ဘလော့ဂ်ဂါနေဘုန်းလတ်၏ မွေ့နေ့အထိမ်းအမှတ် စာအုပ်မိတ်ဆက်ပွဲ

ဘလော့ဂ်ဂါနေဘုန်းလတ်၏ မွေ့နေ့အထိမ်းအမှတ် စာအုပ်မိတ်ဆက်ပွဲ
ဘလော့ဂါ ကိုနေဘုန်းလတ်မွေးနေ့ စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ-နန်းညီ)

ရန်ကုန် (မဇ္ဈိမ) ။ ။ ဘလော့ဂ်ဂါနေဘုန်းလတ်၏  ၃၅နှစ်ပြည့် မွေ့နေ့အထိမ်းအမှတ်အဖြစ် ‘မှ/သို့ နေဘုန်းလတ်’ အမည်ရှိ စာအုပ်မိတ်ဆက်ခြင်းကို ဇွန် ၂၈ရက်က ရန်ကုန်မြို့ ပန်းဆိုးတန်း အလယ်ဘလောက်ရှိ  River Ayeyarwaddy ဂယ်လာရီတွင် ကျင်းပခဲ့သည်။

နေဘုန်းလတ်က “ ကျွန်တော်က ထောင်နဲ့ပတ်သက်ပြီး မရေးဖူးသေးဘူး၊ အရင်ရေးခဲ့သူတွေ ရှိပေမယ့် အတော်များများက ထောင်ကို မကောင်းအောင်ရေးတော့ ကြောက်ကျတယ်၊ ကျွန်တော်ကတော့ ထောင်ကို မကြောက်အောင် ရေးထားတယ်လို့ပြောရမယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းကျ ထောင်မကြောက် တန်းမကြောက် လုပ်ရမယ့်ကိစ္စတွေ ပေါ်လာရင် သိထားရအောင်လို့ပေါ့ဗျာ”ဟု စာအုပ်မိတ်ဆက်ပွဲတွင် ပြောသည်။

‘ မှ/သို့ နေဘုန်းလတ်’ စာအုပ်နှင့် ပတ်သက်၍ ၂၀၀၈ခုနှစ် နေဘုန်းလတ် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှ စ၍ ပြန်လည်လွတ်မြောက်လာခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ရက်အထိ ယင်း၏ ဘလော့တွင် နေဘုန်းလတ်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းရေးသားခဲ့သည့် မိတ်ဆွေအပေါင်းအသင်းများ၏ ပေးစာများနှင့် ထောင်ဝင်စာလာတွေ့သည့် ၎င်း၏မိဘများမှတစ်ဆင့်ပြောသည့်  နေဘုန်းလတ်၏ ပေးစာများကို နေဘုန်းလတ်ဘလော့တွင် တင်ထားပြီး ယင်းစာများကို စာအုပ်အသွင် ပြောင်းလဲထားခြင်းဖြစ်သည်ဟုဆိုသည်။ 

ခေတ်တစ်ခေတ်၏ အချိုးအကွေ့ကို လူငယ်များနားလည်စေချင်ပြီး သမိုင်းဖြတ်သန်းမှုကို ထိန်ချိန်မထားဘဲ ခေတ်အလိုက်ရှိနေသာ လူငယ်များ၏ တွေးခေါ်မှုဟန်ပန်များကို သိစေရန်ရည်ရွယ်ထားသည်ဟု နေဘုန်းလတ်က ဆိုသည်။ ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် ကိုညီညီ(သံလွင်အိပ်မက်)က “လူကိုသာအကျဉ်းချထားလို့ရမယ်၊ သူ့ရဲ့ စာပေနဲ့ အနုပညာကိုတော့ အကျဉ်းချထားလို့ မရဘူးဆိုတာ ဒီစာအုပ်ကသက်သေပါပဲ” ဟု ပြောသည်။

ဘလော့ဂါနေဘုန်းလတ်သည် ၂၀၀၈ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းကျနေစဉ်ကာလ ၂၀၀၈ခုနှစ်မှာပင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပေးအပ်သော ဆုကို လူရွှင်တော် ဇာဂနာနှင့်အတူ ရရှိခဲ့ဖူပြီး ၂၀၁၀ပြည့်နှစ်တွင် PEN American မှပေးသော ရွှေကလောင်ဆုနှင့် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် Hero 100  စာရင်းတွင် ပါဝင်ခဲ့ကာ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly