မက်ဒေါနား၏ စင်္ကာပူဖျော်ဖြေပွဲအတွက် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများက စင်္ကာပူဒေါ်လာ ၁၄ သန်း အကုန်ကျခံသွားမည်

မက်ဒေါနား၏ စင်္ကာပူဖျော်ဖြေပွဲအတွက် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများက စင်္ကာပူဒေါ်လာ ၁၄ သန်း အကုန်ကျခံသွားမည်

စင်္ကာပူနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်၌ ကျင်းပပြုလုပ်မည့် မက်ဒေါနား၏ “Rebel Heart” ဖျော်ဖြေပွဲအတွက် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများက အမေရိကန်ဒေါ်လာ ၁၀ သန်း (စကာၤပူဒေါ်လာ ၁၄ သန်း) အကုန်ကျခံသွားမည် ဖြစ်သည်။

စင်္ကာပူနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် မက်ဒေါနား၏ ဖျော်ဖြေပွဲအတွက် ကုန်ကျစရိတ်တွင် မတ်တပ်ရပ်ဗီရို၊ မီးအပြင်အဆင်၊ စတိတ်စင်ပြုလုပ်မည့် ကွန်တိန်နာ ၂၇ ခုအတွက် ကုန်တင်လေယာဉ် စရိတ်လည်း ပါဝင်သည်။

ဖျော်ဖြေပွဲအတွက် ရင်းနှီးမြှုပ်နှံသူနှစ်ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည့် ထိုင်ဝမ်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Kinglun International Holdings မှ အမှုဆောင်အကြီးအကဲ မစ္စတာဂျိမ်းစ်လီက သည်စထရိတ်တိုင်းမ် သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ဖျော်ဖြေပွဲတစ်ခုလုံး၏ ကုန်ကျစရိတ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ အခြားသော ရင်းနှီးမြှုပ်နှံသူတစ်ဦးမှာ ထိုင်ဝမ်မှ ဖြစ်သော်လည်း မစ္စတာလီက မည်သူမည်ဝါဖြစ်သည်ကို ပြောကြားခဲ့ခြင်း မရှိပေ။

လက်မှတ် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းခန့် ရောင်းချခဲ့ပြီးဖြစ်သော်လည်း ဒေါ်လာ ၃၈၈ တန် လက်မှတ်လေးစောင်ကိုလည်း ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း မစ္စတာလီက ပြောကြားခဲ့သည်။ သို့ရာ တွင် ထပ်တိုးလက်မှတ်များကို ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီအချိန်တွင် Sports Hub Tix မှ တစ်ဆင့် ရောင်းချပေးသွာမည် ဖြစ်သည်။

မက်ဒေါနားသည် ဖေဖော်ဝါရီ ၄ ရက်နှင့် ၆ ရက်က တိုင်ပေတွင် ဖျော်ဖြေခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်က ဘန်ကောက်မြို့တွင် ဖျော်ဖြေခဲ့ကာ ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် တိုကျိုမြို့၌ ဖျော်ဖြေခဲ့သည်။

မက်ဒေါနားသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် စင်္ကာပူရှိ အမျိုးသားအားကစားရုံတွင် ဖျော်ဖြေ သွားမည် ဖြစ်ကြောင်းနှင့် စင်္ကာပူဖျော်ဖြေပွဲ မတိုင်မီ ဟောင်ကောင်၊ မဲခေါင်နှင့် မနီလာမြို့တို့တွင် ဖျော်ဖြေပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly