လူငယ်တစ်ဦး မဲတစ်ပြားနဲ့ တန်ဖိုးတစ်ခု

ရွေးကောက်ပွဲနဲ့ လူငယ်အစီအစဉ်ကို အပတ်စဉ် ထုတ်လုပ်နေတာ အခု အကြိမ်ဆို ငါးကြိမ်မြောက် ဖြစ်သွားပြီ။ ဒီအစီအစဉ်အတွက် ရန်ကုန်မြို့နဲ့ နယ်ဘက်တွေက လူငယ်တွေ အများကြီးနဲ့ တွေ့ဆုံစကားပြောရပါတယ်။ လူငယ်တွေကို ရှာကြံအင်တာဗျူးရတယ်။ သူတို့တွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သိရှိထားမှုတွေကို မေးစမ်းကြည့်ရပါတယ်။

တချို့လူငယ်တွေက ပညာရေးမှာ အချိန်တွေ အများကြီး ပေးထားရပါတယ်။ ကျူရှင်တစ်ဖက် ၊ကျောင်းတစ်ဖက် ၊အပြင်သင်တန်းတွေ တစ်ဖက်နဲ့မို့ ရွေးကောက်ပွဲဆိုတာ ဘာမှန်းတောင် မသိပါဘူးလို့ ဖွင့်ဟလာတဲ့လူငယ်တွေ ရှိပါတယ်။

တချို့လူငယ်တွေကတော့ ကိုယ့်ဘဝ ကိုယ်ကျောင်းနေရတဲ့အတွက် တစ်ရက်နဲ့ တစ်ရက် အလုပ်ထဲမှာ အချိန်ကုန်နေရတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို အာရုံမထားမိဘူးလို့ ဆိုလာပါတယ်။

လူငယ်တွေ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်တာ ၊စိတ်မဝင်စားတာက တကယ်တော့ ဒီထက်ပိုတဲ့ အကြောင်းပြချက်တွေ ရှိနေပါသေးတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာ စိုးမိုးသူက သူ့အမြင်ကို အခုလို ပြောပါတယ်။
"နိုင်ငံရေးအကြောင်း ပြောရင် ဒါက မိဘတွေ ကိုယ်တိုင်က အန္တရာယ်ရှိတယ်လို့ ယူဆပြီး လုံးဝ မပြောခိုင်းဘူး။နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်နဲ့ နိုင်ငံရေးဟာ အန္တရာယ်၊ နိုင်ငံရေးကို ပတ်သက်ခြင်းအားဖြင့် ကိုယ့်ရဲ့ကိုယ်ကျိုးကို ထိခိုက်နိုင်တယ်ဆိုပြီး မှာခဲ့တယ်။ အဲဒီလို နိုင်ငံရေးဆိုတာကို ကျယ်ကျယ်မပြောဝံ့တဲ့ အချိန်မှာ ရွေးကောက်ပွဲဆိုတာကို ကျင်းပခဲ့တယ်။ လုံလောက်တဲ့ အသိပညာပေးမှုမျိုး မရခဲ့ဘူး" ဟု ဆိုသည်။

ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးလို့ နားလည်ထားကြတဲ့အတွက် နိုင်ငံရေးနဲ့ ဝေးဝေးနေချင်တဲ့ လူငယ်တွေက ရွေးကောက်ပွဲမှာ မဲထည့်ရေးကို စိတ်မဝင်စားကြတာလည်း အချက်တစ်ချက်အဖြစ် ရှိနေပါသေးတယ်။

ရပ်ကွက်ထဲမှာ၊ အိမ်မှာ၊ စာသင်ကျောင်းတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပြောမယ့်သူမရှိ၊ နားထောင်မယ့်သူမရှိ။ ရုပ်မြင်သံကြားအစီအစဉ်တွေမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ ကဏ္ဍတွေကို ထိန်းချုပ်ထားခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ။

ဒီအကြောင်းတရားတွေဟာ လူငယ်အတွက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိရှိဖို့ စိတ်ဝင်စားဖို့ တားဆီးထားတဲ့ အချက်တွေ ဖြစ်ပါတယ်။

အင်တာဗျူးချိန်မှာဖြေတဲ့ လူငယ်အများစုက "ရွေးကောက်ပွဲအကြောင်း မသိဘူး၊ နိုင်ငံရေးတွေကို စိတ်မဝင်စားဘူး" ဆိုတဲ့ အဖြေတွေသာ ဆက်တိုက်ရရှိနေခဲ့ပါတယ်။

လူငယ်တွေဆိုတာ စူးစမ်းချင်စိတ်အမြဲရှိနေတဲ့ သူတွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို လုံးဝ စိတ်မဝင်စားဘူးလားဆိုတော့ အဲဒီလိုလည်း မဟုတ်သေးပါဘူး။ လူငယ်တွေမှာ စိတ်ဝင်စားမှုတွေ အမြဲတမ်း ရှိနေပါတယ်။ အခြေအနေ အကြောင်းတရားတွေကို အခြေခံပြီး သူတို့ရဲ့သိချင်စိတ်ကို ချိုးနှိမ်ထားရတာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ဘာမှ မသိပေမယ့် စိတ်ဝင်စားနေတဲ့ လူငယ်တစ်ဦးက “ကျွန်တော်တို့ မဲထည့်ရင်ကော ဒီအတွက် ဘာတွေအကျိုးဖြစ်မှာလဲ။ မထည့်ရင်ဘာဖြစ်မှာလဲဗျ။ နောက်ပြီး ဝင်ပြိုင်တဲ့သူတွေထဲမှာ တစ်ယောက်ကိုမှ မကြိုက်ဘူးဆိုရင်ကော ဘယ်လိုလုပ်မှာလဲ “လို့ မိုးကုတ်ကနေ ရန်ကုန်မှာ အခြေချနေထိုင်တဲ့လူငယ် ကိုဝဏ္ဏက ဆိုပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ လူငယ်တွေ မသိသေးတာကို အပြစ်တင်မယ့်အစား ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိချင်နေတဲ့ လူငယ်တွေဆီကို ရောက်ဖို့က ဦးစားပေးရမယ့် အခြေအနေ ဖြစ်ပါတယ်။
နိုင်ငံရဲ့အရေးကြီးတဲ့ ကာလ၊ အကူးအပြောင်းအတွက် တစ်ဦးချင်း အရေးကြီးနေတဲ့ကာလမှာ လူငယ်တွေ အင်နဲ့ အားနဲ့ ပါဝင်မလာဘူးဆိုရင်တော့ ပေါ့ပျက်ပျက် အပြောင်းအလဲတစ်ခု ပဲ ဖြစ်ပါလိမ့်မယ်။

လူငယ်တွေပါဝင်လာအောင်လုပ်ဖို့ ဘယ်လိုနည်းလမ်းတွေ အသုံးပြုသင့်သလဲ ဆိုတာကို ပဲခူးတိုင်း ရွေးကောက်ပွဲ
စောင့်ကြည့်ရေး အဖွ့ဲတာဝန်ခံ ကိုလင်းနိုင်ဦးက "လူငယ်တွေ ဘောလုံးပွဲကို စိတ်ဝင်စားနေတဲ့ အချိန်မှာ သမ္မတက
ဘောလုံးအကြောင်း ပြောလိုက်တော့ လူငယ်တွေကြားမှာ ပေါက်သွားသလိုမျိုး သူတို့ဆီကို တိုက်ရိုက်ရောက်အောင် နည်းလမ်းတွေ ရှာပြီး စေတနာပါပါ လုပ်ရင် လူငယ်တွေ ပါဝင်လာမှာပါ"ဟု သုံးသပ်ပါတယ်။

နိုင်ငံရေးမဟုတ်တဲ့ ပရဟိတအဖွဲ့ငယ်လေးတွေ မြို့နယ်တိုင်း ရပ်ကွက်တိုင်း ကျေးရွာတိုင်းမှာ ရှိပါ တယ်။ လူငယ်တွေ အနေနဲ့ နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင် မှာ ကောင်းသော အလုပ်တွေ လုပ်ဖို့ စိတ်ဝင်စားလာကြပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ရေဘေးသင့်တဲ့သူတွေအတွက် ကူညီရေးအဖွဲ့တွေ၊ သွေးလိုအပ်နေသူတွေအတွက်
သွေးလှူရှင်အသင်းတွေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အခြားသော ပရဟိတ အဖွဲ့တွေမှာ လူငယ်တွေ အများကြီး အများကြီး အင်တိုက်အားတိုက် ပါဝင်နေတာကို ငြင်းလို့ မရပါဘူး။

ဒါဟာ သူတို့ရဲ့လုပ်အားတွေ လူတို့ရဲ့တန်ဖိုးတွေရဲ့ အကျိုးသက်ရောက်မှုကို လက်တွေ့ကျကျ တွေ့မြင်ရသလို ဖြစ်ရလို့ပါပဲ။

ရွေးကောက်ပွဲမှာ မဲထည့်ခြင်းဟာ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဒေသမှာ ကိုယ့်ရဲ့လုပ်အား၊ ကိုယ့်ရဲ့ တန်ဖိုး အကျိုးသက်ရောက်မှု ရှိသလိုမျိုး ကိုယ့်နိုင်ငံ အပြောင်းအလဲအတွက် တန်ဖိုးတစ်ခု ဖြစ်ပါတယ်။

ဆယ်တန်းစာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ပေမဲ့ တစ်မှတ်တည်း ကပ်နည်းလို့ ကိုယ်လိုချင်တဲ့
မေဂျာမလျှောက်နိုင်သလိုမျိုး ကိုယ့်မဲ တစ်မဲ ကျန်ခဲ့လို့ နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ
ပြောင်းပြန်ဖြစ်သွားနိုင်တယ်ဆိုတာ လူငယ်တွေကို  ဒီဆောင်းပါးနဲ့ အကြောင်း ကြားလိုက်ပါရစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly