"ရေနံတူးတဲ့သူကလည်း တရားမဝင်တူး၊ အစိုးရကလည်း ဘဏ္ဍာငွေမရ"

"ရေနံတူးတဲ့သူကလည်း တရားမဝင်တူး၊ အစိုးရကလည်း ဘဏ္ဍာငွေမရ"

အစိုးရသစ်လက်ထက်တွင်ရေနံတူးဖော်မှု လုပ်ကိုင်ခွင့် ပိုမိုချပေးပြီး လုပ်ငန်းရှင် များကို အခွန်တိတိကျကျ ကောက်သင့်သည်ဟု မကွေးတိုင်းဒေသကြီးမှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်

မင်းလှ၊ မကွေးတိုင်းဒေသကြီး (Myanmar Now) ။          ။ မြန်မာပြည်အလယ်ပိုင်း ရေနံထွက်သည့် နေရာများထဲတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ နယ်လည်း ပါဝင်သည်။ မင်းလှမြို့ဝန်းကျင်ရှိ အရွယ်အစား မျိုးစုံသော ရေနံမှော်များတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူတို့ကိုတွေ့နိုင်ပြီးအများစုမှာတရားမဝင် လုပ်ကိုင်သူများ ဖြစ်ကြ သည်။

အစိုးရသစ်လက်ထက်တွင် ရေနံတရားမဝင် တူးဖော်နေမှုများကို ပိတ်ပင်လိုက်ပါက ဆူပူအုံကြွ မှုများ ဖြစ်လာနိုင်ကြောင်း၊ လုပ်ပိုင်ခွင့်များ ချပေးပြီး အခွန်စည်းကြပ်သင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ မင်းလှမြို့နယ်၊ ရေနံမကျေးရွာဒေသ တာဝန်ခံ ဦးဇော်ဆိုင်းက ပြောသည်။

ရေနံလုပ်ငန်း လုပ်ကိုင်သူတစ်ဦးလည်းဖြစ်သော ဦးဇော်ဆိုင်းက Myanmar Now သတင်း ထောက် အိချယ်ရီအောင်နှင့် မကြာသေးခင်က တွေ့ဆုံစဉ် မင်းလှဒေသ ရေနံတွင်းများ၏ လက်ရှိ အခြေအနေနှင့် အနာဂတ် မျှော်မှန်းချက်အကြောင်း ပြောပြထားသည်။

မင်းလှဒေသ ရေနံတွင်းတွေရဲ ့ လက်ရှိအခြေအနေကို ပြောပြပေးပါ။

ရေနံထွက်နှုန်း ကျဆင်းလာတယ်။ ကျင်းတစ်ကျင်းရဲ့ ကုန်ကျစရိတ်ကလည်း သိန်း ၁ဝဝ ကျော်လောက် ရှိတာဆိုတော့ ၂ဝ၁၅၊  ၆ လပိုင်းကစပြီး ကျင်းအသစ် မတူးနိုင်ကြတော့ပါဘူး။  ကျင်းဟောင်းတွေက ထွက်တဲ့ ရေနံကိုပဲ ခပ်စားနေကြတာပါ။၂ဝ၁၅ ဒီဇင်ဘာလကစပြီး ရေနံဈေးက လည်း တဖြည်းဖြည်း ကျဆင်းလာတယ်။

ရေနံကျင်းတစ်ကျင်း တူးမယ်ဆိုရင် ကုန်ကျစရိတ် ဘယ်လောက်ရှိပါသလဲ။ အရှုံးအမြတ်ကရော ဘယ်လိုလဲ။

အပြီးအစီး သိန်း ၁၂ဝ လောက် ကုန်ပါတယ်။ အရင်တုန်းကဆို ပေ ၄ဝ လောက်ဆိုရင် ရေနံက ထွက်ပြီ။ အခုဆိုရင် ပေ ၂,ဝဝဝ လောက်တူးတာတောင် ရေနံက မထွက်ချင်ဘူး။ ရေနံထွက်နှုန်း ကောင်းတဲ့ အချိန်ရယ်၊ ရေနံဈေးတက်တဲ့ အချိန်ရယ် တိုက်ဆိုင်ရင်တော့ မြတ်ပါတယ်။ ရေနံအထွက် နှုန်း ကျတဲ့အချိန်မှာ ရေနံဈေးကောင်းပေးလည်း အရှုံးနဲ့ပဲ ရင်ဆိုင်ရတာပါပဲ။ အခုနောက်ပိုင်း ရေနံ ထွက်နှုန်း ကျဆင်းလာတယ်၊ ရေနံတူးလို့ မြတ်တယ်ဆိုတာ မရှိတော့ဘူး။ မိသားစု စားဝတ်နေရေး ဖြေရှင်းလို့လောက်ရုံလောက်ပဲ ရတော့တာပါ။

မှော်တွင်းတွေထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေက ဘာတွေလဲ။

မှော်တွင်းတွေထဲမှာ မူးယစ်ဆေးဝါးတွေ၊ လောင်းကစားဝိုင်းတွေ ရှိတဲ့အတွက် ဒုစရိုက်မှုတွေ ကတော့ မကြာခဏ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၁ လပိုင်းတုန်းက ငနောင်မုန်းဆိုတဲ့ မှော်မှာစိတ်ကြွဆေး တွေ ဖမ်းမိပါတယ်။ ဒီနယ်မှာ မူးယစ်ဆေးဝါး ပညာပေးအစီအစဉ်တွေလည်း မလုပ်ပါဘူး။ ဒေသပေါင်း စုံက လူပေါင်းစုံစုနေတော့ မှော်တွင်းထဲမှာ နေထိုင်သူအချင်းချင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်ပါတယ်။ ရေနံမှော် တူးဖော်တဲ့ နေရာကိုယ်တိုင်က တရားမဝင်နေရာဆိုတော့ မှော်တွင်းတွေရှိ တဲ့ နေရာက တရားဥပဒေစိုးမိုးမှု လုံးဝမရှိတဲ့ နေရာပါပဲ။

ရေနံတူးဖော်သူတွေက ဘာကြောင့် အစိုးရ လုပ်ပိုင်ခွင့်ချထားတဲ့ နေရာမှာ မတူးတာလဲ။

တိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ တူးချင်ရင် ကုမ္ပဏီကို လျှောက်လွှာတင်ပြီး တူးလို့ ပြောတယ်။ တကယ့်တကယ်ကျတော့ ရေနံက လယ်ယာမြေထဲမှာပဲ ထွက်နေတယ်။ မြေလွတ် မြေရိုင်းနေရာမှာ ရေနံက မထွက်ဘူး။ အမှန်တကယ်က ရေနံထွက်ရှိတဲ့ နေရာကိုပဲ လုပ်ကိုင်ခွင့် ချပေးသင့်တယ်။ မင်းလှမြို့နယ်ထဲမှာရှိတဲ့ မှော်တွင်းအများစုကတော့ တရားမဝင် ကျင်းတွေ များပါ တယ်။ ကုမ္ပဏီတွေရှိပေမဲ့လည်း ကုမ္ပဏီက တူးဖော်တဲ့နေရာကျတော့ ရေနံက မထွက်ပါဘူး၊ ရေနံထွက်တဲ့ နေရာတွေမှာ ဆီကန်တည်ပြီး ဝယ်ကြပါတယ်၊ လုပ်ကွက်က တစ်နေရာ၊ ဆီထွက် တာက တစ်နေရာပါ။

မှော်တစ်ခုမှာ ရေနံကျင်းပေါင်း ဘယ်လောက်ရှိမလဲ။ ဒီဒေသမှာ ဘယ်မှော်တွေက အကြီးဆုံး လဲ။

ဘယ်လောက်ရှိလဲဆိုတာကို အတိအကျ ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျင်းတွေက ရွှေ့ပြောင်းတူးနေတဲ့ အတွက်ကြောင့်ပါ။ တစ်နေရာက ရေနံခန်းခြောက်တာနဲ့ လူတွေက တခြားနေရာကို ရွှေ့ပြောင်း တူးကြတာပါပဲ။ ငနောင်မုန်းမှော်ဆိုရင် ၂ဝဝ၅ ခုနှစ်က စပါတယ်။ ထန်းကိုင်းမှော်၊ ဒဟက်ပင်မှော်တို့က နောက်မှ ပေါ်လာတာပါ၊ အဲဒီရေနံကြောကျယ်တဲ့ မှော်ပေါင်း ၂ဝ လောက်မှာ ဒဟတ်ပင်က အကြီးဆုံးပါပဲ။

ရေနံကျင်းတွေကြောင့် နောက်ပိုင်းမှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်လာမလဲဆိုတာကို သိကြသလား။

ကျင်းတွေတူးဖို့သစ်ပင်တွေ ခုတ်လှဲရတဲ့အတွက် တောတောင်တွေ ပြုန်းပါတယ်။ မြေဆီလွှာ တွေလည်း ပြုန်းတီးပါတယ်။ ရေနံတူးတဲ့အတွက် ယာခင်းတွေလည်း ပျက်ပြီး ယာမြေလည်း လုပ်စား လို့ မရတော့ပါဘူး။ ပျက်စီးသွားတဲ့ မြေဆီလွှာကို ပြန်ပြုပြင်ဖို့ ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါ တယ်။ ဒါပေမဲ့လည်း ဒီဒေသမှာ လုပ်စားစရာဆိုလို့ ဒါပဲရှိတာပါ။

ဒီလိုတရားမဝင် ရေနံတူးဖော်တာတွေနဲ့ ပတ်သက်ပြီး အစိုးရသစ်လက်ထက်မှာ ဘယ်လို ကိုင်တွယ် ဖြေရှင်းစေချင်လဲ။

အလုပ်လက်မဲ့ ပြဿနာမဖြစ်အောင် ရေနံတူးဖော်မှုကို ဆက်လက် ခွင့်ပြုသင့်ပါတယ်။ ရေနံတူးဖော်နေသူ အားလုံးက အစိုးရသစ်လက်ထက်မှာ လက်ရှိတူးဖော်နေတဲ့ မှော်တွေကို ဖျက်သိမ်းမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ တကယ်လို့ ဖျက်သိမ်းလိုက်မယ်ဆိုရင်တော့ ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ပါတယ်။ တူးဖော်သူတွေရဲ့ ငွေရေးကြေးရေးတွေလည်း မြှုပ်နှံထားရတာ လေ။ ရေနံတွင်းတွေကို မှီခိုစားသောက်နေတဲ့ မိသားစုပေါင်း ၂ သိန်းဝန်းကျင်လောက် ရှိပါတယ်။ ဒါက ၈၈ အဖွဲ့က ရွေးကောက်ပွဲမတိုင်ခင် ကောက်ယူထားတဲ့ စာရင်းအရ ပြောတာပါ။

ကျွန်တော်တို့ မိသားစုကိုယ်တိုင်လည်း ရေနံတူးဖော်ခြင်း လုပ်ငန်းအပေါ် မှီခိုစားသောက်နေရတာပါ။ ရေနံတူးဖော် သူတစ်ယောက်အနေနဲ့ ဒီလုပ်ငန်းကို တရားဝင် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ လုပ်ကိုင်ချင်ပါတယ်။ ဒါမှလည်း နိုင်ငံတော် ဘဏ္ဍာငွေ ရရှိမှာပါ။ အခုက ရေနံတူးတဲ့သူကလည်း တရားမဝင်တူး၊ အစိုးရက လည်း ဘဏ္ဍာငွေမရ၊ အဲဒီလိုအခြေအနေ ဖြစ်နေတာပါ။ အစိုးရအသစ်အနေနဲ့ ရေနံတူးဖော်သူ အားလုံးကို အခွန်ငွေ တိတိကျကျ ကောက်သင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly