ကြေးကွင်းစွပ် သားချင်းတို့ရဲ့ ကယားပြည်နယ် ပန်ပက်ရွာခရီး

20 February 2016
ကြေးကွင်းစွပ် သားချင်းတို့ရဲ့ ကယားပြည်နယ် ပန်ပက်ရွာခရီး

ဒီကနေ့ ကျွန်တော်တို့ ရောက်ခဲ့တဲ့နေရာက ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ရွာငယ်လေးတစ်ရွာဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃ ထောင်နဲ့ ၄ ထောင် အကြားမှာတည်ရှိနေတဲ့ရွာဖြစ်ပါတယ်။ လှေကားထစ်တောင်ယာစိုက်ခင်းတွေရှိတဲ့တောင်ပေါ်ရွာလေးတစ်ရွာပါ။ ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့ကနေ  မိုင် ၃၀ ခန့်အကွာမှာ တည်ရှိပါတယ်။ ထင်းရှူးတောအုပ်လေးတွေ ခြံရံထားတဲ့ အဲဒီရွာကလေးကတော့ လည်ပင်းကြေးကွင်းစွပ်ကယန်းလူမျိုးတွေ နေထိုင်ကြတဲ့ ပန်ပက်လို့ခေါ်တဲ့ ရွာလေးတစ်ရွာပါ။

ပန်ပက်ရွာကိုအသွားလမ်းမှာ ဒီမော့ဆိုဈေးထဲကို ဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ကျွန်တော် ရောက်ရှိနေတဲ့အချိန်ဟာ စနေနေ့ဖြစ်တဲ့အတွက် ဒီးမောဆိုဈေးနေ့ကျပါတယ်.. ဈေးနေ့မှာ ဒေသအသီးသီးကဈေးသည်တွေက ဈေးပတ်ယာဉ်တွေနဲ့ ဈေးလာရောင်းကြလို့ တစ်နေရာတည်းမှာ ကုန်ပစ္စည်းစုံစုံလင်လင် ဝယ်လို့ရပါတယ်။ 

ဒီဒေသမှာ ထူးခြားတဲ့ရိုးရာအစားအသောက်တစ်ခုကတော့ ခေါင်ရည်ပဲဖြစ်ပါတယ်။ ခေါင်ရည်ကို ဒီဈေးထဲမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေသလိုခေါင်ရည်အရောင်းအဝယ်လုပ်ငန်းကလည်းစီးပွားရေးအရ တွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။

ဈေးတန်းတစ်ခုကိုရောက်တော့ ဒါဟာ ခေါင်ရည်တန်းဖြစ်တယ်လို့ သိရပါတယ်။ ဒီမှာကတော့ တောက်လျှောက်က ခေါင်ရည်တွေရောင်းချနေတဲ့နေရာဖြစ်ပါတယ်။ ဒီမှာဆိုလို့ရှိရင် ကျိုက်ထီးရိုးဘက်မှာလိုပဲ … ခေါင်ရည်တန်းမှာ ခေါင်ရည်သွားဝယ်တော့မယ်ဆိုရင် အမြည်းမြည်းလို့ရတယ်။ ကျိုက်ထီးရိုးမှာ ယိုတွေမြည်းသလိုပါပဲ။

ဒါ့အပြင် တခြားဒေသက လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေဟာ ဒီဒေသထွက်ခေါင်ရည်ကို လက်ဆောင်အဖြစ် ဝယ်ယူသွားလေ့ရှိပါတယ်။ ကျွန်တော်လည်း လက်ဆောင်အနေနဲ့ ခေါင်ရည်တစ်ဘူးလောက် ဝယ်ဖြစ်ခဲ့ပါတယ်။

ဒီမှာရောင်းတဲ့ ခေါင်ရည်က အပြင်းနဲ့အပျော့ရယ်လို့ နှစ်မျိုးနှစ်စား ရှိပါတယ်။ ခေါင်ရည်နဲ့ တွဲဖက်မြည်းဖို့အတွက် ဝက်ကလီစာ၊ အမဲသားဟင်းနဲ့ ဝက်သွေးကြော်တွေကိုလည်း စုံလင်စွာတွေ့ခဲ့၇ပါတယ်။ ဒီဈေးထဲမှာတော့ အမြည်းတစ်ပွဲကို ၂၀၀ ကျပ်နဲ့ ရောင်းချနေကြတာကို တွေ့ရပါတယ်။

ခေါင်ရည်နဲ့ ဝက်သားကတော့ တွဲစားလို့ လိုက်ပါတယ်။ ခေါင်ရည်ရဲ့အရသာက သောက်လိုက်တာနဲ့ တစ်ကိုယ်လုံးကို ပူရှိန်းပူရှိန်းဖြစ်သွားတယ်။ ဝက်သားလေး တွဲစားလိုက်တော့ ပူရှိန်းပူရှိန်းအရသာက ပျောက်လုပျောက်ခင် ဖြစ်သွားပါတယ်။ တွဲဖက်စားလို့ အရမ်းကောင်း အရမ်းလိုက်ဖက်ပါတယ်။

ဒီမှာဆိုရင်တော့ ခေါင်ရည်သောက်မယ့်ခွက်က ဝါးနဲ့ရက်ထားတဲ့ ခွက်လေးခင်ဗျ။ ရန်ကုန်တို့ ဒိပြင်နေရာတို့လို ဖန်ခွက်မဟုတ်ဘူး။ ဝါးနဲ့ရက်ထားတော့ မွှေးကြည့် လိုက်ရင် ဝါးနံ့လေးက မွှေးတယ်။ ခေါင်ရည်နဲ့တွဲသောက်မယ်ဆိုတော့ ခေါင်ရည် ကလည်း မွှေးတယ်။ ဒါကြောင့် ဒီလိုတွဲသောက်လိုက်ရင် အနံ့သင်းသင်းလေး ဖြစ်နေမှာပါ။

ခေါင်ရည်နဲ့တွဲဖက်ပြီးစားလို့ရတဲ့ ဝက်အူချောင်းလည်း ရှိပါတယ်။ ဒီဝက်အူချောင်းကတော့ ကယားပြည်နယ်မှာပဲ ရနို်င်တဲ့ ဝက်အူချောင်းအမျိုးအစားပါ။ ဝက်အူချောင်းနဲ့ ခေါင်ရည်နဲ့တွဲဖက်ပြီးစားသုံးရပါတယ်။ ဝက်အူချောင်းက ရန်ကုန်က ဝက်အူချောင်းတွေလို မဟုတ်ပါဘူး။ သူက အထဲ မှာ ပူပူစပ်စပ်လေးနဲ့ စားလို့ကောင်းတယ်။ အရသာက အချိုမဟုတ်ဘူး။ အပူနဲ့ အစပ်ဘက် နည်းနည်းပိုသွားတယ်လို့ ဆိုနိုင်ပါတယ်။ 

ဒီမောဆိုဈေးထဲမှာ ကယားပြည်နယ်ရဲ့ ရိုးရာအစားအသောက်အနေနဲ့ ကယားဝက်အူချောင်းအပြင် ဒီဒေသမှာ စားသုံးနေကြတဲ့ ထူးထူးခြားခြား ဝါးပိုးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ ဝါးပိုးကို ဝါးဆစ်ပိတ်လေးတွေနဲ့ ထည့်ရောင်းနေတာ တွေ့ရပါတယ်။ ဝါးပိုးကို ကြော်ပြီး ခေါင်ရည်နဲ့ စားသောက်လေ့ ရှိပြန်ပါတယ်။

ဒီမော့ဆိုဈေးကနေ ပန်ပက်ကျေးရွာကို နောက်ထပ်တစ်နာရီလောက် ကားမောင်းရပါဦးမယ်။ အင်္ဂလိပ်စာရေးဆရာကြီး ဆာဂျော့စကော့ကတော့ ဒီဒေသမှာရှိတဲ့လမ်းတွေဟာ တဖြောင့်တည်းရှိတာကြောင့် တခြား တောင်ပေါ်ခရီးသွားတိုင်းရင်းသားတွေကတောင် သူတို့ ဖောက်တဲ့လမ်းကို ချီးကျူးကြတယ်လို့ ဆိုပါတယ်။  အခုအခြေအနေအရတော့ ဒီမော့ဆိုကနေ ပန်ပက်ရွာလမ်းခွဲထိက လမ်းကောင်းပါတယ်။ ဒါပေမဲ့ ပန်ပက်ရွာထဲ စဝင်လိုက်ပြီဆိုတာနဲ့ မြေနီလမ်းတွေ စမြင်နေရပါပြီ။ မိုးရွာရင် ရွှံ့ဗွက်ထူတဲ့အတွက် ရွှံ့ရှောင်လမ်းခွဲတွေလည်း အများကြီးထွင်ထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ရောက်သွားတဲ့နေ့ကတော့ မိုးမရွာလို့ မြေလမ်းတွေက ခပ်မာမာလေးတွေ ဖြစ်နေပါတယ်။ ယာဉ်အသွားအလာကတော့ ခပ်ကျဲကျဲပါပဲ။

ပန်ပက်ကျေးရွာအုပ်စုမှာ ရွာငယ်ပေါင်း ၇ ရွာလောက် ပါဝင်ပြီး ရွာတွေ ဟာလည်း တစ်ရွာနဲ့တစ်ရွာ လှမ်းမြင်နေရပါတယ်။ တစ်ရွာတစ်ရွာမှာ လည်း လူဦးရေ ၁၀၀ ဝန်းကျင်လောက်သာ ရှိကြပါတယ်။ ရွာထဲမှာတော့ လည်ပင်းကြေးကွင်းစွပ်ထားတဲ့ ကယန်းအမျိုးသမီး အနည်းငယ်လောက်သာ တွေ့ရပါတယ်။

ကယန်းအမျိုးသမီးတွေ လည်ပင်းမှာ စွပ်ထားတဲ့ကြေးခွေတွေဟာ လည်ပင်းအပေါ်ပိုင်းမှာကျယ်ပြီး အလည်လောက်မှာ ကျဉ်းသွားပါတယ်။ ပြီးတော့ လည်ပင်းအရင်းပိုင်းမှာ ပြန်ကျယ်သွားပါတယ်။ ဒီလိုကြေးကွင်းတွေ အများကြီးကို ဝိုင်းစက်နေအောင် ဘယ်လိုစွပ်ကြသလဲဆိုတာကတော့.. တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။

ရွာထဲမှာတော့ ဒီလိုစနစ်တကျနဲ့ ကြေးကွင်းစွပ်နိုင်တဲ့သူ သိပ်မရှိတော့သလို ကြေးကွင်းစွပ်ချင်တဲ့ ကယန်းမိန်းကလေးတွေလည်း ရှားပါးလာပြီလို့ သိရပါတယ်။ ဒါပေမဲ့ ပွဲလမ်းသဘင်ရှိတဲ့အခါမှာတော့ ခေတ်သစ်ကယန်းမိန်းကလေးတွေဟာ ဖြုတ်ရတပ်ရလွယ်ကူပြီး ပေါ့ပါးတဲ့ အသင့်လုပ်ကြေးကွင်းတွေကို ဝတ်ဆင်လေ့ရှိတယ်လို့ သိရပါတယ်။ ခေတ်သစ်ကယန်း မိန်းကလေးတွေ ကြေးကွင်းမစွပ်ရတဲ့ တခြားအကြောင်းရင်းတစ်ခုကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဒီအကြောင်းကို ကယားကလေးမလေးတစ်ဦးက အခုလို ပြောပြပါတယ်။

မိုးရာသီအခါမှ ကျွန်မတို့ ရေ၀၀ချိုးရတယ်။ နွေရာသီအခါဆိုရင် သောက်ဖို့ရေက သိပ်မလုံလောက်ရင် ရေသိပ်မချိုးရဘူးပေါ့။ တစ်ပတ်မှတစ်ကြိမ်ချိုးရတယ်။ ကြေးပတ်တဲ့အမျိုးသမီးတွေဆိုတာ အရင်က အများကြီးရှိတယ်။ အခုသိပ်မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့က ရေမချိုးရဘူးဆိုရင် လည်ပင်းတွေနာတယ်။ အဲ့ဒါကြောင့် သားသမီးတွေကို သိပ်အားမပေးချင်ဘူးပေါ့။ လည်ပင်းနာတယ်ဆိုတော့ သူတို့သားသမီးတွေလည်း သိပ်ပြီးမလုပ်ချင်ဘူး ဖြစ်သွားတယ်။ ရေရှားတာလည်းပါတယ်။ အကယ်၍ ရေလုံလောက်တယ်ဆိုရင် ရေပုံမှန်ချိုးရတယ်ဆိုရင် လည်ပင်းကလည်း သိပ်မနာဘူး။ ဘာဖြစ်လို့လည်းဆိုရင် နေပူရင် လည်ပင်းမှာ ပတ်ထားတဲ့ကြေးလည်း ပူတယ်။ ကြေးပူတော့ လည်ပင်းနာတယ် လို့ပြောကြ တယ်။ အဲ့ဒါကြောင့် ကြေးသိပ်မပတ်ကြတော့ဘူး။

ရှေးအခါကဆိုရင်တော့ ကယန်းအမျိုးသားတွေတောင် လည်ပင်းမှာ ကြေးခွေ နှစ်ဆင့် သုံးဆင့် ဝတ်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အသင့်လုပ်ကြေးကွင်းတွေက ကယန်းလူမျိုးတို့ရဲ့ ဝတ်စားဆင်ယင်မှုမှာ နေရာယူလာပါပြီ။ ကယန်းလူမျိုးတွေ ကြေးကွင်းစွပ်တာကို ကိုယ်တိုင်မြင်လိုက်ရတော့ ကြေးကွင်း ၂၅ ကွင်းလောက်ထိ တချိန်လုံးစွပ်ထားနိုင်ကြတဲ့ ကယန်းအမျိုးသမီးကြီးတွေကို အံ့သြလေးစားသွားမိပါတယ်။

နောက်တော့ တောင်ယာစိုက်ခင်းတွေဘက် ကျွန်တော်တို့ ခြေဦးလှည့်လိုက်ကြပါတယ်။ လှေခါးထစ်စိုက်ခင်းကတော့ ဒီဒေသမှာ စပါးစိုက်ကြတာပါ။ စပါးတို့ ဘာတို့ဆိုတာက မြေပြန့်မှာဆိုရင် စိုက်ဖို့ပိုပြီးအဆင်ပြေပါတယ်။ ကယားပြည်နယ်မှာကျတော့ တောင်ကုန်းတောင်တန်းပေါများတဲ့အတွက် မြေပြန့်ပုံစံမျိုးဖြစ်အောင် လှေခါးထစ်အပြန့်လေးတွေ လုပ်ပြီးတော့ ဒါကို စိုက်ပျိုးထားခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မိုးရွာတဲ့အခါမှာ လှေခါးထစ်ပုံစံမျိုးမလုပ်ထားရင် မိုးရေတွေဟာ တောင်အောက်ကို တခါတည်း စီးသွားတဲ့အတွက် စိုက်ခင်းတွေမှာ ရေမတင်တော့ပါဘူး။ အဲ့ဒီတော့ သူတို့က လှေခါးထစ်ပုံစံလေးတွေလုပ်ပြီး ရေတွေကို တားထားပြီးတော့ ရေတွေ တစ်ခါတည်း တောင်အောက်စီးမသွားအောင် စိုက်ခင်းထဲ ရေတင်အောင် ပြုလုပ်ထားကြတာဖြစ်ပါတယ်။ ဒါကလည်း စိတ်ဝင်စားစရာကောင်းတဲ့ သူတို့ရဲ့ လှေခါးထစ်စိုက်ခင်းဓလေ့လေးပဲ ဖြစ်ပါတယ်။

နောက်ထပ်ပြီး ပန်ပက်ရွာအဝင်ဘက်ကို ကျွန်တော်တို့ ရောက်ပါသေးတယ်။ ရွာအဝင် ညာဘက်ဘေးမှာ ကယန်းပဒေါင်တိုင်းရင်းသားတွေရဲ့ မျိုးနွယ်စု အထိမ်းအမှတ် တန်ခွန်တိုင် ရှိပါတယ်။ တန်ခွန်တိုင်ရှေ့မှာ ကွင်း ရှိပါတယ်။ ဒီတန်ခွန်တိုင်ကွင်းကတော့ ကယန်းပဒေါင်လူမျိုးတွေက တန်ခွန်တိုင်ပွဲတော်ကျင်းပတဲ့နေရာ ဖြစ်ပါတယ်။ တစ်နှစ်ကိုတစ်ခါ ဒီတန်ခွန်တိုင်တွေကို တစ်တိုင်ချင်းစီလဲတယ်လို့ သိရပါတယ်။ ဒီမှာတော့ တန်ခွန်တိုင် ၅ တိုင် ရှိတဲ့အတွက် ဒါတွေအကုန်လဲမယ်ဆိုရင် ၅ နှစ်ကြာမှာ ဖြစ်ပါတယ်။ တစ်နှစ်တစ်ခါလည်း တန်ခွန်တိုင်ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။ အခု တန်ခွန်တိုင်အနားကို သွားရောက်လေ့လာကြည့်ဦးမှာ ဖြစ်ပါတယ်။

ကယန်းလူမျိုးတွေက ရိုးရာနတ်ကို အတော်လေးယုံကြည်ကိုးစားကြ တယ်လို့ စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ဒီကိုရောက်လာတော့လည်း လက်တွေ့ ကျွန်တော်တို့ တွေ့ကြရပါတယ်။ ကယားလူမျိုးတွေ နတ်ကိုးကွယ်ကြ နတ်ကို ပူဇော်ပသကြတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ နတ်ပူဇော်ပသတဲ့အထဲမှာ ဒင်္ဂါးပြားတွေကိုလည်း တွေ့ရပါတယ်။ ဒီလို ဘိုးဘွားစဉ်ဆက် တန်ဖိုးထားသုံးစွဲနေဆဲ ဒင်္ဂါးပြားတွေကို ကြည့်လိုက်တော့ အိန္ဒိယရူပီးဖြစ်နေတာကို အံ့သြစွာတွေ့လိုက်ရပါတယ်။ ဒီနေရာလေးမှာ ဒီဒင်္ဂါးပြားတစ်ပြားဟာ မြန်မာကျပ်ငွေ တစ်သောင်းဝန်းကျင်လောက်နဲ့ တန်ဖိုးညီမျှတယ်လို့ ဆိုပါတယ်။ ဒီဒင်္ဂါးပြားတွေနဲ့ပဲ လက်ထပ်တဲ့အခါ တင်တောင်းကြတယ်။ ကျန်းမာရေးအတွက် နတ်တင်တဲ့အခါ ပသကြတယ်။ ကျွဲနွားဝယ်ယူတဲ့အခါမှာလည်း အသုံးပြုကြတယ်။ ဒါပေမဲ့ ဒီဒေသမှာ ဘိုးဘွားစဉ်ဆက် ဆင်းသက်လာတဲ့ ဒင်္ဂါးပြားသာ တန်ဖိုးရှိပါတယ်။

ပန်ပက်ရွာမှာ အချိန်တိုတိုအတွင်း လေ့လာဖို့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်တွေထဲမှာ ရိုးရာပန်ပက်ရွာဆန်ပြုတ်လည်း တစ်ခုအပါအဝင်ပါပဲ။ သူတို့ဆန်ပြုတ်က ကြက်သားဆန်ပြုတ်ဆိုပေမဲ့ မြင်တွေ့နေကျဆန်ပြုတ်လို အရည်ကျဲကျဲ မဟုတ်ပဲနဲ့ ဆီထမင်းပုံစံ ဖြစ်ပါတယ်။ ရိုးရာအစားအသောက်ဖြစ်တဲ့ ကြက်သားဆန်ပြုတ်ကို ပြုလုပ်ဖို့အတွက် ဆန်ကို နနွင်းနဲ့ရောနယ်ပြီး ကြက်အကောင်လိုက် ထည့်ပြုတ်ရပါတယ်။ အဲ့ဒီနောက်မှာ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆားနဲ့ စပါးလင်ကို ရောပြီး ထောင်းရပါတယ်။ ဒီလိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေကို ရောပြီး ကျေညက်အောင် ထောင်းပြီးတဲ့အခါမှာတော့ ခုနတုန်းက ကြက်သားနဲ့ ဆန် ရောပြုတ်ထားတဲ့ အိုးထဲကို လောင်းထည့်လိုက်ပါတယ်။ ကြက်သားရိုးရာဆန်ပြုတ်ပြုလုပ်တဲ့ပုံစံကတော့ လွယ်ကူပြီးတော့ ရိုးရှင်းလှပါတယ်။

ကြက်သားဆန်ပြုတ်ကို နှီးဒေါင်းလန်းကြီးထဲကိုထည့်ပြီး ကျွန်တော်တို့တွေ ပျော်ပျော်ပါးပါး စားသောက်ခဲ့ကြပါတယ်။ ဒီလိုမျိုး နှီးဒေါင်းလန်းကြီးထဲကိုထည့်ပြီး အတူတူ စားသောက်ကြတဲ့ဓလေ့ဟာ အခုအခါမှာတော့ သိပ်ကိုရှားပါးသွားပြီလို့ ဆိုပါတယ်။ 

“ရွှေရိုး” ကလောင်အမည်ခံ အင်္ဂလိပ်စာရေးဆရာကြီး ဆာဂျော့စကော့ မှတ်တမ်းတင်ထားခဲ့တဲ့ အလွန်ဖော်ရွေသောတိုင်းရင်းသားများကို ကျွန်တော်ကိုယ်တိုင် တွေ့ဆုံရင်းနှီးခွင့် ရခဲ့ပါတယ်။ ကယန်းလူမျိုးတွေရဲ့ မူရင်းဇာတိမြေဖြစ်တဲ့ ပန်ပက်ရွာကို ရောက်ရှိပြီးတဲ့အခါမှာတော့ သူတို့ရဲ့ ရိုးရာဓလေ့ထိန်းသိမ်းမှုတွေ၊ နွေးထွေးဖော်ရွေမှုတွေဟာ အမှတ်ရစရာတွေ ဖြစ်ခဲ့ပါတယ်။

Mizzima Weekly