စီးပွားရေးအရ ငွေပေးချေမှုမှာ ဒစ်ဂျစ်တယ်စနစ် ပြီပြင်လာဖို့ အချိန် ၃နှစ်မှ ၅နှစ်အတွင်း ကြာဦးမည်

စီးပွားရေးအရ ငွေပေးချေမှုမှာ ဒစ်ဂျစ်တယ်စနစ် ပြီပြင်လာဖို့ အချိန် ၃နှစ်မှ ၅နှစ်အတွင်း ကြာဦးမည်
(ဓာတ်ပုံ-သက်ကို)

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍတိုးတက်လာတဲ့ အခြေအနေမှာ ဒီဂျစ်တယ်စီးပွားရေးတွေ ဖွံ့ဖြိုးဖို့တော့ လိုအပ်လာနေပါတယ်။ တစ်ချိန်တည်းမှာပဲ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေအတွက်   ငွေပေးချေနိုင်တဲ့ ဒီဂျစ်တယ် ငွေပေးချေကဒ်တွေရဲ့ကဏ္ဍလည်း တစ်ဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးလာနေပါတယ်။

Smart ဖုန်းတစ်လုံးဟာကိုယ်ပိုင်ပိုက်ဆံအိတ်တစ်လုံးဖြစ်လာနေပါပြီ

လွန်ခဲ့တဲ့ အချိန် ၃ နှစ်ကာလလောက်ကနေစပြီး မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍနဲ့ မိုဘိုင်းဖုန်းအသုံးပြုမှုတွေက တိုးတက်လာသလို တစ်ချိန်တည်းမှာပဲ မိုဘိုင်းအင်တာနက်အသုံးပြုမှုတွေ တွင်ကျယ်လာတာကြောင့် အွန်လိုင်းကနေ စီးပွားရေးလုပ်ကိုင်သူတွေ၊ Facebook လိုမျိုး လူမှုကွန်ရက်စာမျက်နှာတွေကနေ မိမိကုမ္ပဏီကိုကြော်ငြာတာမျိုးတွေ ပြုလုပ်လာကြပါတယ်။

ဒီအတွက် ဘဏ်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီးငွေပေးချေတဲ့ ဒီဂျစ်တယ်ကဒ်တွေ ကိုအသုံးပြုလာရတာတွေလည်း ရှိလာနေပါတယ်။ ဆိုတော့.. ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးလာမှုက မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေးကို အထောက်အကူပြုသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒီလိုဈေးဆိုင်ကြီးတွေမှာ ဒီဂျစ်တယ်ငွေပေးချေကဒ်တွေနဲ့ ဈေးလာဝယ်သူတွေ ရှိပေမယ့် သိပ်ပြီးများတာတော့ မဟုတ်ပါဘူး။

ဆိုင်ရဲ့မှတ်တမ်းအရဆိုရင် ဒီဂျစ်တယ်ကဒ်နဲ့ ဒီမှာဈေးလာဝယ်သူက တစ်နေ့ကို တစ်ဒါဇင်နီးပါးလောက်ပဲရှိတယ်လို့ သိရပါတယ်။ ဈေးဝယ်သူအများစုက ငွေသားကိုအသုံးပြုနေတုန်းပါ။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍက လူအတော်များများနဲ့ သက်ဆိုင်လာတယ် ဆိုပေမယ့် ဒီအပေါ်မှာတစ်ကိုယ်ရေသုံးအပြင် စီးပွားရေးအရအသုံးပြုတာတွေက နည်းနေပါသေးတယ်။

e bill, e ticket စတာတွေ လုပ်ကိုင်နေတဲ့ 2C2P Co.Ltd ရဲ့ Founder & CEO ဦးအောင်ကျော်မိုးက "ကဒ်ကို ပြန်ပြောရရင် အခုသုံးစွဲသူ ၁.၂ သန်းက ATM က ငွေထုတ်တဲ့အဆင့်ပဲရှိသေးတယ်။ စားသောက်ဆိုင်နဲ့ စတိုးဆိုင်မှာသုံးတာက ရှားသေးတယ်၊ e-commerce မှာသုံးတာကပိုတောင်ရှားသေးတယ်။" လို့ မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာဈေးကွက် ချိတ်ဆက်ပေးနေတဲ့ ကုန်စည်ရောင်းဝယ်ရေး ပလက်ဖောင်းတစ်ခုကို တည်ထောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ BaganTrade.comရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးပြည့်ဖြိုးပိုင်ကလည်း "စီးပွားရေးသုံးတာကအင်တာနေရှယ်ကနေ ကျွန်တော်ဝယ်ထားတဲ့ Visa cardနဲ့ Master Card ကိုတော့ ကျွန်တော် စီးပွားရေးသုံးတယ်၊ ကျွန်တော်တို့က online marketing လုပ်နေတော့ Facebook marketing လုပ်တယ်၊ Facebookingလုပ်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့စီးပွားရေးကို marketing လုပ်တာရှိသလို..မြန်မာနိုင်ငံမှာရှိတဲ့ တစ်ခြားလုပ်ငန်းတွေကို Facebook ကနေ marketing လုပ်ပေးတာရှိတယ်" လို့ ပြောပါတယ်။

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက သူရဲ့ ငွေသားအခြေခံစီးပွားရေးကိုဘဏ္ဍာရေးဝန်ဆောင်မှုကနေ ပြန်လည်စတင်ဖို့ ချိန်ခွင်လျှာညှိနေပါတယ်။ ဒီအတွက် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အဦး   ပြင်ဆင်တာတွေကို အရေးတကြီး လုပ်ကိုင်လာနေကြပါတယ်။

ကမ္ဘာ့ရတနာအများပိုင်ဘဏ်လုပ်ငန်းကတော့ ATM ငွေထုတ်စက်တွေ တည်ထောင်ဖို့ ဒီဂျစ်တယ်ငွေသားပေးချေမှုကဒ်စနစ်တွေ စတင်ဖို့ အားယူနေဆဲအချိန် မှာပဲရှိနေပါတယ်။ သူတို့ပူပန်တာကအင်တာနက်ကွန်ရက်အားနက်ချက်ကိုပါ။

"ကျွန်တော်တို့က Infrastructure မကောင်းပဲနဲ့ ထုတ်လိုက်ပြန်ရင် customer တွေကို ကျွန်တော်တို့မရှင်းပေးနိုင်ဘူး၊အဲဒိတော့ Infrastructure ကိုအကောင်းဆုံးတည်ဆောက်မယ်၊ ပြီးပြီဆိုတော့မှ ဒီကောင်ကိုအကောင်းဆုံးထုတ်မယ်။" ကမ္ဘာ့ရတနာဘဏ်လီမိတက်၏ Chief of Technical Officer ဦးခင်မောင်ဦးက ပြောပါတယ်။

မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြုလာနိုင်တဲ့အခြေအနေမှာ ATM စက်တစ်လုံးတည်ထောင်ဖို့ ကုန်ကျစားရိတ်က ၁၀ဒေါ်လာအောက်ပဲ ရှိတော့တာပါ။

“ကျွန်တော့်မိတ်ဆွေတစ်ယောက်က ဘဏ်မှာလုပ်တုန်းကဆိုရင် သူပြောတယ်။ မိုဘိုင်းအင်တာနက်မရခင်တုန်းက ATMစက်တစ်လုံးထောင်ဖို့ဆိုရင် ဂြိုဟ်တုကနေတစ်ဆင့် ချိတ်ဆက်ရတယ်၊ အဲတော့ တစ်လကို ATM ထောင်ခက ဆက်သွယ်ရေးစားရိတ်ကြီးပဲ ဒေါ်လာတစ်ထောင်လောက်ပေးရတယ်” လို့ 2C2P Co.Ltd မှ Founder & CEO ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဒီဂျစ်တယ်ကဒ်တွေကနေငွေပေးချေတဲ့စနစ် ပိုပြီးတွင်ကျယ်လာဖို့ အင်တာနက်စနစ်ကောင်းအပြင် ကြားခံဝန်ဆောင် မှုပေးနိုင်မယ့် ကုမ္ပဏီတွေရဲ့ လုပ်ငန်းစွမ်းဆောင်နိုင်စွမ်းတွေ ရှိရမှာဖြစ်သလို စနစ်ကိုပံ့ပိုးပေးနိုင်မယ့် နည်းပညာကောင်းတွေလည်း တစ်ဘက်မှာလိုအပ်နေပြန်ပါတယ်။

နိုင်ငံတကာကနေ မြန်မာပြည်ဈေးကွက်ထဲကိုရောက်နေကြပြီဖြစ်တဲ့ Visa နဲ့ Master ကဒ်တွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ပြည်တွင်းသုံးငွေပေးချေစနစ်ဖြစ်တဲ့ Myanmar Pay Union ကဒ်တွေဟာဆိုရင်လည် လူအတော်များများရဲ့ လက်ထဲကို ရောက်ရှိအသုံးပြုသွားနိုင်ဖို့နဲ့ ကျေးလက်ဒေသတွေအထိပါ ကျယ်ပြန့်သွားနိုင်ဖို့ကအရှိန်ယူနေတုန်းကာလမှာပဲရှိနေပါ   သေးတယ်၊ လောလောဆယ်တော့ ဒီကဒ်တွေကို ATM စက်တွေကနေပဲငွေထုတ်တာလောက်မှာပဲအသုံးပြုနေကြပါတယ်။

စီးပွားရေးအရ ငွေပေးချေတဲ့လုပ်ငန်းနယ်ပယ်တွေမှာ ဒီဂျစ်တယ်စီးပွားရေး တိုးတက်ပီပြင်လာဖို့အတွက် အချိန် ၃နှစ်ကနေ ၅ နှစ်အတွင်း ကြာသွားလိမ့်မယ်လို့လည်း ဘဏ်နဲ့ နည်းပညာ ကုမ္ပဏီတွေကပြောဆိုကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly