အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနအား ဆက်ထား၊ မထား မဆုံးဖြတ်ရသေး

အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနအား ဆက်ထား၊ မထား မဆုံးဖြတ်ရသေး
(ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

ရန်ကုန်၊ ဇေဖော်ဝါရီ ၂၁ ။           ။ လာမည့် ဧပြီ ၁ရက်တွင် တက်လာမည့် အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနအား မည်သို့ လုပ်ဆောင်သွားမည်ကို ယနေ့ထိ မစဉ်းစားရသေးကြောင်း ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အောင်နိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်က ပြောသည်။

၎င်းက ဖေဖော်ဝါရီ ၂၁ရက်က ရန်ကုန်မြို့ နိုဗိုတယ်မက်စ် ဟိုတယ်တွင် မဇ္ဈိမမီဒီယာ နှင့် Action Aid Myanmar တို့က ဦးစီးကျင်းပသော မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခြင်းဖြစ်သည်။

''ပြန်ကြားရေး ဆိုတာ နိုင်ငံတစ်ခုအတွက်၊ အစိုးရတစ်ခုအတွက် မရှိမဖြစ်ပဲ။ တို့ကတော့ လိုအပ် တယ်လို့ထင်တယ်။ အစိုးရဖွဲ့ပြီးရင်တော့ မပြောတတ်ဘူး၊ လူကြီးတွေပေါ်မှာလည်း မူတည်လိမ့်မယ်။ ဒီအတိုင်းဆက်ထားမလား၊ ပုဂ္ဂလိက ပေးမလား၊ အများပိုင်လုပ်မလားဆိုတာ အခုချိန်ထိကို မစဉ်းစား ရသေးဘူး။ တို့မှာလုပ်စရာက အများကြီးလေ။ ပြန်ကြားရေးကို တခြားဝန်ကြီးဌာနတွေနဲ့ ပေါင်းပြီးလည်း လုပ်လို့ရနိုင်တယ်။ ပြန်ကြားရေးကို သမ္မတရုံးလက်အောက်မှာ ထားလို့ ရနိုင်တယ်။ ပြည်ထောင်စု အစိုးရရဲ့လက်အောက်မှာထားလို့ရတယ်။'' ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။

မုံရွာအောင်ရှင်က အစိုးရသစ်လက်ထက် မီဒီယာများအားလုံးကို ပုဂ္ဂလိကချပေးခဲ့လျှင် တစ်ဦး၊ တစ်ယောက်ထဲက ချုပ်ကိုင်ထားခြင်းမျိုး မဖြစ်စေဘဲ ခရိုနီတစ်ယောက်ထဲမှ သတင်းစာ နှစ်စောင်၊ သုံးစောင်ပိုင်ခြင်း ရုပ်သံနှစ်ခု၊ သုံးခုပိုင်ခြင်းမျိုး မဖြစ်သင့်ကြောင်း ထိုသို့ဖြစ်ကုန်လျှင် ယင်းခရိုနီများ၏ အာဘော်များသာ ဖြစ်ကုန်လိမ့်မည်ဟု သုံးသပ်သည်။

သတင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိရန် လုပ်ဆောင်နေသည့် Article 19's အဖွဲ့မှ ဒေါ်ယဉ်ရတနာသိမ်းက နိုင်ငံတော်ပိုင်မီဒီယာများနှင့် ပတ်သက်ပြီး သတင်းမီဒီယာသမားများအား အစိုးရက ဆက်လက်ထိန်းချုပ်မလား၊ ရောင်းထုတ်မလား၊ ပြည်သူ့ဝန်ဆောင်မှု မီဒီယာအဖြစ်ပြောင်း မလားဟု စစ်တမ်းကောက်ယူခဲ့ရာ အများစုက ပြည်သူ့ဝန်ဆောင်မှုမီဒီယာ အဖြစ် ပြောင်းဖို့ အကြံပြု ခဲ့သည်ဟုဆိုသည်။

မြန်မာသတင်းမီဒီယာကောင်စီမှ အထွေထွေအတွင်းရေးမှူး ဦးသီဟစောကလည်း ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်တွင် သတင်းစာလုပ်ငန်းအပြင် ရုပ်ရှင်လုပ်ငန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းကဲ့သို့ အခြားဌာနများလဲရှိပြီး ယင်းတို့ကိုပြောင်းလဲရာတွင် မူဝါဒပိုင်းမှာ အစိုးရသစ်ကသာ ချမှတ်ရမည်ဟု မဇ္ဈိမသို့ ပြောကြားသည်။

''ဒီနေ့က လာမယ့်အစိုးရသစ်လက်ထက်မှာ မီဒီယာပေါ်လစီဘယ်လိုဖြစ်သင့်လဲဆိုတာ ဆွေးနွေးကြ တာပါ။ ယေဘူယျပြောမယ် ဆိုရင် အစိုးရသတင်းစာမှာ လူအင်အား ငွေအင်အား ချိတ်ဆက်ပြန့်နှံ့မှု အားတွေကို ပုဂ္ဂလိကပြောင်းမယ် ဆိုရင် ပိုက်ဆံအရမ်းချမ်းသာတဲ့ လူလက်ထဲရောက်သွားရင်လဲ ကစားကွင်းက အဆင့်မညီဘူးဖြစ်သွားမယ်။ NLD က မူဝါဒအစီအစဉ်ချရမှာဆိုတော့ အချက်အလက် တွေဝိုင်းပြီးတော့ ကူညီအကြံပေးကြရမယ်။ ခုလိုဆွေးနွေးပွဲတွေများများလုပ်ဖို့လိုတယ်။ အဖြေက တော့ တခါတည်းနဲ့ရလာမှာမဟုတ်ဘူး။ ညင်သာမှုအရှိဆုံးနဲ့ပြဿနာအနည်းဆုံး ဖြစ်အောင်ပြောင်းရ မှာပေါ့။ မူဝါဒပိုင်းကတော့ အစိုးရသစက ချမှတ်ရမှာပါ။'' ဟ ၎င်းက ဆိုသည်။

မြန်မာမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က ပုဂ္ဂလိက ပြောင်းပြောင်း၊ အများပိုင်ပြောင်းပြောင်း နောက်အစိုးရအဖွဲ့အနေနှင့် လုပ်သင့်တာက သက်ဆိုင်ရာနယ်ပယ်မှ တတ်သိပညာရှင်များ အားလုံးနှင့် ဆွေးနွေးတိုင်ပင်လုပ်သင့်ပြီး ယခင်အစိုးရလက်ထက်က ဓါတ်ဆီဆိုင်များ ပုဂ္ဂလိကချပေးသကဲ့သို့ မဖြစ်စေရန် အရေးကြီးကြောင်း ခရိုနီများမှာ ဓါတ်ဆီဆိုင်ဖွင့်ရန်ထက် မြေနေရာလိုချင်၍ ဖွင့်တာမျိုးမဖြစ်စေရန် အကြံပြုခဲ့သည်။

မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် အစိုးရဖြစ်လာတော့မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးအောင်ရှင်၊ မြန်မာနိုင်ငံက မီဒီယာတွေအတွက် အထောက်အပံ့ပေးနေတဲ့အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာမီဒီယာအထောက်အပံ့(IMS)၊ Action Aid၊ မြန်မာဂျာနယ်လစ်အင်စတီကျု၊ Internews ကဲ့သို့သော မီဒီယာ အဖွဲ့အစည်းများ၊ သံရုံးတာဝန်ရှိသူများ နှင့် မီဒီယာသမားများ တက်ရောက်ဆွေးနွေး အဖြေရှာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly