ပတ်(စ်) ပို့ရှိသည့် ပြည်ပရောက်နိုင်ငံသားများသာ မဲပေးနိုင်မည်ဟု ကော်မရှင်ဆို

ပတ်(စ်) ပို့ရှိသည့် ပြည်ပရောက်နိုင်ငံသားများသာ မဲပေးနိုင်မည်ဟု ကော်မရှင်ဆို
ထိုင်းရောက်မြန်မာလုပ်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံကူးလက်မှတ်(ပတ်(စ်) ပို့) ရှိသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများ  ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနိုင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ချိုက မဇ္ဈိမကို ပြောသည်။

"နိုင်ငံကူးလက်မှတ်ရှိသူအားလုံးက သက်ဆိုင်ရာ သံရုံးတွေမှာ ရွေးကောက်ပွဲရက်ကြေငြာတဲ့နေ့ကစပြီး ပုံစံ ၁၅ ဖြည့်ပြီး မဲပေးနိုင်ပြီ။ သူတို့တွေထဲ မဲပေးနိုင်တဲ့သူတွေက ဘယ်လောက်အရေအတွက် ဘယ်လောက်က မဲပေးမလဲဆိုတာတော့မသိ နိုင်ဘူး" ဟု ၎င်းကဆိုသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ကော်မရှင်သို့ ပေးပိုပရမည်ဟု ရွေးကောက်ပွဲ နည်းဥပဒေ ၅၈(က)(၂) တွင်ဖော်ပြပါရှိသည်။

နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များသည် မဲပေးနိုင်ရန်အတွက် မိမိတို့ထွက်ခွာခဲ့သည့် မြို့နယ်များ၏ မဲစာရင်းတွင် ပါဝင်ရန်လည်း လိုအပ်ပြီး မဲစာရင်းအတွင်း ပါဝင်သူများသာ မဲပေးနိုင်ခွင့်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရအဖွဲ့ဝင် ဦးလှမောင်ချိုက ပြောသည်။

ပြည်ပရောက်မြန်မာနိုင်ငံသား အားလုံးမဲပေးနိုင်ရေး ဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က နိုင်ငံတစ်ကာရှိ မြန်မာသံရုံးများသို့ အကြောင်းကြားထားပြီး ၎င်းတို့ မဲပေးနိုင်ရေးအတွက် ဖြည့်သွင်းရမည့် ပုံစံ ၁၅ (ကြိုတင်မဲထည့်သွင်းရန် ဖြည့်သည့် ပုံစံ) ကို သံရုံးအသီးသီးသို့ ဖြန့်ဝေထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှသိရသည်။

နိုင်ငံခြားသို့ ပြောင်းရွှေ့ရောက်ရှိနေသည့် အိမ်ထောင်စုဝင်ပေါင်း ၂သန်းခန့်ရှိကြောင်း၂၀၁၄ခုနှစ် မတ်လတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းရလဒ်ကို ၂၀၁၅ခုနှစ် မေလကုန်က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ၇၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံတွင်ရှိပြီး ကျန် ၃၀ရာခိုင်နှုန်းသည် မလေးရှားနှင့် အခြားနိုင်ငံများတွင် ပျံနံှ့ရောက်ရှိ နေသည်ဟု ဖော်ပြပါရှိထားသည်။ ယင်း ၂သန်းခန့်တွင် အသက် ၁၅နှစ်မှ ၃၉နှစ်ရှိသူ ၁ ဒဿမ ၇သန်းထိ ပါရှိနေသည်။
သန်းခေါင်စာရင်းအရ နိုင်ငံခြားသို့ အိမ်ထောင်စုဝင် ၂သန်းခန့် ရွှေ့ပြောင်းနေသည်ဟု သိရှိရသော်လည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများနှင့် ထိုင်းနိုင်ငံရောက် အလုပ်သမားများ ကူညီစောင့်ရှောက်သည့် အဖွဲ့များက မြန်မာနိုင်ငံသား ၅သန်းနီးပါး ထိုင်း၊ မလေးရှားအပါအဝင် တစ်ခြားနိုင်ငံများသို့ ရောက်ရှိနေသည် ဟုခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags