ထောပတ်သီးပုံသဏ္ဍာန်နှင့် အရွယ်အစားမတူညီသည့်အတွက် ပြည်ပတွင်စျေးကောင်းရရန်ခက်

ထောပတ်သီးပုံသဏ္ဍာန်နှင့် အရွယ်အစားမတူညီသည့်အတွက် ပြည်ပတွင်စျေးကောင်းရရန်ခက်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ ။            ။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ခြံစည်းရိုးသီးနှံအဖြစ် စိုက်ပျိုးလေ့ရှိသည့် ထောပတ်သီးမှာ  ပုံသဏ္ဍာန်နှင့် အရွယ်အစား မတူညီသည့်အတွက် ပြည်ပတင်ပို့ရာတွင် ဈေးကောင်းရရန် ခက်ခဲနေကြောင်း ထောပတ်ပင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများက ပြောသည်။

 ထောပတ်ပင်များကို စနစ်တကျစိုက်ပျိုးထားခြင်းမရှိသည့်အတွက် အသီးသီးသည့်အခါတွင် ပုံသဏ္ဍာန် မျိုးစုံထွက် လာခြင်းဖြစ်ကြောင်း၊ ပြည်ပဝယ်လက်များက ပုံစံတစ်မျိုးတည်းကို သာလိုချင်နေသည့်အတွက် စိုက်ပျိုးမှုစနစ်ကို မပြင်နိုင်ပါက ဈေးကောင်းမရနိုင်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးလေးမြင်းစီးခြံပိုင်ရှင် ဦးထွန်းထွန်းဝင်းကပြောသည်။

"ကျွန်တော်တိုဥပမာဒီမီးသီးရှိတ်တစ်ခြံဆိုရင် သူဒီတစ်ခြံလုံးကိုပို့လို့ရမယ်။ အခုဟာကျွန်တော်တို့ဆီမှာ အပင်အများကြီးရှိတယ်၊ဒါပေမယ် ဆိုဒ်က မျိုးစုံထွက်နေတော့ ကျွန်တော်တို့အဲဒါကိုမပြုပြင်နိုင်သေးသ၍တော့ ကျွန်တော်တို့ သွားလို့ရနိုင်မှာ မဟုတ်ဘူးပေါ့နော်။"ဟု၎င်းကပြောသည်။

ထောပတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် ယခင်က ခြံစည်းရိုးစိုက်ပျိုးမှုပုံစံသာရှိရာမှာ ယခုအချိန်တွင် တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းရလာသည့်အတွက် တစ်ခြံလုံးစိုက်ပျိုး လာကြကြောင်း ဟိုပုံးမြို့မှ ထောပတ်သီးခြံပိုင်ရှင် ဦးလွန်းကပြောသည်။

"ပြီးခဲ့တဲ့နှစ်ဆိုရင် ဒီလထဲမှာရောင်းရင်ဒီတစ်လပိုင်းမှာဆိုရင် ပြီးခဲ့တဲနှစ်ကသုံးသောင်းသုံးသောင်းခွဲလောက်ဘဲရောင်းတယ် ဒီနှစ်ကြတော့ လေးသောင်းရောင်းပြီလေ၊ ဒီနှစ်ကဈေးနည်းနည်းပိုရတယ်။" ၎င်းကရှင်းပြသည်။
 
ထောပတ်သီးကို ပြည်တွင်းဈေးကွက်အပြင် ထိုင်းနိုင်ငံနယ်စပ်မှာလည်းရောင်း ချကြကြောင်း ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် နေတရုတ်နိုင်ငံကို ၂၀၁၅ ခုနှစ်မှာတင်ပို့ခဲ့ဖူးပြီး ဟောင်ကောင်ကိုလည်းနမူနာတင်ပို့ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း က ဥက္ကဌ ဦးစိုးသန်းမင်းထင် ကပြောသည်။
 
"ဟောင်ကောင်ကို စမ်းပို့ထားတဲ့အခါကြတော့..သူတို့ ကြိုက်တယ်၊ ကြိုက်တဲ့အခါကြတော့သူတ့ိုကြိုက်တဲ့ပုံစံကတော့ ထောပတ်သီးကအရသာထက် အလုံးကြီးတာကို ပိုကြိုက်တယ်ဆိုတာမျိုးပြော တယ်လေ၊ အခုတန်(၁၀၀) လောက်လိုချင်တယ်ဆိုပြီးတော့ သူတို့ကမ်းလှမ်းတယ်။ဒါပေမယ် ထောပတ်သီးအခုအချိန်က အခုလကုန်လောက်ဆိုထောပတ်သီးကနည်းနည်းရာသီကုန်လာပြီပေါ့နော် ၊ ရာသီလွန်လာပြီဆိုတော့ နောက်နှစ်ခါလောက်မှ ဖြစ်မှာပေါ့။"ဟု၎င်းကဆိုသည်။

အဓိကရောင်းချနေရသည့် တရုတ်နှင့် ထပ်တိုးချဲ့တင်ပို့မည့်  ဟောင်ကောင်အတွက် ဝယ်ယူချင်သော ပုံစံများ မတူညီမှုများရှိနေကြောင်း၊ တရုတ်နိုင်ငံက အရသာပိုကောင်းသည့် မီးသီးအရွယ် အသီးကိုဝယ်ယူချင်ပြီး ဟောင်ကောင်ဝယ်လက်သမားအနေဖြင့် အရသာထက် အလုံးကြီးသည့် ထောပတ်သီးကိုပိုဝယ်ချင်ကြောင်း ဦးစိုးသန်းမင်းထင် ကပြောသည်။

သို့ရာတွင်ထောပတ်သီးကို ပြည်ပဈေးကွက်တွင်းတွင်ကျယ်ကျယ်ရရှိရန် အချိန်ကာလအားဖြင့် ၃ နှစ်ခန့် ယူရအုန်းမှာဖြစ်ကြောင်း ဦးစိုးသန်းမင်းထင်က ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly