“မြန်မာ့ပညာရေး နိမ့်ကျမှု၊ လေးနက်ဖို့ အချိန်တန်ပြီ”

“မြန်မာ့ပညာရေး နိမ့်ကျမှု၊ လေးနက်ဖို့ အချိန်တန်ပြီ”
ဓာတ်ပုံ-မဇ္စျိမ

အခုရက်ပိုင်း မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာ စတုတ္တတန်းနဲ့ အဌမတန်း အတန်းတင် စာမေးပွဲတွေ ဖြေဆိုနေကြပါတယ်။ ဒီစာမေးပွဲ ကာလ အတွင်း တစ်ချို့ မြို့နယ်တွေမှာ နေ့စဉ်ရက် ဆက်၊ မေးခွန်းပေါက်ကြားမှု၊ မေးခွန်းတွေထဲ အလွဲအချော်တွေ ပါဝင်နေမှုနဲ့ ပတ်သက်ပြီး သတင်း ဌာနတွေက ဇောင်းပေး ဖော်ပြနေကြသလို၊ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာလည်း ပျံ့နှံ့နေပါတယ်။ ဒီ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အများကတော့ သက်ဆိုင်သူတွေကို ပြောင်စ ရာ၊ လှောင်စရာ၊ ရီစရာမောစရာအဖြစ် ပြောဆို မှတ်ချက်ပြုနေတာ တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ သရော်လှောင်ပြောင်စရာ ကိစ္စ တစ်ခု မဟုတ်ပါဘူး။ မြန်မာ့ပညာရေး အလွန်အမင်း နိမ့်ကျ နေမှု တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ လူသား အရည်အသွေး နိမ့်ကျနေမှုတွေရဲ့ နမူနာ ဇာတ်လမ်း တွေပဲ ဖြစ်ပါတယ်။ အခုလို ပညာရေး နိမ့်ကျနေခဲ့တာတော့ ကာလ ကြာမြင့်ပါပြီ။ အရင် ခေတ်ကာလ တလျောက်လုံး ဒီကိစ္စကို လေးနက်ခဲ့ကြရဲ့လား၊ အခုထက်ထိရော လေးနက်မှု ရှိရှိ စဉ်းစားမိကြရဲ့ လား၊ ဆိုတာ ဝေဖန် သုံးသပ်ကြည့်ကြရအောင်ပါ။

ဖြစ်စဉ်တွေကိုကြည့်ရင် ပဲခူးတိုင်း (၈) တန်း မေးခွန်းမှာ စာမှားယွင်းမှု ဖြစ်ပါတယ်။ “တရုတ် ပြည်သူ့ သမ္မတနိုင်ငံ” လို့ ရေးရမယ့်အစား “တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံတော်” ဆိုပြီး မှားယွင်း ဖော်ပြထားတာပါ။ တကယ်တော့ အခုနှစ် (၈)တန်း စာမေးပွဲဆိုတာ ကျောင်းစစ် မဟုတ်ပါဘူး။ ပြည်နယ်နဲ့ တိုင်းအဆင့် ပညာရေးဌာနက မေးခွန်းထုတ် စစ်ဆေးတဲ့ တိုင်းနဲ့ပြည်နယ်အဆင့် စာမေးပွဲ တွေ ဖြစ်ပါတယ်။ ဒီလိုမေးခွန်းမျိုးမှာ အခုလို အမှားအယွင်းတွေ ပါလာတာကတော့ အတော်လေးကို အရုပ်ဆိုး အကျည်းတန်ပါတယ်။

နောက်ပြဿနာ တစ်ခုက မန္တလေးတိုင်း ခရိုင်တစ်ခုက (၄)တန်း မေးခွန်းမှာပါ။ အဲဒီ မေးခွန်း ထဲမှာ စာလုံးပေါင်း အမှား(၃)နေရာလောက် ပါနေပါတယ်။ တစ်နေရာမှာ မြားဆိပ်လို့ မရေးပဲ မြှားဆိပ် ဆိုပြီး ဖော်ပြထားပါတယ်။ အမှားအမှန် စာလုံးပေါင်း ရွေးခိုင်းတာမှာ ရွေးခိုင်းတဲ့ နှစ်ခုစလုံး မှားနေတာ ပါ။ နောက်တစ်နေရာမှာတော့ အောက်ပါ ကွက်လပ်များကို ဖြည့်စွက်ပါလို့ ရေးရမယ့်အစား “ကွက်လက်” များဆိုပြီး ရေးထားတာပါ။ ဒီကနေ့ လူငယ်တွေ အမှားများတဲ့ ပသပ်နဲ့ ကသပ် မှားရေး တာပါ။ နောက်တစ်နေရာမှာလည်း သိုးတစ်အုပ်လို့ ရေးရမယ့်အစား “သိုးတစ်အုတ်” ဆိုပြီး မှားရေး ထားပါသေးတယ်။

နောက်ပြဿနာတစ်ခု ဖြစ်တာက မကွေးတိုင်းမှာပါ။ (၄)တန်းနဲ့ (၈)တန်း မေးခွန်းတွေ ပေါက်ကြားပြီး ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြရုံမက မိတ္တူကူးဆိုင်က ကူးရောင်းသည်အထိ ဖေါဖေါသီသီ ဖြစ်ခဲ့တာပါ။ ဒီပြဿနာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်း ကနေ မိတ္တူကူး ရောင်းစားခဲ့သူတစ်ယောက်နဲ့ သူ့ကို မေးခွန်းလာကူးခိုင်းတဲ့ ကိုယ်ပိုင် အထက်တန်း ကျောင်းက ဆရာမတစ်ယောက်ကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် တကယ့် မေးခွန်းကို ဘယ်နေရာက ပေါက်လာသလဲ မဖော်ထုတ်နိုင်သေးပါဘူး။

ဒီပြဿနာတွေကိုကြည့်ရင် ပထမ တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံတော်လို့ မှားယွင်းတဲ့ ကိစ္စတွေ၊ စာလုံးပေါင်း မှားယွင်းတဲ့ ကိစ္စတွေဟာ မေးခွန်းထုတ်တဲ့ ပညာရေးဌာန အရာရှိတွေရဲ့ အရည်အသွေး ကျဆင်း ညံ့ဖျင်းနေတာကို ပြတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီလို အမှားအယွင်းမျိုးတွေဟာ အခြားသော တိုင်းနဲ့ပြည်နယ် မေးခွန်းတွေ၊ ခရိုင်အဆင့်က ထုတ်တဲ့ မေးခွန်းတွေမှာလည်း ရှိနိုင်ပါတယ်။ ကျောင်းစစ် မေးခွန်းသာ ဆိုခဲ့ရင်တော့ ဆိုနိုင်ဖွယ်တောင် မရှိပါဘူး။ တစ်ခုလုံးကို ခြုံကြည့်ရင် မေးခွန်းထုတ်တဲ့ ဆရာတွေ ပညာရေးဌာန အရာရှိတွေ အဆင့် မှာကို ဒီလောက် အရည်အသွေး နိမ့်ပါးနေရင် သူတို့တွေက သင်ကြားပေးလိုက်တဲ့ ကလေးတွေရဲ့ အရည်အသွေး ဘယ်လောက် ရှိမလဲ မှန်းဆ နိုင်ပါတယ်။

ဒုတိယ ပြဿနာကတော့ မေးခွန်းပေါက်တာ၊ မေးခွန်းကို မသမာမှုလုပ်တဲ့ ပြဿနာမျိုးတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်သုံးဆယ် အထက်ကို ကြည့်လိုက်ရင်ပဲ ဒီကိစ္စမျိုး ရိုးဟိုးဟိုး နေပြီလို့ ပြောရမလိုတောင် ဖြစ်နေပါပြီ။ အစိုးရ စာသင်ကျောင်းတွေဟာ စာကောင်းကောင်း မသင်ပါ ဘူး။ ဒီတော့ ကျူရှင်တွေ ဂိုက်တွေပေါ်ပါတယ်။ အဲဒီ ကျူရှင်တွေ ဂိုက်တွေကလည်း စာသင်တာ မဟုတ်ပါဘူး။ စာမေးပွဲမှာ ဘာမေးလာရင် ဘယ်လိုဖြေ ဆိုတဲ့ စာမေးပွဲ ဖြေနည်းတွေကိုပဲ သင်ပေးတာ ပါ။ အဲဒီအခါ မေးခွန်းနဲ့ မေးခွန်းထုတ်တဲ့ စနစ်၊ အမှတ်ပေး စနစ် အရေးပါလာပါတယ်။ ဒါဟာ ပညာ တတ်မြောက်ရေးနဲ့ နှိုင်းယှဉ်ရင် ဖီလာ ဆန့်ကျင်ဖြစ်နေတာ တွေ့ကြရပါလိမ့်မယ်။ ဒီလိုနဲ့ စာမေးပွဲနီးရင် စာမကျက်တော့ပဲ မေးခွန်းလိုက်တာ၊ စပေါ့လိုက်တယ် ဆိုတာမျိုး ခေတ်စားနေတာ ကြာပါပြီ။ အဲဒီ နည်းနဲ့ အတန်းအောင်သွားသူတွေဟာ အခုဆိုရင် ဆရာ၊ ဆရာမတင်မက ကျောင်းအုပ်၊ ပညာရေးမှူး တွေတောင် ဖြစ်နေပါပြီ။ ညံ့တဲ့မျိုးဆက်က ညံ့ဖျင်းတဲ့ စနစ်နဲ့ ဦးဆောင်သင်ကြားပေးနေတဲ့ ပညာရေး မှာ ဘယ်လိုရလာဒ်တွေ ထွက်လာမလဲ၊ အနာဂတ်ကို ဦးဆောင်မယ်ဆိုတဲ့ မျိုးဆက်သစ်တွေရဲ့ အရည်အသွေး ဘယ်လို ဖြစ်လာမလဲဆိုတာ ဗေဒင် မေးစရာတောင် မလိုတော့တဲ့ အခြေအနေပါ။

ဒီနေရာမှာ ပညာရေးကို ဖျက်ဆီးခဲ့သူတွေဟာ စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် စနစ် ဖြစ်ပေမယ့် အတိုက်အခံတွေကိုယ်တိုင်ကလည်း ဒီအချက်ကို မလေးနက်ခဲ့ပါဘူး။ စစ်အာဏာရှင်တွေ နဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ရာမှာ အရည်အသွေးရှိတဲ့ ပြည်သူတွေကသာ တွန်းလှန်နိုင် တယ်ဆိုတာ သတိမပြုမိခဲ့ကြပါဘူး။ ပြည်သူတွေ ပညာမတတ်ရင်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း အားနည်း ရင်၊ လူသား အရည်အသွေး နိမ့်ကျနေရင် အင်အားကြီးတဲ့ အာဏာရှင်တွေကို တွန်းလှန်ဖို့ ဘယ်လိုမှ အားရှိမှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေတွေကြောင့်ပဲ မြန်မာနိုင်ငံဟာ အာဏာရှင်တွေ လက်အောက်မှာ ရာစုနှစ် တစ်ဝက်ကျော် နေခဲ့ရတာပါ။ အခု အသွင်ကူးပြောင်းရေး ပထမအဆင့်ကို ကျော်ဖြတ်နေပါပြီ။ ဒီမိုကရေစီကို ခရီးဆုံး ပန်းတိုင်အထိ သွားနိုင်ဖို့ဆိုရင် ပညာရည် ပြည့်ဝတဲ့၊ စဉ်းစား တွေးခေါ်နိုင်စွမ်းရှိတဲ့၊ လူသားအရည်အသွေးမြင့်တဲ့ ပြည်သူတွေနဲ့ သွားမှသာ မြန်မြန် ရောက်မှာပါ။ ဒီမိုကရေစီ ခရီးလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူး သွားဖို့ဆိုရင် လူသား အရည်အသွေးမြင့်တဲ့ ပြည်သူလူထုကြီး ဖြစ်နေဖို့ လိုပါတယ်။ အဲဒီအတွက် အခု ဖြစ်ပေါ်နေတဲ့ ပညာရေးလောကက ပြဿ နာတွေကို ရယ်ပွဲ ဖွဲ့မနေပဲ လေးနက်သင့်ကြပါတယ်။ ခုလို အစိုးရတာဝန်နဲ့ အခွင့်ရတုန်းအခိုက် နိမ့်ကျနေတဲ့ ပညာရေးကို စနစ်တကျ မြှင့်တင်ဖို့၊ ပညာရေး မြှင့်တင်ရေးကို လေးနက်ကြဖို့ အချိန် ရောက်နေပြီ ဖြစ်ကြောင်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly