မြန်မာ- ဗြိတိန် ကုန်သွယ်ရေးတည်ဆောက်ရန် ဗြိတိန်က ကန်ဒေါ်လာ သန်း ၃၀၀ ချထားပေး

မြန်မာ- ဗြိတိန် ကုန်သွယ်ရေးတည်ဆောက်ရန် ဗြိတိန်က ကန်ဒေါ်လာ သန်း ၃၀၀ ချထားပေး

ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး အာမတ်သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကာ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကဏ္ဍ၌ လုပ်ကိုင်နေကြသည့် ဗြိတိန်ကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းများ ရရှိနိုင်ရေး ဖော်ဆောင်ပေးခဲ့သည်။ 

ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဗြိတိန်ကုမ္ပဏီများ ကုန်တင်ပို့မှုကို ကူညီအထောက်အကူဖြစ်ရန် ဗြိတိန်ကုန်စည်တင်ပို့မှုရန်ပုံငွေ UKEF အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချထားပေးမည်ဖြစ်ကြောင်း အာမတ်က ကြေညာခဲ့သည်။

“နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်မှာ စိတ်ဝင်စားဖွယ်ရှိနေတဲ့ မြန်မာနိုင်ငံသို့ လာရောက်ဖို့ အခွင့်အရေးရခြင်းအတွက် ကျေနပ်မိပါတယ်။ အခွင့်အရေးသစ်များ ဆောင်ကြဉ်းပေးခြင်းတစ်ရပ်အဖြစ် ရန်ပုံငွေချထားပေးမှုအကြောင်းကို ကြေညာပေးရတာကတော့ တကယ်ပီတိဖြစ်စရာပါပဲ။ မြန်မာနိုင်ငံသို့ ဗြိတိန်ကုမ္ပဏီတွေ ကုန်တင်ပို့ရာမှာ အကူအညီအဖြစ် ဗြိတိန်ကုန်တင်ပို့မှုရန်ပုံငွေကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ အထိ တိုးမြှင့်ချထားပေးတာပဲဖြစ်ပါတယ်။ ဒါက ဗြိတိန်ကုမ္ပဏီတွေအတွက်အပြင် မြန်မာ့စီးပွားရေးအခင်းအကျင်းအတွက်လည်း အရေးကြီးပါတယ်။”ဟု အာမတ်က ပြောသည်။

UKEFသည် နိုင်ငံတကာအသိုက်အဝန်းသို့ ပြန်လည်ဝင်ဆံ့လာပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အရှိန်မြှင့်တင်လာနေသည့် မြန်မာနိုင်ငံတွင် စီးပွားရေးယှဉ်ပြိုင်နေရသည့် ဗြိတိန်ကုမ္ပဏီများအား ကူညီထောက်ပံ့ပေးနေသည့် ချေးငွေချထားပေးရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

အာမတ်၏ နှစ်ရက်တာ ရန်ကုန်သို့ လာရောက်သည့် ခရီးစဉ်တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့်လည်း တွေ့ဆုံခဲ့ကာ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ထို့ပြင် ပြည်တွင်းနှင့် ပြည်ပစီးပွားရေးသမား၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူများနှင့်လည်း တွေ့ဆုံခဲ့သည်။ 

Ref: Gov.UK

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly