ဘောလုံးဝါသနာအိုး အသက်အငယ်ဆုံး လွှတ်တော်အမတ်

ဘောလုံးဝါသနာအိုး အသက်အငယ်ဆုံး လွှတ်တော်အမတ်

အသက် ၂၀ အရွယ်ဆိုသည်မှာ ဆယ်ကျော်သက်အရွယ် ကာလစွန်းရုံသာ ရှိသေးသည့် ကာလတစ်ခု ဖြစ်ပါသည်။ သည်အရွယ်မှာ မြန်မာမိန်းခလေး အများစုက ဘာတွေများ လုပ်လေ့လုပ်ထ ရှိပါသလဲ။ မြို့က မိန်းခလေး အများစုကတော့ တက္ကသိုလ်တွေမှာ ပညာသင်ကြားသည့်အရွယ် ဖြစ်ပါသည်။ မပြည့်စုံသူတွေကမူ လုပ်ငန်းခွင် တွေ စတင်ဝင်နေကြသည့် အရွယ်လည်း ဖြစ်၏။ ကျေးလက်တောရွာတွေမှာတော့ အသက် ၂၀ ဆိုပါက ကောက်စိုက်ပျိုးနုတ် လယ်အလုပ်တွေ အတော်လုပ်တတ် ကိုင်တတ်နေသည့် အရွယ် ဖြစ်ပါသည်။  ရှေးယခင်တုန်းက ဆိုရင်တော့ သည်အရွယ်ဆို တချို့ အမျိုးသမီးတွေက အိမ်ထောင်ပြု သားမွေးမှုတွေ ပြုလုပ်နေ ကြသည့်အရွယ် ဖြစ်ပါသည်။ မြန်မာ၏ နောက်ဆုံး မင်းမိဖုရားဟု ပြောရမည့် စုဖုရားလတ်သည် နန်းတက်ပြီး မိဖုရားခေါင်ကြီး ဖြစ်ချိန်မှာ အသက် ၁၉ နှစ်သာ ရှိသည်ဟု ဆိုပါသည်။

အင်္ဂလန်နိုင်ငံ၊ စကော့တလန်က ပက်စလေအရပ်မှာ ကြီးပြင်းလာသူ မဟိုင်ရီဘလက်ခ် (Mhairi Black) ဆိုသူ အသက် ၂၀ အရွယ် မိန်းခလေးကတော့  သူတို့အရပ်က ငယ်ရွယ်သူတို့၏  သဘာဝ ပုံစံအတိုင်း အပြည့်အဝ ကြီးပြင်းလာသူ ဖြစ်သည်။ သူက ဘောလုံးပွဲကြည့်တာကို ဝါသနာကြီးသည်။ Partick Thistle ဆိုသည့် သူတို့ ဒေသနယ်ခံ
ဘောလုံးအသင်း၏ အမာခံ ပရိသတ်တစ်ဦး ဖြစ်၏။ သူတို့၏ ဘောပွဲများကို ရာသီမရွေး ကြည့်ဖို့ လပေးလက်မှတ်တွေပင် ဝယ်ယူထားသူ ဖြစ်သည်။

ဆိုရှယ် မီဒီယာတစ်ခုဖြစ်သည့် တွစ်တာကိုလည်း အသက် ၁၈ နှစ်အရွယ်ကစပြီး မဟိုင်ရီက သုံးပါသည်။ သူ၏ တွစ်တာ စာမျက်နှာမှာလည်း သူ ကြိုက်သည့် ဘောလုံးပွဲများအကြောင်း ခဏခဏ ရေးတတ်ပါသည်။ ယေဘုယျ အားဖြင့် အခြားသက်တူရွယ်တူ မိန်းခလေးများနှင့် မဟိုင်ရီတို့ ဘာမှ ခြားနားမှုမရှိ။

သို့သော် အခြားသက်တူရွယ်တူ မိန်းခလေးများနှင့် သူ၏ ကွာခြားချက်တစ်ခုမှာ သူက အင်္ဂလန် ပါလီမန်အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြောက်ခံရသည့် လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါသည်။

မဟိုင်ရီသည် ၂၀၁၅ ခုနှစ် မေလမှာ ကျင်းပခဲ့သည့် ဗြိတိန်ရွေးကောက်ပွဲမှာ သူ့နယ်မြေ ပက်စလေ (Paisley )ဒေသ၌ အခြားပြိုင်ဘက်များကို မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့ပါသည်။ သူသည် ၁၉ ရာစုနှစ် ပြီးကတည်းက ဗြိတိန်သမိုင်းမှာ အသက်အငယ်ဆုံး လွှတ်တော်အမတ် တစ်ဦးလည်း ဖြစ်ပါသည်။

ငယ်ရွယ်နုနယ်ပျိုမြစ်သူ စကော့တလန်သူ ဗြိတိန်ပါလီမန်အမတ် အမျိုးသမီးလေးက သူ့အကြောင်းကို သူ၏ အင်တာနက်စာမျက်နှာမှာ ယခုလို ခပ်ရိုးရိုးလေးပဲ ရေးသားထားပါသည်။

“ကျမက ပါစလေ မွေးပါတယ်။ ကျမ ဘဝတလျှောက်လုံးလည်း အဲဒီမှာပဲ ကြီးပြင်းခဲ့ပါတယ်။ ကျမက Partick Thistle ဘောလုံးအသင်းရဲ့ တစ်ရာသီလုံံးလက်မှတ်ကို ဝယ်ကြည့်တဲ့သူပါ။  ကျမ မူလတန်းကျောင်းက ဘောလုံးအသင်းမှာ ပထမဆုံး စကန်တဲ့ မိန်းခလေးဖြစ်ကတည်းက ကျမက ဘောလုံးကစားတာကို သိပ်ဝါသနာပါတယ်။ ပြီးတော့ ကျမက ဂီတာတူရီယာတွေကို တီးရတာရော နားထောင်ရတာကိုရော အရမ်းကြိုက်တဲ့သူပါ” သို့သော် သည်လိုဝါသနာတွေ ရှိနေသည့် တစ်ချိန်တည်းမှာပင် သူက နိုင်ငံရေးကို စိတ်ဝင်စားတတ် ပါသည်။ ငယ်ငယ်တည်းက လူမှုအသိုင်းအဝိုင်းမှာ တရားမျှတမှုတွေ ရှိလာရေးကို သူက ပါဝင်ဆောင်ရွက် ချင်နေပြီဟု ဆိုပါသည်။ သူ့အသက်ငယ်ငယ်လေးထဲကပင် အီရတ်စစ်ပွဲကို ဆန့်ကျင်ဖို့ စကော့တလန် လွှတ်တော်ကို ဆန့်ကျင်ဆန္ဒပြသည့်အထဲမှာ ပါဝင်ခဲ့သည်ဟု ဆိုပါသည်။ မဟိုင်ရီ ကြီးပြင်းခဲ့ရာ စကော့တလန် ပါစလေဒေသသည် သာမန်အလုပ်လုပ်သူ လူတန်းစားများ နေထိုင်ရာအရပ် ဖြစ်ပါသည်။

“ဒါကတော့ မြန်မာပြည်က လူတချို့နဲ့ ကွာတဲ့အချက်ပါပဲ။ မြန်မာမှာတော့ ပညာတတ်တဲ့ လူတချို့ကတောင် နိုင်ငံရေးကို ကျနော်မသိပါဘူး မပတ်သက်ပါဘူးလို့ ပြောကြတယ်။ အမှန်တော့ ကိုယ်နေတဲ့နိုင်ငံရဲ့နိုင်ငံရေးကို မသိဘူး ဆိုတာက ကိုယ်အသုံးမကျပါဘူးလို့ ပြောလိုက်သလိုပါပဲ။ နိုင်ငံရေးဆိုတာ မြန်မာပြည်က လူတွေ ထင်နေသလို အစိုးရကို ဆန့်ကျင်ဖို့တစ်ခုတည်းမှ မဟုတ်တာ။ ကိုယ့်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမှုအသိုင်းအဝိုင်း မှာ လိုအပ်တာတွေကို
ဖြည့်ဆည်းတာ တိုးတက်အောင် လုပ်တာကလည်း နိုင်ငံရေးပါပဲ“ ဟု အင်္ဂလန်နိုင်ငံမှာ လူမှုရေးသိပ္ပံဘာသာရပ်ဖြင့် ပညာသင်ကြားနေသူကျောင်းသူ မအိစံက ပြောပါသည်။ မအိစံက ဗြိတိန် ရွေးကောက်ပွဲမှာဝါရင့် နိုင်ငံရေးသမားတွေကို အနိုင်ရခဲ့သည့် မဟိုင်ရီကို အားကျလေးစားသူတဦးဟု ဆိုပါသည်။

ငယ်ငယ်ထဲက လူမူအသိုင်းအဝိုင်းမှာ တရားမျှတမှုများ ရှိလာရေးကို စိတ်ဝင်စားသည့် မဟိုင်ရီသည် အထက်တန်းကျောင်းတက်စဉ်မှာရော၊ တက္ကသိုလ်တက်ချိန်မှာရော သူ့စိတ်ဝင်စားမှုများကို လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်ခဲ့သည်။ သူက ဂလက်စဂေါ တက္ကသိုလ်မှာ နိုင်ငံရေးနှင့် ပြည်သူရေးရာ ဘာသာရပ်ကို
ရွေးချယ်သင်ယူခဲ့၏။ ယခုအချိန်ထိလည်း နောက်ဆုံးနှစ်ကို တက်ရောက်နေတုန်း ဖြစ်ပါသည်။

နိုင်ငံရေးဆိုသည်မှာ လူတွေ၏ဘဝမှာ နေရာတိုင်း ပုံစံအမျိုးမျိုးနှင့် ကျယ်ကျယ်ပြန့်ပြန့် ပတ်သက်နေသည် ဟု မဟိုင်ရီက ဆိုပါသည်။ ထို့ကြောင့် သူကငယ်ငယ်လေးထဲက Oxfam ကဲ့သို့နိုင်ငံတကာအဖွဲ့အစည်းများမှာ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင် ဗြိတိန်ကနေ စကော့တလန် ခွဲထွက်ခွင့် ရှိမရှိ ဆန္ဒ ခံယူပွဲများ၊ အခြား ပွဲလမ်းအခမ်းအနားတွေမှာလည်း သူက တက်တက်ကြွကြွပါဝင်ပြီး စကားတွေ တက်ပြောခဲ့သူ လည်း ဖြစ်ပါသည်။ သူက အခြား လှုပ်ရှားရေးအစီအစဉ်များနှင့်လည်း ဗြိတိန်နိုင်ငံက နေရာအန့ှံကို သွားလာကာ လေ့လာခဲ့သူလည်း ဖြစ်ပါသည်။

“ကျမ ဒီနေရာမှာ လက်မြှောက်ပြီး သက်သေပြုပါမယ်။ ကျမတို့လူမှုအသိုင်းအဝိုင်းမှာ ဖြစ်နေတဲ့ ဆင်းရဲမှု မျှတမှုတွေကို ကျမသိရှိပါတယ်။ ဒါတွေကြောင့်ပဲ ကျမ လွှတ်တော်အမတ်အဖြစ် ဝင်ပြိုင်ခဲ့ရတာပါ။ ကျမတို့ ရလာမယ့် အာဏာလုပ်ပိုင်ခွင့်နဲ့ စကော့တလန်မှာ အလွန်အမင်း လိုအပ်နေတဲ့ လူမှုရေးတရားမျှတမှုတွေကို ရရှိ လာစေရပါမယ်။ အင်္ဂလန်နိုင်ငံက ဝက်မင်စတာလွှတ်တော်မှာ ကျမတို့ရဲ့တောင်းဆိုတဲ့အသံတွေကို ကြားရပါ စေမယ်” ဟု မဟိုင်ရီက
ပြတ်ပြတ်သားသား ရွေးကောက်ပွဲ မဲဆွယ်စကား ပြောကာ မဲဆန္ဒရှင်ပြည်သူတွေကို စည်းရုံးခဲ့ပါသည်။

ငယ်ရွယ်သူ ဖြစ်သော်လည်း သူ၏အောက်သက်ကျေမှု၊ ပွင့်လင်းရိုးသားမှု၊ စေတနာထားမှုတွေကို မဲဆန္ဒရှင်တွေက သဘောကျကြသည်။ သူသည်သာ စကော့တလန် ပါစလေဒေသ၏ ကောင်းကျိုးအတွက် လန်ဒန် ပါလီမန်မှာ တောင်းဆိုပြောကြားမည့်သူဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် တွစ်တာကို အသုံးပြုတတ်သော၊ ဘောလုံးပွဲကို သိပ်ကြိုက်သော၊ ဂီတဝါသနာကြီးသော အသက် ၂၀ အရွယ် မိန်းခလေးတဦးသည် ပါစလေအရပ်၏ ကိုယ်စားပြုလွှတ်တော်အမတ် ဖြစ်လာခဲ့ပါသည်။

သူနှင့်ပြိုင်ဘက်အမတ်များကို မဟိုင်ရီက၂၃,၅၄၈ မဲဖြင့် အသာစီးရကာ အေးအေးဆေးဆေး နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုသဘောတရားက ရှေးရိုးစွဲတွေ ပြင်းထန်လာသည့် ဗြိတိန် စကော့တလန်လို ဒေသမျိုးမှာပင် လူတွေက ဝါတွေသမ္ဘာတွေ ဆိုတာထက် တကယ်လက်တွေ့ ဆောင်ရွက်နိုင်သူကို ပိုလိုလားနေပြီ ဆိုသည့် သဘော ဖြစ်ပါသည်။

မေလရွေးကောက်ပွဲမှာ သူ အနိုင်ရသည့်အခါ မဟိုင်ရီက သူ့ ထုံးစံအတိုင်း တွစ်တာ စာမျက်နှာကနေ ကျေးဇူးတင်စကား ပြောခဲ့ပါသည်။

“ကျမကို မဲပေးခဲ့သူအားလုံးနဲ့ကျမတို့ ပါစလေဒေသအတွက် ကျမကို ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်”

သို့သော်လည်း လွှတ်တော်အမတ် ဖြစ်လာသောအခါ ဟိုယခင်ကလို သူကြိုက်သည့် ဘောလုံးအသင်းနှင့်
ဘောလုံးသမားကို စိတ်လွတ်ကိုယ်လွတ် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြောဆိုရေးသားခြင်းကိုတော့ မဟိုင်ရီက
ရှောင်ကြဉ်ရတော့မည် ဖြစ်ပါသည်။ ထို့အတူ သာမန်ဆယ်ကျော်သက်မိန်းခလေးတွေလို အပျော်အပါးနှင့် ဘီယာ
သောက်စားမှုကိုလည်း သူက လျှော့ရတော့မည် ဖြစ်ပါသည်။

တချိန်တုန်းက မဟိုင်ရီက အိပ်ရာက နိုးလာသည့်အခါမှာ ဘီယာတစ်ဘူးနှင့် ပီဇာတစ်ခု ဘေးနားမှာ ရှိတာလောက်တော့ မိုက်တာမရှိဘူးဟုလည်း တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ဖူးပါသည်။ နောက်ထပ်တော့ သူ တွစ်တာစာမျက်နှာမှာ သည်လိုမျိုးတွေ ထပ်တွေ့ဖို့ရန် အကြောင်း မမြင်တော့ပါ။ ဘောလုံးပွဲတွေလည်း ရာသီမရွေး ကြည့်နိုင်တော့မည် မထင်တော့။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့အသက်ငယ်ဆုံး အမျိုးသမီး လွှတ်တော်အမတ်အဖြစ် သူ၏ အမည်ကား
ဗြိတိန်တွင်သာမက နိုင်ငံတကာ မီဒီယာတွေမှာပါ ဟိုးဟိုးကျော်နေပြီ ဖြစ်ပါသည်။ ထို့အတူ စကော့တလန် ပါစလေအရပ်က ပြည်သူတွေဆီ တရားမျှတမှုတွေ ဆောင်ကြဉ်းပေးဖို့ ငယ်ရွယ်သူ မဟိုင်ရီ ပခုံးထက်မှာ တာဝန်တွေက အပြည့်ရှိနေပြီ ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly