မကွေးတိုင်း ရှစ်တန်းစာမေးပွဲ မေးခွန်းများ ပေါက်ကြား၊ ပညာရေးဝန်ကြီးဌာနမှကိုယ်တိုင် စစ်ဆေးမည်

မကွေးတိုင်း ရှစ်တန်းစာမေးပွဲ မေးခွန်းများ ပေါက်ကြား၊ ပညာရေးဝန်ကြီးဌာနမှကိုယ်တိုင် စစ်ဆေးမည်

မကွေး ၊ ဖေဖော်ဝါရီ   ၁၉ ။             ။ မကွေးတိုင်းဒေသကြီးတွင် အဌမတန်း အတန်းတင်စာမေးပွဲ "အင်္ဂလိပ်ဘာသာ" စတင်ဖြေကြားသည့်နေ့မှ စတင်၍ ဖေဖော်ဝါရီ ၁၉ ရက်နေ့ သမိုင်းဘာသာရပ်   ဖြေကြားသည့် နေ့အထိ ရာခိုင်နှုန်းပြည့် မေးခွန်းများပေါက်ကြားခဲ့ မှုကို စုံစမ်းစစ်ဆေးနေပြီးဖြစ်ကြောင်း မကွေးတိုင်းပညာရေးမှူးရုံးမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ခရိုင်ပညာရေးမှူးရုံးဝန်ထမ်းများကို စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်အဖွဲ့များလာ ရောက်စစ်ဆေး ရန်ရှိ ကြောင်း ၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

" သင်္ချာတစ်ဘာသာကတော့ ပေါက်တာမှန်ပါတယ်။တစ်ချို့ ဟာတွေက အစစ်အမှန်လို့ယူဆလို့ မရသေးဘူး။ စုံစမ်းစစ်ဆေးဆဲအခြေအနေပဲရှိပါသေးတယ်။ ပုဂ္ဂလိက ကျောင်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ အပေးအယူရှိတယ် ဆိုတဲ့ကိစ္စကတော့ အတိအကျပြောလို့မရသေးဘူး။ အကြီးအကဲတွေ မစစ်ဆေးမီ ကြိုတင်စစ်ဆေးနေတာပါ။"ဟု ၎င်းကပြောသည်။

မဇ္ဈိမမီဒီယာမှ တိုင်းပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းရန်ကြိုးစားသော်လည်း စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေ သောကြောင့် တိုင်းပညာရေးမှူးအား တွေ့ခွင့်မရခဲ့ပေ။

"ရုံးအဖွဲ့ကပဲ အားနည်းချက်ရှိမလား၊ကြီးကြပ်ရေးမှူးတွေကပဲ အားနည်းချက်ရှိမလားတော့ ပြောလို့မရသေးဘူး။ မြို့နယ်ပညာရေးမှူးရုံးမှာတော့ စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်။ (၈)တန်းမေးခွန်းတွေကတော့ facebook ပေါ်မှာ တွေ့ရတဲ့ အနေအထားအရတော့ တော်တော်လေးပျံ့နှံ့တဲ့သဘောတွေ့ရတယ်။ အစိုးရစစ်စာမေးပွဲဆိုတာ ဒီလိုကြီးပဲလားပေါ့၊   မေးခွန်းတွေက ဒီလိုဘဲပျံ့နေသလားဆိုတဲ့ အတွေးမျိုးဝင်သွားရင်မကောင်းဘူး။"  ဟု မကွေး မြို့၊မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး တစ်ဦးက ပြောပြသည်။

နတ်မောက်မြို့မှ ကျောင်းဆရာဟောင်းဦးဌေးဝင်းကလည်း "မနေ့ကတည်းက မေးခွန်းတွေကပေါက်နေတာ။ Facebookပေါ် မှာ ပလူပျံနေတာပဲ။ ၁၅ ရက်နေ့ကတည်းက ပေါက်နေတာ။ မြန်မာစာနေ့မှာ အစက ကလေး တွေက မသိကြသေးဘူး။ ကျူရှင်မတက်၊ ဘော်ဒါမနေတဲ့ ကလေးတွေကတော့ မသိကြဘူး။ ၁၇ ရက်နေ့က facebookပေါ်က ဝေမျှတဲ့မေးခွန်းတွေက နောက်တစ်နေ့ ဖြေတဲ့မေးခွန်းနဲ့ ကွက်တိတူနေတယ်။"- ဟု မိဇ္ဈိမသို့ ဖေဖော်ဝါရီ ၁၉ ရက်က ပြောသည်။

အင်္ဂလိပ်စာနေ့ကတည်းက အမှတ် ၁၀၀ ဖိုး ကွက်တိပေါက်ကြားခဲ့ပြီး ဖေဖော်ဝါရီ ၁၉ရက်နေ့ သမိုင်းဖြေဆိုသည့်နေအထိ ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း ပုဂ္ဂလိကကျောင်းများနှင့် ပညာရေးဌာနမှ သက်ဆိုင်ရာ  တာဝန်ရှိသူများ အပေးအယူလုပ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်းကျာင်းဆရာဟောင်းဦးဌေးဝင်း သုံးသပ်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly