ဖူးခက်တွင် ဒုစရိုက်နှိမ်နင်းရေးဆောင်ရွက် သံသယရှိသူ ၅၈ ဦးကို ဖမ်းဆီး

ဖူးခက်တွင် ဒုစရိုက်နှိမ်နင်းရေးဆောင်ရွက် သံသယရှိသူ ၅၈ ဦးကို ဖမ်းဆီး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉ ။                ။ ဖေဖော်ဝါရီ ၁၈ က ထိုင်းနိုင်ငံ ချွန်ဘူရီနှင့် ဖူးခက်တွင် မာဖီးယားဂိုဏ်းများအား နှိမ်နင်းမှုပြုလုပ်စဉ် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့(CSD)မှ ရဲတပ်ဖွဲ့ဝင်များသည် လက်နက်များနှင့် တရားမဝင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး များပြားလှသည့်သံသယရှိသူများနှင့် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၆၀နီးပါးကို ဖမ်းဆီးခဲ့သည်။

လူမှောင်ခိုတိုက်ဖျက်ရေးတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၈က ချွန်ဘူရီရှိ အငှားအိမ်ရာကို ဝင်စီးခဲ့ပြီး အမျိုးသမီး ရှစ်ဦးပါ တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၂ ဦးကို ဖမ်းဆီးခဲ့သည်။ CSD အကြီးအကဲ တီတီရတ်နောင်ဟန်းပီဒပ်ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၅၀၀ကျော်သည် ကမ္ဘာလှည့်ခရီးသည်များသွားရာ ပြည်နယ်သုံးခုရှိ မှုခင်းထူသည့်နေရာများ၊ ခရီးသည်များသွား သည့်နေရာများနှင့် ဖျော်ဖြေမှု လုပ်ငန်းများရှိရာနေရာများသို့ ဝင်ရောက်စီးနင်းခဲ့သည်။ စီးနင်းများလုပ်ရခြင်းမှာ ခရီးသွားဆက်နွယ်လုပ်ငန်းကို အမြတ်ထုတ်နေသည့် လူဆိုးများကို နှိမ်နင်းရန်ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များသည် ဒုစရိုက်သမားများလှုပ်ရှားသည်ဟု သိထားသော နေရာ ၁၀ခုတွင် စီးနင်းမှုပြုလုပ်စဉ် သေနတ်ကိုးလက်နှင့် ကျည်ဆန် ၇၂တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖူးခက်တွင် ရဲတပ်ဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး တီတီရတ်က ပြောသည်။

ဖူးခက်ရှိ သာလန်ရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးအဖြစ် သံသယရှိသူ အသက် ၄၀ ရှိ ပီရော့ထရန်ကာဆာကန်း ပိုင်ဆိုင်သော အိမ်တစ်လုံးကို စီးနင်းခဲ့သည်။ ရဲတပ်ဖွဲ့သည် မီးဖိုချောင် ထဲတွင် ဝှက်ထားသော မူးယစ်ပစ္စည်းမျိုးစုံကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မစ္စတာပီရော့သည် ဆယ်ကျော်သက်များအား တရားမဝင်မူးယစ်ဆေးဝါးများကို ရောင်းချခဲ့သည်ဟု ၎င်း၏ အိမ်နီးချင်းများက သတင်းပေးခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောသည်။ မစ္စတာပီရော့သည် လွန်ခဲ့သည့် လေးနှစ်က တရားမဝင်မူးယစ်ဆေးဝါးရောင်းချမှုဖြင့် ထောင်ကျခဲ့ပြီး နောက်ပိုင်းထောင်မှ လွတ်လာခဲ့သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ နောက်ပိုင်းက ကရာသူရပ်ကွက်ရှိ နောက်ထပ်အိမ်တစ်လုံးကို ဝင်စီးခဲ့ရာ အရောင်းအဝယ်မှတ်တမ်းစာအုပ်အချို့အပါအဝင် ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းမှတ်ရာများကို တွေ့ရှိ သိမ်းဆည်းခဲ့သည်။ အိမ်ကို အသက် ၃၀ရှိ နာရောင်ဒေ့ဖရွမ်ဘတ်ဆိုသူက ပိုင်ဆိုင်ပြီး ၎င်းအား တရားမဝင်လုပ်ငန်းများလုပ်ဆောင်မှုဖြင့် စွပ်စွဲထားသည်။

ဖေဖော်ဝါရီ ၁၈က ဖူးခက်တွင် နှိမ်နင်းမှု၌ သံသယရှိသူ ၅၈ ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly