ဟင်္သာတ ခေါင်းဆေးကျွန်းတွင် ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး

ဟင်္သာတ ခေါင်းဆေးကျွန်းတွင် ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး

ဟင်္သာတ၊ ဖေဖော်ဝါရီ ၂၀ ။ ။ ဟင်္သာတမြို့ ဧရာဝတီမြစ် ခေါင်းဆေးကျွန်းတွင် ကျောင်းသားနှစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ဖေဖော်ဝါရီ ၂၀ရက် နံနက် ၁၀နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

ရေနစ်သေဆုံးသူ နှစ်ဦးမှာ ပထမနှစ် EP မှ မောင်ဥက္ကာ နှင့် မောင်သိန်းထိုက်ဇော်တို့ နှစ်ဦးဖြစ်သည်။ မောင်ဥက္ကာအား ပြန်လည်ရှာတွေ့ပြီဖြစ်သော်လည်း မောင်သိန်းထိုက်ဇော်ကို ယခုအချိန်ထိ ရှာမတွေ့သေးပေ။ 

"ကျွန်တော်တို့ စုစုပေါင်း ၁၅ ယောက်ရေဆင်းကူးတယ်။ ကျွန်တော်တို့ ၅ ယောက်က ကမ်းပေါ်ပြန်တက်လာတော့ ၁၀ ယောက် ရေထဲမှာ ကျန်ခဲ့တယ်။ အဲ့ထဲက ၅ယောက်က ရေနက်ထဲရောက်သွားပြီး နစ်သွားတယ် ရေကူးတတ်တဲ့ ၃ယောက်က ပြန်ပေါ်လာပြီး ၂ ယောက်ပြန်ပေါ်မလာတော့တာပါ " ဟု အတူ ရေဆော့ကစားခဲ့သူ ကျောင်းသားတစ်ဦးက မဇ္ဈိမကို ဖြေကြားသည်။

အဆိုပါ ကျောင်းသား ၁၀ ဦးမှာ ခေါင်းဆေးကျွန်းရှိ သဲသောင်ပြင်တွင် နံနက် ၈နာရီ၄၅မိနစ် အချိန်မှ စတင်၍ ဘောလုံးဆော့ကစားခြင်း ရေကူးခြင်းများပြုလုပ်ခဲ့သည်။

ထို့နောက် ၎င်းတို့အထဲမှ မောင်ဥက္ကာ မောင်သိန်းထိုက်ဇော် မောင်ရဲဝဏ္ဏကျော် မောင်အံ့ထူးမော် မောင်မင်းထက်နောင်တို့ ၅ဦးသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ရာ အနီးပတ်ဝန်းကျင်ရှိ ရွာသူရွာသားများနှင့် ငါးဖမ်းသမားများက ဝိုင်းဝန်းကယ်ဆယ်ကြခဲ့ရာ ၃ဦးသာ ကယ်ဆယ်နိုင်ခဲ့ပြီး မောင်ဥက္ကာနှင့် မောင်သိန်းထိုက်ဇော် တို့အား ကယ်ဆယ်၍ မရခဲ့ပေ။ 

ဆက်လက်၍ ရှာဖွေကြရာ မောင်ဥက္ကာ၏ အလောင်းအား နံနက် ၁၁နာရီတွင်လည်းကောင်း မောင်သိန်းထိုက်ဇော်၏ အလောင်းအား ညနေ ၄ နာရီ ၄၈မိနစ်တွင် လည်းကောင်း မြစ်အတွင်းမှ ပြန်လည်ဆယ်ယူရရှိခဲ့သည်။

အဆိုပါသေဆုံးသွားသော ကျောင်းသား လူငယ်နှစ်ဦးမှာ ရန်ကုန်မြို့မှ နည်းပညာတက္ကသိုလ်(ဟင်္သာတ)သို့ လာရောက် ပညာသင်ကြားနေသူများဖြစ်ပြီး လူငယ်ကွန်ရက်ဖေ့ဘွတ်စာမျက်နှာတွင်လည်း သူငယ်ချင်းကျောင်းသားကျောင်းသူများမှ ၎င်းတို့နှစ်ဦး၏ ပုံအား ပရိုဖိုင်ချိန်း၍ ဝမ်းနည်းမှုကို ပြသလျက်ရှိကြောင်း တွေ့ရသည်။ အထက်ပါရေနစ်မှုဖြစ်စဉ်အား ဟင်္သာတမြို့မ အမှတ် ၁ ရဲစခန်းမှ သေမှုသေခင်းအမှတ် ၃/၂၀၁၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly