ငြိမ်းချမ်းရေးအတွက် အခွင့်ကောင်းကို အမိဖမ်းပါ

ငြိမ်းချမ်းရေးအတွက် အခွင့်ကောင်းကို အမိဖမ်းပါ

ရာစုနှစ် ၇ခုနီးပါးတိုင်အောင်ပင် မြန်မာ ဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများမှာ စစ်ဖြစ်နေခဲ့ကြသည်။ မျက်မှောက်ကာလမှာ စစ်ပွဲများ စတင်ဖြစ်ပွားလာကတည်းက ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် အနီးစပ်ဆုံးကာလပင်ဖြစ်သည်။ လာမည့်ရက်များတွင် ဗဟိုအစိုးရအား မျိုးဆက်နှင့်ချီပြီး ဆန့်ကျင်တိုက်ခိုက်လာသူအများစုဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်များက ချမှတ်မည့် ဆုံးဖြတ်ချက်က တိုင်းပြည်အနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးသို့ ပြတ်ပြတ်သားသား ဦးတည်မည်လား (သိုမဟုတ်) ရတောင့်ရခဲ အခွင့်အရေးကို တစ်ကြိမ်တည်းနှင့် ထာဝရ အဆုံးရှုံးခံမည်လားဆိုသည်ကို ပြဌာန်းတော့မည်ဖြစ်သည်။  

လွန်ခဲ့သည့် လေးနှစ်လုံးလုံးတွင် သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ ၂၀၁၁ခုနှစ် စက်တင်ဘာလက သမ္မတကြီးက တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ၁၆စုနှင့် အပစ်ရပ်ရေး စေ့စပ်ညှိနှိုင်းရန် အလုပ်တာဝန်ကို ကျွန်တော့်ကို အပ်နှင်းခဲ့ရာ ယခုအချိန်တွင် လက်နက်ကိုင်အုပ်စု အားလုံးနီးပါးနှင့် အပြန်အလှန် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီဖြစ်သည်။ ၎င်းတို့မှာ ကနဦးအပစ်ရပ်စဲမှုများပင်ဖြစ်သည်။ နောင်တွင် အားလုံးအကြုံးဝင်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲမှု လိုက်ပါလာပြီး ဖက်ဒရယ်ဒီမိုကရေစီ ကျင့်ထုံးများအပေါ် အခြေခံသည့် အနာဂတ် အစိုးရစနစ်အကြောင်း ဆွေးနွေးပွဲများ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများအထိ တက်လှမ်းရန်ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲများသည်ပင်လျှင် တိုင်းရင်းသားခေါင်းဆောင်းများ ကာလကြာမြင့်စွာကတည်းက တောင့်တနေခဲ့သည့်အရာပင်ဖြစ်သည်။  

သို့သော်လည်း စစ်ပွဲများကတော့ ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ၂၀၁၁-၁၂ခုနှစ်များတွင် မြောက်ပိုင်းဒေသတွင် မြန်မာအစိုးရစစ်တပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ကြားတွင် တိုက်ပွဲများမှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ မကြာသေးမီကပင် ကိုးကန့်တပ်က အစိုးရစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် တရုတ်နယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့်ပင် နယ်စပ်အပစ်အခတ်ရပ်စဲရေးဆီ ဦးတည်ရွေ့ရှားဖို့ လိုအပ်နေသလို၊ ပဋိပက္ခ၏ ဇစ်မြစ်အကြောင်းတရားများကို ရှေ့ရှုသည့် နိုင်ငံရေးဆွေးနွေးပွဲများလည်း လုပ်ဖို့ လိုအပ်လာပါသည်။

ယခုဆိုလျှင် တစ်နိုင်ငံလုံး အပစ်ရပ်ရေးသဘောတူညီချက် (NCA) မူကြမ်းမှာမူ ပြီးစီးသွားခဲ့ပြီဖြစ်သည်။ ဤသဘောတူညီချက်မှာ ၂၀၁၃ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် အုပ်စုခေါင်းဆောင်များ ညီလာခံက ခန့်အပ်ခဲ့သည့် တစ်နိုင်ငံလုံးအပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့နှင့် ပြည်ထောာင်စု ငြိမ်းချမ်းမှုဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ကိုယ်စားလှယ်များကြား ၁၇လကြာ အပြင်းအထန် စေ့စပ်ညှိနှိုင်းမှု၏ အသီးအပွင့်ပင် ဖြစ်သည်။ မတ်လ ၃၁ရက်နေ့တွင် အပစ်ရပ်ရေးသဘောတူညီချက် မူကြမ်းကို နှစ်ဖက်စံလုံးမှ ကနဦးအဆင့် အပြီးသတ်ချမှတ်နိုင်ခဲ့ကြသည်။ ယခုဆိုလျှင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် လွှတ်တော်ပါ ပါဝင်သည့် မြန်မာအစိုးရက NCAကို လက်မှတ်ရေးထိုးလိုနေပြီး၊ အစီအစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲကိုလည်း စတင်လိုနေပြီဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်ပိုင်းက သဘောတူဖို့သာ ကျန်တော့သည်။   

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က သဘောတူညီချက်မူကြမ်းကို ဆွေးနွေးငြင်းခုန်ရန်အတွက် ထိုင်းနယ်စပ်အနီးရှိ လော်ခီးလာရွာကလေးတွင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။ လက်မှတ်ထိုးသင့်သလားဆိုသည့် အချက်အပေါ်တွင် သဘောတူညီမှု မရနိုင်ဖြစ်နေကြသည်။ ကျွန်တော်စိုးရိမ်သည်မှာ လွတ်လပ်ရေးရပြီးကတည်းက မြန်မာပြည်ကို ကပ်သင့်နေခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်မှုအားလုံးကို တစ်ခါတည်းနှင့် ထာဝရအဆုံးသတ်ပစ်ရန် ကျွန်တော်တို့၏ ဘဝသတက်တမ်းအတွင်း ရတောင့်ရခဲ အခွင့်အရေးကို ဆုံးရှုံးသွားနိုင်သည့် ခြောက်ကမ်းပါးအစွန်းတွင် ကျွန်တော်တို့ ရောက်ရှိနေကြသည်ဟူသည့် အချက်ပင်ဖြစ်ပါသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ရေး သဘောတူညီချက်မှာ စက္ကူအပိုင်းအစသက်သက်မျှ မဟုတ်ပါ။ အစဉ်အဆက် မရှိခဲ့ဖူးသည့် အလျှော့ပေးမှုမျး၊ စစ်တပ်၏ ကတိကဝတ်များနှင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများသို့ ဦးတည်သည့် တိုတောင်းသည့် အချိန်ဇယားတို့ ပါဝင်သော မယုံနိုင်စရာ အသေးစိတ်သည့် သဘောတူညီချက်ပင် ဖြစ်ပါသည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးသဘောတူညီချက်၏ အောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအနေဖြင့် လက်နက်အပ်ရန် ဖိအားပေးခံရခြင်းမရှိဘဲ အစီအစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အရွယ်အစားပေါ် မူမတည်ဘဲ တန်းတူရည်တူအခြေခံပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအားလုံး ပါဝင်နိုင်မည်ဖြစ်သည်။ နှစ်အနည်းငယ်အလွန်က အာဏာပိုင်အသိုင်းအဝိုင်းတွင် မပြောကောင်းသည့်အရာ ဖြစ်ခဲ့သော်လည်း ယခု NCA တွင်မူ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်စနစ်အပေါ်တွင် အခြေပြုမည်ဟူသည့် ကတိကဝတ်ပါဝင်နေပါသည်။ ဖက်ဒရယ်သည်ပင် ဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်အဖြစ် NCA ထဲတွင် ကိန်းအောင်းနေပါသည်။ NCA တွင် လက်နက်ကိုင်ပဋိပက္ခများကို အစိုးရက နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ကတိကဝတ်ပြုထားခြင်းသည်လည်း စစ်ရေးအရ အောင်နိုင်ရေးသာလျှင် တစ်ခုတည်းသော တရားဝင်ပေါ်လစီဖြစ်ခဲ့သည့် အစဉ်အလာ ဆယ်စုနှစ်များမှ သိသိသာသာ လမ်းခွဲထွက်လိုက်ခြင်းပင်ဖြစ်ပါသည်။ NCA ၏ တစ်မူထူးခြားချက်မှာ အစိုးရက ချပြသည့် စီမံကိန်းတစ်ခုကို တိုင်းရင်းသားလက်နက်ကိုင်များအား လက်ခံခိုင်းခြင်းမဟုတ်ဘဲ၊ နှစ်ဖက်စလုံးမှ စုပေါင်းထားသည့် အဖွဲ့တစ်ဖွဲ့က ချပြလာသည့် ကနဦးစည်းမျဉ်းများအပေါ်တွင် မူကြမ်းရေးဆွဲပြီး၊ နာရီထောင်ပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာထား အပြီးသတ်ထားခြင်းပင်ဖြစ်သည်။
ထို့အပြင် NCA မှာ စည်းမျဉ်းမူဘောင်ထုန်ပြန်ချက်တစ်ခုထက်လည်း ပိုပါသည်။ လိုအပ်သလို ချက်ချင်း အသက်ဝင်လာမည့် ကတိကဝတ်များလည်း ပါဝင်နေပါသည်။ ဥပမာအားဖြင့် NCAကို လက်မှတ် ထိုးပြီးလျှင်ပြီးချင်း အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကို မတရားသင်း အက်ဥပဒေအရ ပိတ်ပင်တားမြစ်ထားသည့် အဖွဲ့အစည်းများစာရင်းမှ ဖယ်ရှားပစ်မည်ဖြစ်ပါသည်။ သဘောတူထားသည့် အပစ်ရပ်ရေးစည်းမျဉ်းများအတိုင်း လိုက်နာမှုရှိမရှိ စောင့်ကြည့်ရန် နှစ်ဖက်စလုံးက ပူးတွဲစောင့်ကြည့်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းပြီး၊ အစီအစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက်  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီတစ်ရပ်လည်း ဖွဲ့စည်းရမည်ဖြစ်သည်။ စစ်တပ်ကျင့်ထုံးဥပဒေကို နှစ်ဖက်စလုံးမှ ပူးတွဲပြုစု၍ အရှိန်အဟုန် မြင့်တက်မလာမီတွင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် မူဘောင်တစ်ခုကို ဖန်တီးရပါမည်။ မြန်မာစစ်တပ်အပါအဝင် လက်မှတ်ထိုးသူအားလုံးက သင့်တင့်လျောက်ပက်သည့် ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ စစ်ဖြစ်နေသည့် ဒေသများမှ အရပ်သားပြည်သူများမှာ မြန်ဆန်ပြီး အပေါင်းလက္ခဏာဆောင်သော အကျိုးကျေးဇူးများကို မကြာမီ တွေ့ကြုံခံစားလာကြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း ပိုမိုခိုင်မာလာမည်ဖြစ်သည်။  

NCA ကို လက်မှတ် ထိုးရေး မထိုးရေးနှင့်ပတ်သက်၍ အချို့တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှာ ဇဝေဇဝါဖြစ်နေကြသည်ဟု ကျွန်တော်သိထားသည်။ ပိုကြီးမား ပိုသြဇာရှိသည့် အုပ်စုများက လက်ရှိအကျပ်အတည်းမှ ထွက်မြောက်ရာလမ်းကို ကူညီရှာဖွေပေးနိုင်မည်ဟု ကျွန်တော် မျှော်လင့်သည်။ သမ္မတကြီးကမူ အားလုံး ရှေ့သို့ချီတက်နိုင်ရန်အလို့ငှာ အစီအစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများသို့ လက်မှတ်ထိုးစာရင်းတွင်မပါဝင်သူများကိုပင်လျှင် လေ့လာသူအဆင့်အတန်းဖြင့် အုပ်စုအားလုံးကို ဖိတ်ခေါ်ရန် ပြင်ဆင်ထားသည်။

ဧကန်သဘာအနေဖြင့်ပြောရလျှင် NCAမှာ အလုံးစုံခပ်သိမ်းအကြုံးဝင်သည့် သဘောတူညီချက်တော့မဟုတ်ပါ။ မည်သည့် အပစ်ရပ်ရေး သဘောတူညီချက်မျှလည်း အလုံးစုံမလွှမ်းခြုံနိုင်ပါ။ နိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ် ခွဲထွက်မှုဆီ ဦးမတည်သေးသရွေ့ (သို့မဟုတ်) မြန်မာနိုင်ငံ၏ အချုပ်အခြာပိုင်ခွင့်ကို မထိပါးသေးသရွေ့ မည်သည့် ဆုံးဖြတ်ချက်မဆို ပါဝင်နိုင်သည့် ဖြစ်စဉ်တစ်ခု၏ အဖြစ်နိုင်ဆုံး ပထမခြေလှမ်းတစ်ခုအဖြစ်သာ ရည်ရွယ်ခြင်းဖြစ်ပါသည်။ နိုင်ငံရေး ဆွေးနွေးပွဲများကို အမြန်ဆုံးစတင်သင့်ရာ တကယ်တန်းတွင် NCAက လက်မှတ်ထိုးပြီး ရက်ပေါင်း၉၀အတွင်းတွင် စတင်ရမည်ဟုပင် သတ်မှတ်ထားပါသည်။ အခြားအလုပ်ဖြစ်သည့် နည်းလမ်းတစ်ရပ်မရှိဘဲ NCAကို လွှင့်ပစ်လိုက်ဖို့ဆိုသည်မှာ တာဝန်မဲ့ရာကျလွန်းသည်ဖြစ်သောကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်များကိုလည်း ထိုNCAကို လွှင့်ပစ်ရေးရပ်ခံသူများကသာလျှင် တာဝန်ယူရမည် မုချဖြစ်သည်။  

ကျွန်တော်တို့သည့် သမိုင်း၏ လမ်းဆုံလမ်းခွနေရာတွင် ရောက်ရှိလို့နေသည်။ ကျွန်တော်တို့၏ မျိုးဆက်များအတွက် ပိုမိုတောက်ပသောအနာဂတ်ကို ဆောင်ကျဉ်းပေးလိုလျှင် နက်နက်နဲနဲ ဆင်ခြင်၍ စွန့်စားရမည်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး၊ ကျွနု်ပ်တို့၏ အစိုးရနှင့်အတူ ရေရှည်တည်တံ့သော ငြမ်းချမ်းရေးသို့ ချီတက်ကြဖို့ ကျွန်တော်တောင်းဆိုပါသည်။ 

Ref: Foreign Policy

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags