NLD အစိုးရကို ဗန်းပြကာတိုက်ပွဲများ ဖန်တီးလာမည်ကို တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ စိုးရိမ်

NLD အစိုးရကို ဗန်းပြကာတိုက်ပွဲများ ဖန်တီးလာမည်ကို တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ စိုးရိမ်

ချင်းမိုင်၊ဖေဖော်ဝါရီ ၁၈။       ။ အစိုးရဘက်မှ လုပ်ဆောင်နေသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အကျပ်အတည်းဖြစ်စေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကို ဗန်းပြကာ မြန်မာ့တပ်မတော်အနေဖြင့် တိုက်ပွဲများ ဖန်တီးလာမည်ကို စိုးရိမ်ကြောင်း ညီညွတ်သော တိုင်းရင်းသာလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က  ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောသည်။

 ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ကျင်းပသော ပထမနေ့ UNFC ၏ အရေးပေါ် အစည်းအဝေးတွင် နိုင်ဟံသာက သတင်းထောက်များအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အန်အယ်ဒီအစိုးရတက်လာရင် အများစုကလက်ခံတဲ့ အစိုးရ ဖြစ်တယ်။ အဲဒီအစိုးရကို သူတို့ဗန်းပြပြီးတော့ စစ်ရေးမှာ သူတို့ လိုချင်တဲ့ ပုံစံလုပ်နေမယ်ဆိုတာ ဒါကလည်း ကျနော်တို့ အခက်အခဲဘဲ ဆိုတဲ့အမြင်မျိုးရှိတယ်”ဟု နိုင်ဟံသာ        က ပြောသည်။

လက်ရှိ နိုင်ငံရေး အခြေအနေများကို ပြန်လည် သုံးသပ်၍ တက်လာမည့် အစိုးရသစ်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေးအတွက် ကြိုဆင်ပြင်ဆင်ထားခြင်း ဖြစ်သလို၊ ယင်းအစိုးရသစ်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်အတွက် UNFC အဖွဲ့ဝင်များအား ပြင်ဆင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

 လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အသီးသီး၏ အကျပ်အတည်း ဖြစ်နေသည့် အချိန်ဖြစ်၍ ယခု အစည်းအဝေးမှ အဖြေကောင်းများ ရရှိရေးအတွက် လေးလေးနက်နက် ဆွေးနွေးကြပါရန် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းတိုက်တွန်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ကျင်းပသော UNFC မျက်နှာစုံညီ အစည်းအဝေးတွင် အစိုရသစ်နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရန်အတွက်UNFC ဒုဥက္ကဌ နိုင်ဟံသာခေါင်းဆောင်သော အဖွ့ဲ့ဝင် ၉ ဦးပါ “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ”ကိုလည်း ပြန်လည် ပြင်ဆင်ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။

 UNFC က ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဌ နိုင်ဟံသာ တို့ အပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ်နှင့် လေ့လာသူများ အပါအဝင် ၄၀ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly