင်းတာရယ်ကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ အားနည်းနေသေးတာတော့ ဒီ ဥပဒေတွေကို တကယ့်လူတွေလိုက်နာဖို့ ဆောင်ရွက်ပေးမှု အပိုင်းမှာတော့ ဒါက ဆက်ပြီး ဆောင်ရွက်ပေးဖို့လိုပါတယ်။

မဇ္ဈိမ ။ ။ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော်။ ဒီကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှု ရရှိရမယ်ဆိုတဲ့အပေါ်မှာ ဦးတင်ထွဋ်ဦး အနေနဲ့ ဘာများ ဆွေးနွေးချင်ပါသလဲ ရှင်။ အဲလိုပြောမယ်ဆိုရင်ပေါ့။

ဦးတင်ထွဋ်ဦး ။ ။ အဓိက ကျွန်တော်တို့ရဲ့ နိုင်ငံက ဟိုလယ်ယာကဏ္ဍကို တော်တော်လေး အားထားရဆဲပဲ နောက်တစ်ခု GDP contribution ကိုပဲကြည့်ကြည့်  ပြည်ပတင်ပို့မှုကိုပဲကြည့်ကြည့် ပုဂ္ဂလိက ကဏ္ဍကလည်း အရေးကြီးပါတယ်။ လယ်ယာကဏ္ဍမှာတကယ်ဆောင်ရွက်နေတာကတော့ အခု တစ်ဖြေးဖြေး ပီပြင်လာတာက ဘာလဲဆိုရင် လယ်ယာက ကဏ္ဍရဲ့ စီးပွားရေး လုပ်ငန်းတွေ အားလုံးဟာ ပုဂ္ဂလိက ကဏ္ဍ လက်ထဲမှာပဲ ရှိတယ်။ နိုင်ငံတော်အစိုးရက တဖြေးဖြေးနဲ့ သူက research and development အပိုင်းကို ပိုလုပ်မယ်။ နောက် အခုနက ဥပဒေတွေ နည်းဥပဒေတွေနဲ့ ထိန်းကျောင်းတဲ့ အပိုင်းကို ပိုလုပ်မယ်။ ဒါပေမယ့် တကယ့်စီးပွားရေးနဲ့ တကယ့်ဖြစ်အောင်လုပ်ရမှာတော့ ပုဂ္ဂလိက လုပ်ရမယ်ဆိုတဲ့ အပိုင်းက ပိုပြီးတော့ ပီပြင်လာတာပေါ့။ အဲတော့ ပိုပြီး ပီပြင်လာတာနဲ့ အမျှ ဒီပုဂ္ဂလိက ကဏ္ဍ လုပ်နိုင်ကိုင်နိုင်မယ့် အခြေနေတွေကို ဖန်တီးပေးဖို့ကလည်း ဒါအစိုးရရဲ့ အဓိက တာဝန် ဖြစ်လာတာပေါ့နော်။ အဲတော့ အရေးကြီးဆုံးက ရှေ့ဆက်သွားရမှာတော့ ဒီ ပုဂ္ဂလိက ကဏ္ဍနဲ့ အစိုးရ လုပ်ငန်းဌာနတွေနဲ့ ဟန်ချက်ညီအောင် ဘယ်လိုပေါင်းစပ်ပြီး ဆောင်ရွက်သွားမလဲဆိုတာ အရေးကြီးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags