ဘိန်းခင်းဖျက်ဆီးရေး နေပြည်တော်သို့ သွားရောက်ဆွေးနွေးနေ

ဘိန်းခင်းဖျက်ဆီးရေး နေပြည်တော်သို့ သွားရောက်ဆွေးနွေးနေ
ဓာတ်ပုံ-အီးပီအေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ။ ။ ကချင်ပြည်နယ်အတွင်း တားဆီးခံထားရသည့် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့များ ရှေ့ဆက်ကာ ဘိန်းခင်းများ သွားရောက်ဖျက်ဆီးနိုင်ရေး နေပြည်တော်သို့ သွားရောက်ဆွေးနွေးနေသည်ဟု လက်ရှိတားဆီးခံနေရသည့် ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ ကျန်းမာရေးမှူး ဦးဂမ်အောင်က ဖေဖော်ဝါရီ ၂၁ရက်တွင် မဇ္ဈိမကို ပြောသည်။

"ဘိန်းခင်းတွေဖျက်တဲ့ကိစ္စ ရှေ့ဆက်လုပ်နိုင်ဖို့ ကချင်ဘာသာရေးခေါင်းဆောင်တွေ နေပြည်တော်သွားနေတယ်။ ကာလုံနဲ့သွားပြီး ဆွေးနွေးတယ်လို့သိတယ်။ ဘာသာရေးခေါင်းဆောင် ၃ဦးသွားတယ်။" ဟု ၎င်းကဆိုသည်။

ဘိန်းခင်းဖျက်ဆီးနိုင်ရေးအတွက် သွားရောက်ဆွေးနွေးသည့် အဖွဲ့အစည်းကို ကာလုံဟုသာသိရှိရပြီး မည်သူများ ပါဝင်လက်ခံဆွေးနွေးမည်ကို တားဆီးခံထားရသည့် ဘိန်းခင်းတိုက်ဖျက်ရေး အဖွဲ့ဝင်များက အတိအကျ သိရှိထားခြင်းမရှိပေ။

ဘိန်းခင်းဖျက်သိမ်းနိုင်ရေးအတွက် သွားရောက်ဆွေးနွေးသည့် ကချင်ဘာသာရေးခေါင်းဆောင် ၃ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ယင်းကိစ္စနှင့် ပက်သက်ပြီး ပြန်လည် ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်း နှင့် သတင်းထုတ်ပြန်မှုမပြုလုပ်စေလိုကြောင်းသာ မဇ္ဈိမသို့ ပြန်လည်ဖြေကြားသည်။

ဘိန်းခင်းများကို ဖျက်ဆီးသည့် လူထုအခြေပြုအဖွဲ့က ချီဖွေ၊ ပန်ဝါ၊ ဆဒုံးနှင့် ကန်ပိုက်တီး မြို့နယ်ခွဲများမှကျန်ရှိ သည့် ရွာပေါင်း ၂၃ရွာအတွင်းရှိ ဘိန်းခင်းများဖျက်ဆီးရန် သွားရောက်သည့် အင်အား ၁၂၀၀ကျော်ရှိသည့်အဖွဲ့ ကို ဖေဖော်ဝါရီလ ၁၆ရက်မှစတင်ပြီး တပ်မတော်က လုံခြုံရေးအရဟုဆိုက ာတားဆီးထားခြင်းလည်း ဖြစ်သည်။

ယခုတားဆီးခံနေရသည့် အင်အား ၁၂၀၀ကျော်ရှိသည့် ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့က ပန်ဝါမြို့ စငေါ်ချောင်း အရှေ့မြောက်တစ်လျောက်မှ ရှမ်းဖြူရွာအထိရှိနေသည့် ဘိန်းခင်းဧက ၈၀၀ကို ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ ကျန်ရှိ နေသည့်ရွာများမှ ဘိန်းခင်းများကိုဖျက်ဆီးရန် သွားရောက်ရာတွင်ပင် တားဆီးခံရခြင်းလည်းဖြစ်သည်။

သွားရောက်ရန်တားဆီးခံရသည့် မော်စီတုန်းရွာ၊ တာကျာဟော်ရွာနှင့် လငန်အပါအဝင် တရုတ်ပြည်နယ်စပ် အထိရှိနေသည့် ယင်းရွာပေါင်း ၂၃ရွာ တွင် ဘိန်းခင်းဧကပေါင်း ၁၀၀၀ ကျော်အထိ ရှိနေသည်ဟု ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့ကခန့်မှန်းထားသည်။ ယင်းဒေသများသည့် နယ်ခြားစောင့်တပ်နှင့် ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့တို့ လှုပ်ရှားသည့်နယ်မြေများလည်းဖြစ်သည်ဟု ဦးဂမ်ဆောင်ကဆိုသည်။

လူထုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့က ကချင်ပြည်နယ်အတွင်း ဘိန်းခင်းများဖျက်ဆီးရေးအတွက် အဖွဲ့ ၅ဖွဲ့ခွဲကာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

တနိုင်းမြို့နယ်အတွင်း လူအင်အား ၅၀၀၊ စွမ်ပရာဘွမ်တွင် အင်အား ၃၀၀၊ ပူတာအိုတွင် အင်အား ၄၀၀၊ ဆဒုံးတွင် အင်အား ၁၂၀၀ကျော်နှင့် ချီဖွေတွင် အင်အား ၃၀၀ကျော်သို့အသုံးပြုကာ ဘိန်းခင်များကို လိုက်လံ ဖျက်ဆီးနေခြင်းဖြစ်သည်။

၎င်းတို့အဖွဲ့များက ကချင်ပြည်နယ်အတွင်းရှိ ဘိန်းခင်းများဖျက်ဆီးခြင်းကို ၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ ခြင်းဖြစ်သည်။ ယခုကာလသည် ဘိန်းအစေးခြစ်ယူချိန်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly