လစ်ဗျားရှိ အကြမ်းဖက်သမားများကို လေကြောင်းမှ အမေရိကန်တိုက်ခိုက် ၄၉ ဦးသေ

လစ်ဗျားရှိ အကြမ်းဖက်သမားများကို လေကြောင်းမှ အမေရိကန်တိုက်ခိုက် ၄၉ ဦးသေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀ ။            ။ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများပါဝင်သော အဆင့်မြင့်လေ့ကျင့်ရေးသင်တန်းရှိနေသည့် လစ်ဗျားရှိ အိုင်အက်စ်စခန်းတစ်ခုကို အမေရိကန်စစ်   လေယာဉ်များက တိုက်ခိုက်ခဲ့သည်ဟု အိမ်ဖြူတော်ပြန်ကြာရေးအတွင်းဝန် ဂျော့ရှ်အားနက်စ်က ဖေဖော်ဝါရီ ၁၉တွင် ပြောသည်။

ဖေဖော်ဝါရီ ၁၉ရက်နေ့ နံနက်က လစ်ဗျားနိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ ဆက်ဘရာသာရှိ အယ်လ်ကာဆာခရိုင်ကို အမေရိကန်က တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၄၉ဦးသေဆုံးခဲ့သည်ဟု ဆက်ဘရာသာမြို့တော်ဝန် ဟူစိန်အယ်လ်သာဝါဒီက ပြောသည်။

အပျက်အစီးပုံများအောက်တွင် နောက်ထပ်လူများရှိနိုင်သဖြင့် သေဆုံးသူဦးရေမှာ မြင့်တက်လာနိုင်သည်ဟု အယ်လ်သာဝါဒီက လစ်ဗျားရုပ်သံသို့ ပြောသည်။ ဗုံးကျသောအိမ်ကို အိုင်အက်စ် အဖွဲ့ဝင်များက ငှားရမ်းထားခြင်းဖြစ်ပြီး ဗုံးထိချိန်တွင် အတွင်း၌ လူ၆၀ကျော်ရှိနေခဲ့သည်ဟု ယုံကြည်ကြောင်း ၎င်းကပြောသည်။ ထို့အပြင် အခြားသူခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆက်ဘရာသာမြူနီစီပယ်ကောင်စီက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က အဆိုပါအိမ်အနီး စစ်သွေးကြွများလှုပ်ရှားနေပြီး အထူးသင်တန်းတစ်ခုပေးနေဟန်ရှိသည်ကို အမေရိကန်က လေ့လာတွေ့ရှိခဲ့သည်ဟု အမေရိကန် အရာရှိတစ်ဦးက ပြောသည်။

အဆိုပါဗုံးကျသည့်နေရာသည် နိုင်ငံခြားသားများ အထူးသဖြင့် တူနီးရှားမှ အိုင်အက်စ်လူသစ်များစုဆောင်းရာ နေရာဖြစ်သည်ဟု အယ်လ်သာဝါဒီက ပြောသည်။ သေဆုံးသူများတွင်   ဂျော်ဒန်အမျိုးသမီး  တစ်ဦးပါသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly