ဒီနှစ် အပူပိုကာ စိုက်ပျိုးမှုအထွက်နှုန်း လျော့ကျနိုင်

19 February 2016
ဒီနှစ် အပူပိုကာ စိုက်ပျိုးမှုအထွက်နှုန်း လျော့ကျနိုင်

တစ်ပတ်အတွင်း မိုးလေဝသသ ခန့်မှန်းချက်များကို မိုလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းလျက် အပတ်စဉ် သောကြာနေ့တိုင်း မဇ္ဈိမက တင်ပြလျက် ရှိပါတယ်။  ဒီတစ်ပတ် တင်ပြချက်ကတော့ ဖေဖော်ဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၆ရက် အထိ ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။

ဆောင်း နဲ့ နွေအကူးကာလ အခြေအနေ

လက်ရှိကာလဟာ ရာသီကာလ အပိုင်းခြားအနေနဲ့ ဆောင်းရာသီက နွေရာသီကို ကူးပြောင်းတော့မယ့် ကာလဖြစ်ပါတယ်။ ရာသီဥတုပိုင်းခြားမှုအရ ဖေဖော်ဝါရီလကုန်ထိ ဆောင်းရာသီဟာ ရှိနေပြီး မတ်လဆန်းတာနဲ့ နွေရာသီကာလကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နေ့အပူချိန်တွေကို ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံး အအေးဆုံးဒေသမှာ နေ့အပူချိန်တွေဟာ လက်ရှိအခြေနေမှာ ၁၅ ဒီဂရီစင်တီဂရိတ်ခန့် ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းများမှာတော့ နေ့အပူချိန်တွေဟာ ၃၅ဒီဂရီ စင်တီဂရိတ်ခန့်ထိ ရှိနေပါတယ်။

ညအပူချိန်များ

ညအပူချိန်တွေကြည့်တဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ မြောက်ဘက် အစွန်ဆုံး တောင်တန်းဒေသတွေမှာ ညအပူချိန်တွေဟာ သုညဒီဂရီမှ ၅ဒီဂရီစင်တီဂရိတ်ထိ ရှိနေပါတယ်။ ရေခဲမှတ်ရဲ့အောက် လျော့တဲ့ဒေသရယ်လို့ မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ရက်များအတွင်းမှာတော့ မရှိခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့တောင်ဘက်အစွန်ဆုံးဖြစ်တဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ စတဲ့ဒေသတွေမှာတော့ ညအပူချိန်တွေဟာ ၂၀ဒီဂရီစင်တီဂရိတ်ခန့် ထိရှိပါတယ်။ ကျန်ဒေသတွေမှာတော့ ညအပူချိန်တွေဟာ အကြမ်းအားဖြင့် ၁၀ဒီဂရီမှာ ၂၀ဒီဂရီစင်တီဂရိတ်အတွင်းမှာ ရှိနေပါတယ်။

မိုးရွာသွန်းမှု

မိုးရွာသွန်းမှုအနေနဲ့လည်း လက်ရှိရက်များအတွင်း မြန်မာနိုင်ငံ မြောက်ဘက်အစွန်ဆုံးဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ရံဖန်ရံခါ တိမ်အနည်းငယ်ဖြစ်ပြီး မိုးအနည်းငယ် ရွာသွန်းတာက လွဲရင်တော့ တစ်ပြည်လုံးမှာ အများအားဖြင့် သာယာနေပါတယ်။ အထူးသဖြင့် အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံပေါ်မှာ မိုးတိမ်တောင် ဖြစ်ပေါ်မှုများ လျော့နည်းပြီးတော့ နေရောင်ခြည်ရရှိမှုတွေ များပြားလာတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများဟာ တစ်နေ့ထက်တစ်နေ့ မြင့်မားလာတာကို တွေ့ရပါတယ်။

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးရောက်ရှိ

လက်ရှိအခြေနေမှာတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများဟာ အလွန်မြင့်တဲ့ အဆင့် Very Hight  Level  မှာ ရောက်ရှိနေတာကို တွေ့ကြရပါတယ်။ ၂၀၁၅-၂၀၁၆ခုနှစ်ဟာ အယ်နီညို ရာသီဥတု ဖြစ်ပေါ်နေတဲ့ ကာလဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅၄ ဒီဇင်ဘာလမှာ အယ်နီညိုဟာ အားကောင်းဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ နှစ်ပေါင်း ၅၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အယ်နီညိုရဲ့ သမိုင်းမှတ်တမ်းတစ်လျှောက် ဒီနှစ် ၂၀၁၅-၂၀၁၆ ဖြစ်တဲ့ အယ်နီညိုဟာ သမိုင်းမှာ အားကောင်းဆုံး အယ်နီညို ဖြစ်နေခဲ့ပါတယ်။ အယ်နီညို ဖြစ်စဉ်တွေဟာ တစ်ခါဖြစ်ရင် အနည်းဆုံး ၁၂လခန့် ကြာမြင့်တတ်ပြီးတော့ အားကောင်းဆုံးဟာ ဒီဇင်ဘာလမှာ ရှိတဲ့အတွက် အယ်နီညိုရဲ့ ထိခိုက်မှုတွေဟာ ရှေ့၆လ နောက် ၆လ ကာလတွေမှာ ကြုံတွေ့ရတတ်ပါတယ်။ အဲတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ရဲ့ ဒုတိယ ၆လအတွင်း အယ်နီညို ထိခိုက်မှုတွေ ရှိခဲ့ပြီး လက်ရှိ ၂၀၁၆ရဲ့ ပထမ ၆ လအတွင်းမှာလည်း အယ်နီညိုရဲ့ ထိခိုက်မှုများ ဆက်လက်ရှိနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် အယ်နီညိုရဲ့ ထိခိုက်မှုကြောင့် ဘာတွေများဖြစ်ခဲ့သလဲလို့ ပြန်လည် သုံးသပ်ကြည့်တဲ့အခါမှာ အထင်ရှားဆုံးတွေ့ရတဲ့ အကြောင်းအရာကတော့ သြဂုဏ်လမှာ ဖြစ်ခဲ့တဲ့ ရေကြီးမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်နယ်တိုင်းဒေသကြီး ၁၄ခု ရှိတဲ့အနက် ၁၂ခုမှာ ရေဘေးကြုံတွေ့ခဲ့ရပြီး ဒီကြုံတွေ့တဲ့ ရေဘေးကလည်း မြန်မာနိုင်ငံရဲ့   ရေဘေးသမိုင်းမှာ အဆိုးဝါးဆုံးထဲက တစ်ခုဖြစ်ပါတယ်.။ အဲတာအပြင် ပြီးခဲ့တဲ့ ၂၀၁၅အတွင်း မြန်မာနိုင်ငံမှာ အဲဒီလိုရေကြီးတဲ့ဒေသ ဖြစ်ပေါ်ခဲ့တဲ့ နည်းတူတစ်ခြားဒေသတွေမှာတော့ မိုးခေါင်းခြင်းကိုလည်း   ကြုံတွေ့ရပါတယ်။ အဲတာကြောင့် စိုက်ပျိုးသီးနှံထုတ်လုပ်မှု ထွက်ရှိမှုတွေအပေါ်မှာတော့ ထိခိုက်မှုများရှိပြီး အထွက်နည်းခဲ့တဲ့ အတွက်ကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီအချက်တွေဟာ အယ်နီညိုရဲ့ ပထမတစ်ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်များ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ အယ်နီညိုရဲ့ ဒုတိယ တစ်ပိုင်းဖြစ်တဲ့ ၂၀၁၆မှာ ဘာတွေ ထိခိုက်မှု ရှိလာနိုင်တယ်။ ဘာတွေကို သတိထားဖို့လိုတယ်ဆိုတဲ့ အချက်က အရေးကြီးလာပြီ ဖြစ်ပါတယ်။ အယ်နီညိုဖြစ်ရင် မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ရေဘုယျအားဖြင့် ပူပြင်း ခြောက်သွေ့တတ်ပါတယ်။ ဒီလိုပူပြင်းခြောက်သွေ့တဲ့ရာသီဥတု ဖြစ်ပေါ်တဲ့အခါ မြန်မာနိုင်ငံမှာ အဓိအားဖြင့် ကဏ္ဍသုံးခုဖြစ်တဲ့ ရေရရှိမှု စိုက်ပျိုးရေးနဲ့ ကျန်းမာရေး ဒီကဏ္ဍ သုံးခုမှာ ထိခိုက်မှု များပြားတတ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအခြေနေမှာ ရေရှားပါးမှု ကြုံတွေ့နေရပါတယ်။ နေရာတော်တော်များများမှာ ရေရှားပါးမှုများကို တစ်နေ့ထက် တစ်နေ့တိုးပြီး တွေ့နေရပါတယ်။ ဥပမာ ဧရာဝတီတိုင်းတွင်းမှာ ရှိတဲ့ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းမှာရှိတဲ့ မင်းတုန်းမြို့နယ်တို့မှာ ရေရှားပါမှု ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ရွှေဘိုခရိုင် မကွေးတိုင်း စတဲ့ဒေသတွေမှာ ရေရှားပါမှု ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ သတင်းတစ်ပုဒ်အရဆိုရင်တော့ ဧရာဝတီတိုင်း အတွင်း သာပေါင်းမြို့နယ်မှာ ရေရှိဖို့အတွက် အဝီစီတွင်းများ တူးရာမှာ ရေမထွက်တော့တဲ့အတွက် သားပေါင်းမြို့နယ်အတွင်းက တစ်ချို့ကျေးရွာတွေမှာ သောက်ရေသုံးရေကို လယ်ကွင်းထဲက ရေကို သောက်သုံးနေရတယ်ဆိုတဲ့ သတင်းထိ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။

စိုက်ပျိုးမှု အထွက်နှုန်းလျော့နိုင်တဲ့နှစ်

လက်ရှိချိန်ဟာ ဆောင်းရာသီအတွင်းပဲ ရှိနေသေးတဲ့အတွက် ဒီလိုကြုံတွေ့ရခြင်းဟာ ပုံမှန်ထက်များစွာ စောတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်ပူပြင်းခြောက်သွေ့တဲ့နွေရာသီ ရောက်လာခဲ့မယ်ဆိုရင်တော့   ရေပြဿနာရဲ့ ကြီးထွားမှုဟာ ဒီထက်ပိုးဆိုးနိုင်တဲ့ အနေထားမှာ ရောက်ရှိလို့ နေပါတယ်။ စိုက်ပျိုးရေး ထုတ်လုပ်မှု အနေနဲ့တော့ ဒီနှစ်ထွက်ကုန်အနေနဲ့ များစွာလျော့နည်းနိုင်ပြီး စားနပ်ရိက္ခာဖူလုံဖို့ အတွက်လည်း အလွန်သတိထား ဆောင်ရွက်ကြဖို့လိုမယ်ဆိုတဲ့ အချက်ကို ဖော်ပြနေပါတယ်။

အယ်လ်နီညိုကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်နိုင်

ကျန်းမာရေးအတွက်ကတော့ အယ်လ်နီညို အားကောင်းတဲ့နှစ်တွေမှာ ကူးစက်ပြန့်ပွားတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ ပေါ်ပေါက်တတ်ပါတယ်။ ၁၉၁၈-၁၉၂၀ခုနှစ်တုန်းက အားကောင်းတဲ့ အယ်နီညို ဖြစ်တဲ့အခါမှာ ကမ္ဘာ့လူဦးရေ သန်း ၅၀မှ သန်း ၁၀၀လောက်ထိ သေကြေပျက်စီးခဲ့တဲ့ H1 N1 ဗိုင်းရပ်ပိုး ပေါ်ထွက်ခဲ့ပါတယ်။ ဒီနှစ် ၂၀၁၅-၂၀၁၆မှာ မိုးခေါင်မှုဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့ ဘရာဇီးနိုင်ငံအစ ပြုပြီးတော့ ဇီကာလို့ အမည်ရှိတဲ့ ဗိုင်းရစ်ပိုးတစ်ခု ပေါ်ထွက်လာပါတယ်။ ဘရားဇီးနိုင်ငံမှာ အဲဒီဗိုင်းရပ်ပိုး ကူးစက်ခံရတဲ့ လူအရည်အတွက်ဟာ ၁.၃သန်းထိ ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၂၅ နိုင်ငံထိ ပြန့်နှံနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံ တရုတ်နိုင်ငံတွေမှာ အခုခါမှာ ဇီကာဗိုင်းရပ်ပိုးများ ကူးစက်ခံနေရပြီလို့ သက်ဆိုင်ရာ နိုင်ငံများရဲ့ ထုတ်ပြန်ကြေငြာချက်အရ သိရပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံအနေနဲ့လည်း အထူးသဖြင့်လာမယ့် မိုးဥကျရာသီမှာ ဇီကာဗိုင်းရပ်ပိုး ကူးစက်ခြင်းဘေးမှာ ကင်းလွှတ်ရအောင် ကြိုတင်ကာကွယ်ပြင်ဆင်မှုများ ပြုလုပ်ဖို့ အထူးလိုအပ်ပါတယ်။ အယ်နီညို ရာသီဥတုဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ပေးတတ်တဲ့အတွက်ကြောင့် ဒီနှစ်မှာ အထူးသတိထားရမယ့် သဘာဝဘေးတစ်ခု ထပ်မံတိုးလာပြန်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိကာလမှာ မမျှော်လင့်ဘဲ မကြာခဏ ကြားသိနေရတဲ့ သဘာဝဘေးကတော့ မီးလောင်ခြင်း ဖြစ်ပါတယ်။ အယ်နီညို ရာသီဥတုဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေတတ်တဲ့အတွက် မီးလောင်ခြင်းကိုအားပေးတဲ့ ရာသီဥတုဖြစ်တယ်လို့ ဆိုလိုချင်ပါတယ်။ ဒါကြောင့်မို့ မီးလောင်ခြင်းကိုလည်း နောက်ထပ် အယ်နီညိုနဲ့ ပတ်သက်တဲ့ သဘာဝဘေးတစ်ခုအဖြစ် သတိထားဆောင်ရွက်ကြဖို့လိုတယ်လို့ အကြံပြုတင်ပြလိုပါတယ်။

သတိထားသင့်တဲ့အချက်

နောက်ဆုံးတင်ပြလိုတဲ့ အချက်ကတော့ လာမယ့်တစ်ပါတ်မှာ ရာသီဥတုအနေနဲ့ ထူးထူးခြားခြားမရှိနိုင်သေးပေမယ့် အဓိက အရေးထားရမယ့် အချက်ကတော့ အပူချိန်များမြင့်တက်လာခြင်းပဲ   ဖြစ်ပါတယ်။ လာမည့်တစ်ပါတ်အတွင်း မြန်မာနိုင်ငံမှာ နေ့အပူချိန်များ မြင့်တက်လာရာမှာ ပထမဦးဆုံး အကြိမ်အဖြစ် နေ့အပူချိန်တွေဟာ ၄၀ဒီဂရီမှ ၄၅ဒီဂရီစင်တီဂရိတ်လောက်ထိ မြင့်တက်နိုင်တဲ့ အလားလာများ ရှိနိုင်ပါတယ်။ အဲဒီဒေသတွေကတော့ မကွေးတိုင်း ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ ဖြစ်ပါတယ်။ နေ့အပူချိန်တွေ ၄၀နှင့်အထက် ရောက်ရှိလာမယ့် ပထမဦးဆုံး အကြိမ် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအပူချိန်တွေ မြင့်တက်မှုဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပုံမှန်အခြေနေများနှင့် နှိုင်းစာမယ်ဆိုရင်တော့ ဒီအပူချိန်မြင့်တက်မှုဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတစ်ချို့မှာသာ ပုံမှန်အတိုင်းရှိနေပြီး ကျန်ဒေသအားလုံးကတော့ ပုံမှန်ရဲ့ အထက်ကို ကျော်လွန်နေတယ်ဆိုတာကို   တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ ကချင်ပြည်နယ်မှာ နေ့အပူချိန်ဟာ ၈ဒီဂရီမှ ၁၂ ဒီဂရီစင်တီဂရိတ်အထိ ကျော်လွန်နေပြီးတော့ ကျန်တိုင်းဒေသတွေနဲ့ ပြည်နယ်တွေမှာ အပူချိန်ဟာ ၂ဒီဂရီမှ ၄ဒီဂရီစင်တီဂရိတ်ထိ ပိုနေတဲ့အတွက် အပူနဲ့ ပတ်သက်တဲ့ အန္တရာယ်ကိုတော့ နောက်လာမည့် ရက်သတ္တပတ်အတွင်းမှာ အထူးသတိထားဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင် နိဂုံးချုပ်အပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly