စီးပွားဖြစ်ငါး ဘယ်လိုမွေးကြမလဲ

19 February 2016
စီးပွားဖြစ်ငါး ဘယ်လိုမွေးကြမလဲ

မြန်မာနိုင်ငံဟာ မြစ်ချောင်း၊ အင်း၊ အိုင် ပေါများတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီအတွက် ရေထွက်ကုန်တစ်မျိုးဖြစ်တဲ့ငါးဟာ အိမ်ရှင်မတွေရဲ့ ထမင်းဝိုင်းမှာပါလေ့ရှိတဲ့ ဟင်းလျာ တစ်မျိုးအဖြစ်လည်းနေရာယူထားပါတယ်။

ငါးကို ဟင်းလျာတွေအပြင် ငါးပိ၊ ငါးခြောက်တွေအဖြစ်ပါ စားသုံးကြပါသေးတယ်။ ဟင်းလျာအဖြစ်စားသုံးတဲ့ ငါးတွေအမျိုးမျိုးရှိကြပေမယ့် အခုတင်ဆက်ပေးမှာ ကတော့ ရေချိုငါးတွေဖြစ်တဲ့ ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးတန်နဲ့ ငါးမုန့်မွေးမြူရေးပဲ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံ မှာ ငါးမွေးမြူရေးလုပ်ငန်းစတင်လာပုံနဲ့ ငါးမွေးကန်တူးဖော်လုပ်ကိုင်မယ်ဆိုရင် အဓိကထား စဉ်းစားသင့်တဲ့အချက်တွေကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က အခုလို ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာက မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ၊ ပင်လယ်ပြင်တို့က ပထဝီအနေ အထားရ အစကတည်းက ကြွယ်ဝတယ်။ ကြွယ်ဝတဲ့အတွက်ကြောင့် ရေသယံဇာတကြွယ်၀ တယ်၊ ရေသယံဇာတကြွယ်ဝလို့ သူတို့ကို မှီတင်းနေထိုင်တဲ့ ငါး၊ ပုဇွန်တွေပေါပြီးတော့ အရင်တုန်းက လူဦးရေက နည်းတဲ့အခါကျတော့ မွေးမြူရေးအထူးလုပ်စရာမလိုပဲ နဲ့ မြန်မာပြည်မှာ မြစ်၊ ချောင်း၊ အင်းအိုင်တွေထဲက ငါးတွေဖမ်းစားမယ်။ ပင်လယ်ထဲက ငါးတွေဖမ်းစား မယ်ဆိုတဲ့ နည်းနဲ့ပဲ ကျွန်တော်တို့နိုင်ငံ နှစ်တော်တော်ကြာကြာ နှစ်ပေါင်းများစွာ သွားခဲ့တာပေ့ါ။

သို့သော်လည်း ၁၉၅၆ ခုနှစ်ပတ်ဝန်းကျင်လောက်ကျတော့ ငါးမွေးမြူရေးလုပ်ငန်းရယ်လို့ ကမ္ဘာမှာပေါ်လာခဲ့တာက ကြာပြီ၊ ဗမာပြည်မှာ အဲဒီတုန်းက မွေးမြူရေးငါး စမ်းသပ်ပြီးတော့ မွေးတဲ့ အဆင့်ကို ရောက်လာတယ်။ ဒီငါးမွေးမြူရေးလုပ်ငန်းတစ်ခု ပေါ်လာတာပေ့ါ။ ဒါပေမဲ့လည်း သူကိုမမှီခိုဘူး ဘာဖြစ်လို့လဲဆိုတော့ သဘာ၀ ငါး၊ ပုဇွန်တွေ အရမ်းပေါတဲ့အခါကျတော့ သူက အပျော်တမ်းလုပ်တဲ့လုပ်ငန်းလေးလိုပဲ စီးပွားဖြစ်မှာ သူကမရှိဘူးပေ့ါ သဘောက။ ဒါပေမဲ့ ၁၉၇၀ ခုနှစ်နောက်ပိုင်းကျတော့  ငါး၊ ပုဇွန်တွေက ရှားစပြုလာတယ်။ ဒါပင်လယ်ပြင်ကော၊ အင်း၊ အိုင်၊ မြစ်ချောင်းတွေကော တစ်ဖြည်းဖြည်းရှားလာတယ်၊ လူဦးရေကတိုး ပြီးတော့ စားသုံးသူတွေက မြင့်လာတဲ့အခါကျတော့ ဒီရေကြီး၊ ရေနက်ကွင်းတွေမှာ ငါးကိုမွေးပြီး တော့ မွေးတဲ့ငါးကို ဈေးကွက်ထဲတင်ရောင်းတဲ့အခါမှာ စားသုံးသူအတွက်လည်း အဆင်ပြေလာတဲ့ အပိုင်းမှာ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းမှာ ဒီငါးမွေးမြူရေးလုပ်ငန်းတွေဟာ စီးပွားဖြစ်လုပ်ငန်းတွေ အဖြစ်နဲ့ ပြောင်းလဲသွားတယ်ပေ့ါနော်။

ငါးမွေးတဲ့ လုပ်ငန်းရဲ့ အဓိကလိုအပ်ချက်ကတော့ ရေနှင့်မြေပေါ့နော်။ အဓိကကတော့ မြေကြီးရှိရမယ်ဗျ၊ မြေကြီးက ငါးမွေးနိုင်တဲ့ အတန်းအစား၊ အမျိုးအစားမြေကြီးမျိုး ဖြစ်ရမယ်။ ဒုတိယအချက်ကတော့ အဲဒီ ငါးမွေးကန်၊ ပုဇွန်မွေးကန်တွေဟာ ရေပေါ့ လွယ်လင့်တစ်ကူရရှိနိုင်ရမယ်။ တစ်နှစ်ပတ်လုံးပေ့ါနော်။ ဒါမွေးမြူရေး လုပ်ငန်းရဲ့ အဓိကကျတာပါ။ နောက်တတိယအကျဆုံးက အစာပေ့ါနော် အစာထွက်ရှိတဲ့ဒေသတွေနဲ့ အစာထုတ်တဲ့ဒေသတွေနဲ့ ဒီငါးမွေးတဲ့လုပ်ငန်းတွေနဲ့ နီးနီးကပ်ကပ်ရှိသလားဆိုတာ ဒါလည်းအဓိက ကျတယ်။ နောက်ဈေးကွက်ပေ့ါ အဲဒီဈေးကွက်က သူတို့ မွေးမြူရေးကန်တွေနဲ့ နီးနီးကပ်ကပ် ရှိသလားဆိုတာကိုပေ့ါနော်။ ဆိုတော့ ဒါကအဓိကလုပ်ငန်းတွေရဲ့ ငါးမွေးရေးပါတဲ့အချက်တွေ၊ ကျွန်တော်အခုနကပြောတယ် မြေရယ်၊ ရေရယ် နောက်အစာရယ်၊ ဈေးကွက်ရယ်၊ ဒီလေးချက်ကျွန်တော်ပြောတာပေ့ါ။

ဗမာပြည်မှာ အဲဒီအချက် တွေနဲ့ ကိုက်ညီတဲ့ဒေသတွေကို လိုက်ရွေးရင် မြန်မာနိုင်ငံရဲ့ အောက်ပိုင်းဒေသ၊ ဧရာဝတီမြစ်၀ ကျွန်းပေါ်အပါအဝင်ပေါ့။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဒီဒေသကြီးက ရေချိုမွေးမြူရေးငါးအတွက် သယံဇာတ အရင်းအမြစ်အကြွယ်ဝဆုံးဖြစ်နေတယ်။ ရေပေါတယ်၊ မြေပေါတယ်၊ ရာသီဥတုမျှတတယ်၊ နောက်တစ်ခါ အစာနဲ့ပတ်သက်လို့ရှိရင်လဲ ဧရာဝတီမြစ်ဝကျွန်းပေါ်အပါအဝင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ဆိုတာ စိုက်ပျိုးရေးထွန်းကားပြီးတော့ စိုက်ပျိုးရေးက အောင်မြင်တဲ့နေရာဖြစ်တယ်။ နောက် ခေတ်မှီ အစာကြွေးမယ်ဆိုလည်း အစာစက်ရုံတွေဟာ ရန်ကုန်ပတ်ဝန်းကျင်လောက်မှာပဲ ကျွန်တော်တို့ အများစုရှိတဲ့အခါကျတော့ နောက်တစ်ခါ ဒီငါးတွေကို ဈေးကွက်ကို ဖော်ပြီးရောင်းရင်လဲ အဓိက ဗဟိုဈေးကွက်ကြီးက ရန်ကုန်မှာရှိနေတဲ့အခါကျတော့ အခုငါးမွေးကန်လဲ ဗမာပြည်မှာ ဘယ်နေရာအများဆုံးလဲဆိုရင် ဧရာဝတီတိုင်းရယ်၊ ရန်ကုန်တိုင်းရယ်၊ ပဲခူးတိုင်း ဒါဒီတောင်ပိုင်းပေါ့ ပဲခူးတိုင်းအောက်ပိုင်းရယ်၊ ဒီသုံးနေရာက ငါးမွေးကန် အများဆုံးပဲပေ့ါနော်။

ငါးမွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးသိရှိနိုင်ဖို့အတွက် ဧရာဝတီတိုင်း ညောင်းတုန်းမြို့နယ်မှာ ရှိတဲ့ ထူးသစ်ငါးမွေးမြူရေးကန်ကို သွားရောက်ခဲ့ပါတယ်။

အဲဒီမှာ ငါးမွေးကန် ဧကပေါင်း ၁၄၀၀ ရှိပါတယ်။ ငါးကန်တူးဖော်ဖို့နဲ့ နေရာရွေးမယ်ဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တာတွေ တစ်နှစ်ပတ်လုံး ရေကောင်းရေသန့်ရရှိတာတွေ၊ ရေအလွယ်တကူ လွမ်းမိုးမှုမရှိနိုင်တဲ့နေရာတွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင်အောက်ခံမြေဟာ ရွံ့နုန်း၊ ရွံ့စေးမြေဖြစ်မှလည်း မြေသြဇာကောင်းပြီးတော့ ရေစိမ့်မှု နည်းပါးမှာဖြစ်ပါတယ်။ ငါးကန်ကိုတော့ ကြိုက်နှစ်သက်ရာ ပုံစံအမျိုးမျိုး တူးဖော်နိုင်ပေမဲ့ ပိုက်ဆွဲဖို့လွယ်ကူနိုင်မယ့် အနေအထားမျိုးဖြစ်ရပါမယ်။

ငါးကန်ထဲမှာ ရှိတဲ့ရေကို pH Level ထိန်းညှိပေးဖို့အတွက်လည်း ငါးကန်ကို ထုံးဖြူးပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ထုံးဟာရေကန်သန့်ရှင်း မှုနဲ့ ငါးအထွက်နှုန်းကောင်းဖို့အတွက်လည်း အထောက်အကူပြုစေပါတယ်။ ငါးထည့်ထားတဲ့အချိန်မှာ ထုံးဖြူးမယ်ဆိုရင်တော့ ထုံးကို အရည်ကျဲကျဲဖျော်ပေးဖို့လိုအပ်ပါတယ်။

ငါးမွေးမြူဖို့အတွက် ငါးသားပေါက်တွေကိုတော့ ငါးသားပေါက်လုပ်ငန်းကနေ ဝယ်ယူပြီးလုပ်ကိုင်နိုင်သလို မိမိကိုယ်တိုင်လည်း ငါးသားဖောက်ပြီးတော့ မွေးမြူနိုင်ပါတယ်။ ဘယ်လိုပဲ မွေးမြူ၊ မွေးမြူ ငါးသားပေါက်တွေကို တော့ ငါးကန်တွေကို သယ်ယူရမှာပဲ ဖြစ်ပါတယ်။ ငါးသားပေါက်တွေကို တစ်နေရာနဲ့ တစ်နေရာ သယ်မယ်ဆိုရင်တော့ သတိထားရမယ့်အချက်တွေရှိနေပါတယ်။ ငါးသားပေါက် ထည့်မယ့်ယဉ်မှာ အောက်စီဂျင်ဓာတ်ပျော်ဝင်နေရမှာပါ။ ဒါ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အမိုးနီးယားထုတ် လုပ်မှုနည်းပါးစေဖို့အတွက် သယ်ယူမယ့်နေရာကို အချိန်တိုအတွင်း ရောက်ရှိဖို့ကိုလည်း အထူးဂရု စိုက်ရမှာပါ။ ပြောင်းရွှေ့ရင်လည်း ပူပြင်းတဲ့အချိန်တွေကို ရှောင်ရမှာပါ။

ငါးမှုံလို့ခေါ်တဲ့ ငါးသားပေါက် ၄၅ ရက်သား၊ အရွယ်အစားအနေနဲ့ဆိုရင်တော့ ၃ လက္မ ၁ လက္မ ငါးလေးတွေကို သယ်ယူပြုစုပြီး မွေးမြူရတာပဲ ဖြစ်ပါတယ်။ ငါးတွေကို အစာကျွေးဖို့နဲ့ ငါးအရွယ်တစ်ညီတည်းဖြစ်စေဖို့အတွက် ငါးကန် တွေကို ခွဲခြားထားသင့်ပါတယ်။ အဲဒီကန်တွေကတော့ ပြုစုကန်၊ ငါးကြီးမွေးကန်လို့ ခေါ်တဲ့ အသားတိုး ကန်တွေပဲဖြစ်ပါတယ်။

 

ဒီငါးသန်ပေ့ါ ၁ခွဲ ၂ ဆိုဒ် အရင်က ငါးသားပေါက်လာတဲ့စခန်းကို ဒီအထဲမှာပြုစုတယ်။ ဒီ ၁ခွဲ ၂ ကနေပြီး တော့ ကျွန်တော်တို့  ၃ ခွဲ ၄ ဖြစ်တဲ့အချိန်ကျရင် ကျွန်တော်တို့ တစ်ဖက်ကန်တွေကိုပြောင်းရမယ်။

ငါးပြုစုကန်ကိုရောက်လာတဲ့ ငါးသားပေါက်တွေကိုတော့ အစာအနေနဲ့ ပဲဖတ်နဲ့ ဖွဲနုကို ရောနယ်ပြီး တော့ နံနက်၊ ညနေ တစ်နေ့ကိုနှစ်ကြိမ်ကျွေးရပါမယ်။ ငါးကန်အတွင်းကို ငါးကောင်ရေ ထည့်သွင်းနှုန်း များမယ်ဆိုရင် ငါးတွေကြပ်ပြီးတော့ ကြီးထွားမှုနှုန်းကို ထိခိုက်နိုင်တဲ့အတွက် သတိထားရမယ့် အချက် ဖြစ်ပါတယ်။ ဒါကြောင့် ငါးသားပေါက်ထည့်သွင်းတဲ့နေရာမှာတော့ ကန်ရေပြင်ပမာဏနဲ့ ငါးသားပေါက် တွေရဲ့ကျန်းမာသန်စွမ်းမှုကို ကြိုတင်ပြီး စစ်ဆေးဖို့လိုအပ်ပါတယ်။

ငါးသားပေါက်ထည့်တဲ့နှုန်းကိုတော့ ငါးအရွယ်အစားကို အခြေခံပြီးတော့ ပြုလုပ်တာဟာ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို မွေးမြူရာကနေ ၃ လက္မကနေ ၄ လက္မခန့်ရောက်ရှိလာတဲ့ ၂ လ သားအရွယ်ငါးတွေကိုတော့ ကန်အကျယ်ထဲကို ပြောင်းလဲမွေးမြူပေးရမှာပါ။ ငါးဖျန်းအရွယ် ၁၅ ကျပ်သားအရွယ်၊ ၂၀ သား အရွယ် ဖြစ်လာရင်တော့ ကျွေးနေကျအစာတွေဖြစ်တဲ့ ပဲဖတ်နဲ့ ဖွဲနုကို မကျွေးတော့ပဲနဲ့ ရောစပ်စာတစ်မျိုး ဖြစ်တဲ့ ရေပေါ်စာအသေးကို တစ်နေ့ကို နှစ်ကြိမ်ကျွေးရမှာပါ။ ဒီလိုကနေ ကြီးထွားလာတဲ့ ငါးတွေကိုတော့ ငါးကြီးကန်လို့ ခေါ်တဲ့ အသားတိုးကန်ထဲကို ပြောင်းလဲမွေးမြူနိုင်ပါပြီ။

ငါးမွေးမြူရေးအခြေအတချို့ကို ထူးသစ်ငါးမွေးမြူရေး(ညောင်တုန်း) ကွင်းတာဝန်ခံ ကိုသက်နိုင်က အခုလို ရှင်းပြပါတယ်။

ဟုတ်ကဲ့  ဒီ ငါးတန်၊ ငါးမြစ်ချင်း ပါကူး၊ ဒီနေ့ကျွန်တော်တို့ ကြားညှပ်အနေနဲ့ ငါးကြင်းလုံး ရှိမယ်၊ စလားဗီးယားရှိနယ်။ ငါးခုံးမရှိမယ်ပေါ့။ ကျွန်တော်တို့ အခုမွေးတဲ့ဥစ္စာက ကျွန်တော်တို့ ပုံစံတစ်မျိုးနဲ့မွေးတယ်။ တစ်မျိုးကဘာလဲဆိုတော့ ပါကူးရယ်၊ ငါးမြစ်ချင်းရယ်၊ ငါးတန်ရယ်ပေါင်းပြီး မွေးတယ်၊ နောက်တစ်မျိုးက ကျွန်တော်တို့ ငါးမြစ်ချင်းရယ်၊ ငါးခေါင်းပွရယ်၊ ငါးကြင်းလုံးရယ်ပေ့ါ။  ကျွန်တော်တို့ ငါးမြစ်ချင်း၊ ငါးတန်၊ ပါကူးကတော့ တစ်ဧကကို အကောင်း ၄၀၀၀ နှုန်း ထည့်တယ်ပေါ့။ အဲဒီ ၄၀၀၀ နှုန်းထည့်လိုက်တဲ့အချိန်မှာ တစ်ဧကရဲ့အထွက်နှုန်းက ကုန်ချိန် ၇၀၀၀ ရှိပါတယ်။ နောက်ငါးမြစ်ချင်းကျတော့ ကျွန်တော်တို့ တစ်ဧကကို ထည့်နှုန်းကောင်ရေက ၁၅၀၀ နှုန်းနဲ့ ထည့်ပါတယ်။ တစ်ဧကရဲ့ငါးမြစ်ချင်းထွက်နှုန်းက ကျွန်တော်တို့ ခုနလိုပေ့ါ ငါးမြစ်ချင်းကြတော့ ၁၀ လ မွေးတယ်ပေ့ါ။ ၁ ပိဿာ ၅၀ ပြည့်တဲ့အချိန်အထိကို ကျွန်တော်တို့ တစ်ဧကကို ၁၀၀၀ နှုန်းနဲ့ထည့်တယ်။ သူ့ရဲ့ထွက်တဲ့ကုန်ချိန်ကတော့ တစ်ဧကကို ၂၂၀၀ ကနေ၊ ၂၅၀၀ အထိဖြစ်ပါတယ်။

ငါးစာကျွေးတာကိုတော့ ယေဘုယျခွဲမယ်ဆိုရင် ငါးသားပေါက်ကန်ကနေ ရောက်ရှိလာတဲ့ ၄၅ ရက်သားအရွယ်ကနေ ၃ လဝန်းကျင်အထိ ဖွယ်နုနဲ့ နှမ်းဖတ်ကို နယ်ထားတဲ့အစာကို ကျွေးနိုင်ပါတယ်။ ၃ လသားကနေ ရောင်းတန်းဝင်ငါးကြီးဖြစ်လာတဲ့အထိဆိုရင် ရောစပ်စာလို့ခေါ်တဲ့ ရေပေါ်စာနှင့် ငါးကြီးစာကို ချိန်ပြီးကျွေးရမှာဖြစ်ပါတယ်။

ငါးကန်ဖော်ကာနီး ၂ လအလိုမှာတော့ ရေပေါ်စာကို ပြန်ကျွေးကြပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ရေပေါ်စာကို ကျွေးရတာကတော့ ငါးအလေးချိန် တိုးစေလို့ပဲဖြစ်ပါတယ်။ ရေပေါ်စာဟာ ပရိုတင်း ကြွယ်ဝတဲ့အတွက် ဈေးလည်းမြင့်ပါတယ်။ ငါးကြီးစာကတော့ ပရိုတင်းဓာတ်ပါဝင်မှု နည်းပါးတဲ့အတွက် ဈေးအနည်းငယ် သက်သာတယ်လို့လည်း သိရပါတယ်။

ငါးစာကျွေးရာမှာတော့ ရာသီဥတုနှင့် အပူချိန်ကိုလိုက်ပြီးတော့ ငါးအစာစားနှုန်းကွာခြားတဲ့အတွက် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်တွေကို ငါးမွေးကန်ရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပြခဲ့ပါတယ်။

ကျွန်တော်တို့ ဒီရာသီဥတုကပြောင်းနေတာကိုး၊ ကျွန်တော်တို့ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့အချိန်မှာ မိုးတွင်းဘက်ကတော့ ဒီငါးကြီးကို အစာကျွေးရတာဟာ ပြဿနာမရှိဘူးပေ့ါ။ ဒါပေမဲ့ ဆောင်းတွင်းဘက် ကျွန်တော်တို့ အအေးများတဲ့အချိန်ပေ့ါ။ အအေးအများဆုံးက ကျွန်တော်တို့ အပူချိန် ၂၇၊ ၂၈၊ အောက်ရော့သွားရင် ဥပမာ ၂၁၊  ၂၂၊ ၂၃ တို့ ဆောင်းတွင်းဘက်ပေ့ါ၊ အဲဒီကာလဆိုရင် ကျွန်တော်တို့ ငါးက အစာထိုင်းတယ်ပေ့ါ။ နောက်တစ်ခု ကျွန်တော်တို့ နွေဘက်ပေ့ါ နေပြင်းတဲ့အချိန်ပေ့ါ။ နေပြင်းတဲ့ချိန်မှာ အပူချိန်က ၂၇၊ ၂၈ ထက်ကျော်သွားလို့ရှိရင် ၃၀၊ ၃၂ တို့ဖြစ် သွားရင် ငါးက အစာစားနှေးတယ်ပေ့ါ။ အဲဒီအချိန်အခါမှာ ကျွန်တော်တို့ကငါးကို သာမန်ကျွန်တော်တို့ ကျွေးတာထက် ပိုကျွေးမိလို့ရှိရင်ပေ့ါ ဘာဖြစ်လဲဆိုရင် ငါတွေက မစားပဲနဲ့ အအေးလွန်တဲ့အချိန် အပူများတဲ့အချိန် အဲဒီအချိန်မှာကျွေးမိလို့ရှိရင် ကျွန်တော်တို့ အစာတွေကျန်တယ်ပေ့ါ။

အစာကျန်ရင် အဲဒီအစာက ချဉ်ပြီးတော့ ဘယ်ဘက်ကိုပြောင်းသွားလဲဆိုတော့ အမိုးနီးယား အောက်ခြေကြမ်းပြင်မှာ အမိုးနီးယားဘက်ကို ပြောင်းသွားတဲ့အတွက်ကြောင့် ငါးကိုသေနိုင်တယ် ပေါ့။ အဲဒါကို ကျွန်တော်တို့ ရေကိုထိန်းသိမ်းတဲ့နေရာမှာ ကျွန်တော်တို့ အဲလိုမဖြစ်အောင် ၁၅ရက် တစ်ကြိမ်ပေ့ါ။ ဒီရေရဲ့ အရည်အသွေးကို ကျွန်တော်တို့ထိန်းပါတယ်။ pH ကျွန်တော်တို့ ၉ လောက်ဖြစ် သွားမည့်အချိန်တို့ အဲဒီထက်ကျော်သွားလို့ရှိရင် ကျွန်တော်တို့က ရေသွင်းရေထုတ်လုပ်ရတယ်။ အပြင် ကရေပေါ့ ဒီကောင်းတဲ့ရေနဲ့ ဒီရေနဲ့ကို ပြန်လှယ်ထုတ်ရပါတယ်။ ဒီငါးမသေအောင်ပေါ့။

နောက်တစ်ခု က ကျွန်တော်တို့ ဒီကန်ရဲ့အလင်းနှုန်းပေါ့ အလင်းနှုန်းများမှဒီအောက်ဆီဂျင်ကို ဖြတ်နိုင် မှာပေါ့နော် နံနက်စောစောတွေဘာတွေကြတော့၊ အဲဒါကို ကျွန်တော်တို့ ၁၅ ရက် တစ်ကြိမ်ပြုလုပ်ပါ တယ်။ ပြီးရင်ကျွန်တော်တို့လိုအပ်တဲ့ အခုနလိုပေ့ါ အပူချိန် ၂၇၊ ၂၈ တို့ အအေးမလွန်တဲ့အချိန်ပေါ့ အဲဒီ အချိန်မှာကျွန်တော်တို့ ဘယ်အချိန်ဖြစ်မလဲဆိုရင်တော့ ကျွန်တော်တို့ နေ့စဉ်နေ့စဉ် အစာကျွေးတာ ကတော့ ၉ နာရီကနေ နောက်ပိုင်းပေ့ါ။ ၁၂ နာရီအတွင်း အဲဒီအချိန်မှာ အပြီးကျွေးရ ပါတယ်။

ငါးတန်၊ ရေချိုငါးမုန့် စတဲ့ငါးတွေကတော့ ၈ လဝန်းကျင်မှာ ဈေးကွက်ဝင်ငါး တစ်ပိသာ ငါးဆယ်ခန့်ဝန်းကျင်ကို ရောက်ရှိပြီးတော့ ငါးကန်ဖော်နိုင်ပါတယ်။ ငါးကြင်းမျိုးနွယ်ဝင် ငါးအမျိုးအစား တွေကတော့ တစ်နှစ်ဝန်းကျင်လောက်မှာ ဈေးကွက်ဝင်ငါးကို ရရှိတယ်လို့လဲ သိရပါတယ်။ ငါးမွေး ကန်တွေကတော့ နံနက်ပိုင်းမှာ ငါးကန်ဖော်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်ရှိရာ ရန်ကုန်ငါးဈေးကို ရောက်ရှိဖို့အတွက် အချိန်ယူရလို့ပဲဖြစ်ပါတယ်။

ငါးကန်ဖော်ပြီးရင်တော့ ငါးတွေကို သယ်ယူပို့ဆောင်ချိန်ခံအောင် ပို့မယ့်သင်္ဘောပေါ်မှာ ရေခဲနဲ့ထားရပါ တယ်။ ပြည်တွင်းငါးဈေးကွက်အတွင်းကိုတော့ ငါးတန်၊ ရေချိုငါးမုန့်၊ ငါးမြစ်ချင်းစတာတွေကို ရောင်းချပြီးတော့ ငါးကြင်းကိုတော့ ပြည်ပဈေးကွက်ကို တင်ပို့ကြပါတယ်။ ငါးတန်ကိုတော့ ငါးခြောက် အတွက်အဓိကအသုံးများတယ်လို့ သိရပါတယ်။

ပြည်တွင်းပြည်ပ ငါးတင်ပို့မှုအခြေအနေတွေနဲ့ ငါးဈေးကွက် ထိန်းညှိပုံကိုတော့ ငါးဈေးမှာရှိတဲ့ ငါးရောင်းဝယ်နေသူတစ်ဦးဖြစ်တဲ့ ဦးယုလွင်က ပြောပြပေးခဲ့ပါတယ်။

ဒီမှာတာဝန်ယူတာကတော့ အရောင်းတာဝန်ခံပေ့ါ။ ငါးရောင်းတာကတော့ ဒီမှာ ကားနဲ့လဲ လာကြတယ်၊ သင်္ဘောနဲ့လည်း လာကြတယ်။ တွံတေးဘက်ကလဲလာတယ်၊ လက်ပတန်းကဆို ကားနဲ့လာတယ်။ တွံတေးဘက်ကဆိုရင် မော်တော်နှင့်လာတာပေ့ါနော်။ ပြည်တွင်းဈေးကွက်ကော ရှိတယ်၊ Export ဈေးကွက်လည်းရှိတယ်။ ငါးမြစ်ချင်းဆိုရင် ဒါ Export ဈေးကွက်ပေါ့။ ဒါကုမ္ပဏီက လာဝယ်တယ်။

ကျန်တာ ငါးတန်တွေဘာတွေကျတော့ ငါးခြောက်ဈေးကွက်ပေါ့နော်။ ငါးခြေက်ဈေးကွက်ရှိတယ် ပြည်တွင်းစားသုံး နယ်ပို့သမားတွေရှိတယ်။ ပြည်တွင်းဈေးကွက်ကျတော့ ဒီမှာက ဒီနယ်ပို့သမားတွေက အစုံပဲလေး ဗမာပြည်အနှံ့ပဲ။ မြန်မာပြည်အနှံ့ပို့တယ်။ ဈေးသည်တွေကျ တော့ ဒီနားအနီးအနားတစ်ဝိုက်ပေ့ါနော်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်ပေါ့နော်။ ငါးခြောက်သမားကျတော့ ဒါ လေးထောင့်ကန်ကနေပြီးတော့ အခြောက်ခံပြီးတော့ ပွဲတွေမှာ တွေ့တယ်။ ဈေးကွက်ကြတော့  တက်တဲ့အနည်းအများပေါ်မှာ မူတည်တယ်။ တကယ်လို့ ကိုယ်တစ်အားများလာတဲ့အချိန် အလျင်အမြန်များတယ်၊ ငါးဝင်များတယ်ဆိုရင် ဈေးကနည်းနည်း ဈေးကျဘက်ပါလာတာပေ့ါနော်။ တကယ်လို့ ကိုယ်နည်းသွားပြီးဆို ဒါဝယ်လိုအားက များလာမယ်။ ကိုယ့်မှာရောင်းတဲ့ကုန်က နည်းလာမယ်ဆိုရင် ဒါဈေးက တက်လာမှာပဲလေး။ ဝယ်တဲ့လူအပေါ်လည်း မူတာေပေ့ါလေး။ ဒါ Expost သမားကလည်း သူလိုတဲ့ အရည်အသွေးနဲ့ သူလိုလဲပုံစံ၊ တကယ်လို့ ကျွန်တော်တို့မှာသာ ကန်တစ်ကန်ဖော်လိုက်ပြီး တာက All Size ဆိုဒ်စုံပါတယ်ပဲ။ စိုက်စုံပါတဲ့ပေါ်မှာ မူတည်ပြီးတော့ သူက အဲဒီမှာ သူလိုတဲ့ဆိုဒ်နဲ့ ကိုက်ညီမှုရှိမရှိပေ့ါနော်။ ဒါ အရည်အသွေးကောင်း မကောင်း ဒီအပေါ်မှာကြည့်ပြီးတော့ သူဝယ်မယ်။ ဒါဝယ်လိုအားနဲ့ကြတော့ ရောင်းလိုအားနဲ့ မျှ မမျှဆိုတာကတော့ ကိုယ်အဓိက ရောင်းတဲ့လူကနေ ကန်ဘက်ပိုင်းဘယ်လိုဖော်ရမလဲ၊ ဝယ်တဲ့လူက ဘယ်သူရှိလဲ၊ အဲဒီနှစ်ခုကို ညီမျှအောင် လုပ်ပေးရတာပေ့ါ။

ရေချိုငါးမွေးမြူရေးဟာ ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆီးပေးတဲ့အပြင် ပြည်ပ ဈေးကွက်ကိုပါ တင်ပို့နေတာဖြစ်ပါတယ်။ မြစ်ချောင်း အင်းအိုင်တွေက သမရိုးကျငါးထုတ်လုပ်မှု တွေဟာ ရာသီအလိုက်သာ ရရှိတဲ့အတွက် ပြည်ပဈေးကွက်ကို တင်ပို့တဲ့အတွက် အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဒီအတွက် တစ်နှစ်ပတ်လုံး ထုတ်လုပ်မှုပြုလုပ်နိုင်တဲ့ ငါးမွေးမြူရေးလုပ်ငန်း တွေကို အဓိကထားလုပ်ဆောင်တယ်လို့လည်း မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ ငါးမွေးမြူရေးလုပ်ငန်းက ပြည်တွင်း ပြည်ပငါးဈေးကွက်အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနေပါ တယ်။ ဒီအကြောင်းကိုတော့ မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမူးဖြစ် ဦးဝင်းကြိုင်က အခုလိုသုံးသပ်ပေးထားပါတယ်။

ခုအချိန်ကတော့ မြန်မာပြည်မှာက ရေချိုငါးအများဆုံးမွေးတယ်ပေ့ါ။ ရေချိုငါးမှာလည်း ကျွန်တော်တို့က အဓိကမွေးတာက ငါးမြစ်ချင်းအဓိကမွေးတယ်။ ဒါအန္ဒိယ ငါးကြင်း၊ ငါးသိုင်း အုပ်စုဝင် ငါးဖြစ်တဲ့ ငါးမြစ်ချင်းကို အဓိကထားမွေးတယ်။ ဒါက မြန်မာ့ရေခံမြေခံငါး ဖြစ်တယ်။ ဒီငါးက ဒီငါးနဲ့ပဲ မွေးမြူရေးဟာ စခဲ့တယ်ဆိုတဲ့အခါကျတော့ ဒီငါးကို အများဆုံးမွေးတယ်ပေ့ါ။ အခုဗမာပြည်မှာ ဆိုရင် စားသုံးမှုအများဆုံးနဲ့ နိုင်ငံခြား Export အများဆုံး ငါးတမယ်ချင်းပြောပါဆိုရင် ငါးမြစ်ချင်းက အများဆုံးပဲ။ ပြည်တွင်းစားသုံးမှုလည်း ငါးမြင်ချင်းက မြင့်တယ်။ တစ်ဖက်က Export မှာလည်း အများဆုံးငါးတမယ်စီလည်း တင်ပို့တဲ့ငါးဖြစ်နေတယ်။ ဆိုတဲ့အခါကျတော့ မွေးမြူတာလဲသူက ၇၅၊ ၈၀ လောက်တော့ ငါးမြစ်ချင်းအဓိကသာ မွေးနေကြတယ်။ ဆိုတော့ အဲဒီငါးမြစ်ချင်းနဲ့တွဲပြီးတော့ အန္ဒိိယ ငါးကြင်း၊ ငါးသိုင်းအုပ်စုဝင် ငါသိုင်းခေါင်းပွတို့ ငါးကြင်းဖြူတို့ မွေးတာရှိတယ်။

နောက် နိုင်ငံခြား ငါးမျိုးတွေဖြစ်တဲ့ ကျွန်တော်တို့က ငါးတန်တို့၊ ရေချိုငါးမုန့်တို့ နောက် ထိုင်းငါးခုံးမကြီးတို့ တီလားဗီးယား တို့ ဒါတွေလည်း ကျွန်တော်တို့ နိုင်ငံခြားက သွင်းပြီးမွေးတာတွေရှိတယ်။ အဓိက ကတော့ ကျွန်တော်တို့က ငါးမြစ်ချင်းပေ့ါနော်။ ငါးမြစ်ချင်းက အများဆုံးမွေးတယ်။ ဒုတိယအများဆုံးက ငါးတန်၊ တတိယအများဆုံးက ရေချိုငါးမုန့်ပေါ့နော်။ ကျန်တဲ့ ငါးတွေကတော့ သူတို့လောက်မများ ဘူး တွဲဖက်ပြီးတော့ အဓိက မွေးကြတာဖြစ်တယ်။ ကျွန်တော်တို့က ဒီငါးမွေးမြူရေးလုပ်ငန်း ကို ဒီထက်ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာပိုင်းကော ထုတ်လုပ်မှုပိုင်းကော။

ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျွန်တော်တို့ နိုင်ငံမှာ ဒီသဘာဝက အင်း၊ အိုင်တို့ ပင်လယ်ပြင်တို့ ငါးဖမ်းဆီးရေးတွေ လျှော့လာတယ်။ တစ်ဖက်က စားသုံးသူဦးရေတိုးလာတယ်၊ တစ်ဖက်က ကိုယ့်နိုင်ငံကို နိုင်ငံခြားဧည့်သည်လာတော့ သူတို့ကလည်း မှီခိုပြီးတော့ သူတို့စားစရာလည်း ပါလာတယ်။ နောက်ပိုလျှံလို့ ပြည်ပကို ပို့ဖို့အတွက် နိုင်ငံအတွက် ဒါဟို ရေထွက်ပို့ကုန်ဖြစ်လာတဲ့ဟာလည်း ပါတယ်ပေါ့။ ဒီဟာတွေအကုန်လုံးကို ကျွန်တော်တို့က တိုးတက်အောင်ဆောင်ရွက်ဖို့ဆိုရင် မွေးမြူရေးက အဓိကထားပြီးဆောင်ရွက်ရမယ်။

အဲဒီတော့ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ရဲ့နောက်ပိုင်းမှာ မြန်မာပြည်မှာ ဒီငါးထဲမှာ အဓိကကျတဲ့ငါးက မွေးမြူရေး ငါးထဲမှာ အဓိကကျတဲ့ ဈေးကွက်မှာ အဓိကဖြစ်လာတယ်။ သူက ဈေးကွက်ထဲမှာ ပုံမှန်ရှိတယ်။ ပုံမှန် ဈေးကွက်ထဲကို ထောက်ပံ့ပေးနိုင်တယ်။ အဲဒီအတွက်ကြောင့် သူ့ကို နိုင်ငံကအများစု မှီခိုစားသောက် နိုင်တယ်။ သူ့ရဲ့မွေးမြူရေးက ပုံမှန်ထုတ်လုပ်မှုရှိနေတဲ့အတွက်ကြောင့် အဲဒါကို အမှီပြုပြီး တော့ ပြည်ပကို ပို့ဖို့လုပ်ငန်းဆိုတာ ဖြစ်နေတယ်ပေ့ါနော်။ အဲဒီအတွက်ကြောင့် ဒီမွေးမြူရေးငါးဟာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ စပြီးတော့ မြန်မာပြည်မှာ အဓိက ဒီစားသုံးတဲ့ငါး ပြည်ပ တင်ပို့တဲ့ ငါးဖြစ်လာတော့ အဲဒီမွေးမြူရေးကဏ္ဍတိုးတက်ဖို့ဆိုတာက ကျွန်တော်တို့က အခုများသော အားဖြင့်တော့ သမရိုးကျမွေးနေတာပဲများနေတယ်။ သမရိုးကျစနစ်နဲ့ အဲဒါကို ခေတ်မှီမွေးမြူရေး စနစ်ဖြစ်အောင် ကျွန်တော်တို့က ခေတ်မှီမွေးမြူရေးစနစ်ဆိုတာက အခုနက ဒီတစ်ဧကချင်း ကုန်ထွက် တိုးရမယ်။ နောက်သာမန် အစာကုန်ကြမ်းတွေကို တိုက်ရိုက်ကျွေးတာကနေပြီးတော့ ဖော်စပ်ထားတဲ့ အစာတောင့်တွေကို ကျွေးတဲ့အဆင့်ကိုရောက်ရမယ်။

နောက်တစ်ဖက်က ငါးတစ်မယ်နှစ်မယ်ထဲကို မွေးနိုင်တာနဲ့စာရင် ဈေးကောင်းကောင်းရတဲ့ငါးကိုမွေးပြီးတော့ ပြည်တွင်းဈေးကွက်၊ ပြည်ပဈေးကွက် တွေကို တင်ပို့နိုင်ရမယ်။ အဲဒီအပိုင်းကို ကျွန်တော်တို့က တိုးချဲ့ပြီးတော့ ဆောင်ရွက်နိုင်ဖို့အတွက် တိုးတက်နိုင်ဖို့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကော မြန်မာနိုင်ငံငါးမွေးဖြူရေး လုပ်ငန်းရှင်များအသင်းရောပေါ့ ဒါကျွန်တော်တို့ လက်တွဲပြီးဆောင်ရွက်နေတဲ့ အခြေအနေရှိပါတယ်။

အရင်ကမြန်မာနိုင်ငံမှာ ရေထွက်သံယံဇာတပေါများတဲ့အတွက် သဘာဝအရငါးဖန်းလုပ်ငန်းတွေထဲ ရရှိတဲ့ငါးတွေဟာ ဈေးကွက်မှာ နေရာယူခဲ့ပါတယ်။ ဒါပေမဲ့အခုဆိုရင်တော့ ရေထွက်သယံဇာတ ရှားပါးလာမှုတွေကြောင့် ငါးမွေးမြူရေးလုပ်ငန်းက ထုတ်ကုန်ငါးတွေဟာ ဈေးကွက်ကို တစ်ဖြည်းဖြည်း နဲ့ လွမ်းမိုးလာနေပါပြီ။ လက်ရှိမြန်မာနိုင်ငံမှာ ငါးမွေးကန်ဧကပေါင်း ၂၂၀၀၀၀ ကျော်ရှိနေပါတယ်လို့လည်း သိရပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly