ကမ္ဘာ့စျေးအပေါဆုံး စမတ်ဖုန်း အိန္ဒိယတွင် မိတ်ဆက်ဖြန့်ချိ

ကမ္ဘာ့စျေးအပေါဆုံး စမတ်ဖုန်း အိန္ဒိယတွင် မိတ်ဆက်ဖြန့်ချိ

နယူးဒေလီ၊ ဖေဖော်ဝါရီ-၁၈ ။           ။ တန်ဖိုးနိမ့် လက်ကိုင်ဖုန်းများက လွှမ်းမိုးထားပြီးသားဈေးကွက်ကို ပစ်မှတ်ထားသည့် ကမ္ဘာ့ဈေးအပေါဆုံး ဖြစ်ဖွယ်ရှိသည့် စမတ်ဖုန်းကို လူသိနည်းသည့် အိန္ဒိယကုမ္ပဏီတစ်ခုက ဗုဒ္ဓဟူးနေ့တွင် မိတ်ဆက် ဖြန့်ချိခဲ့သည်။

အိန္ဒိယမှာ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး မိုဘိုင်းဈေးကွက်ဖြစ်ပြီး၊ အောက်တိုဘာလက မိုဘိုင်းဖုန်းအသုံးပြုသူ တစ်ဘီလျံပြည့်သွားခဲ့သည်ဟု ဆိုသည်။

ရူပီး ၅၀၀အောက်တွင်သာ ဈေးနှုန်းသတ်မှတ်ထားသည့် ပြည်တွင်းလက်ကိုင်ဖုန်းကုမ္ပဏီ Ringing Bell ၏ Freedom 251 စမတ်ဖုန်းမှာ နောက်ဆုံးပေါ် Apple iPhone ဈေးနှုန်း၏ တစ်ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု ဆိုသည်။

Ringing Bells ကို ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် ထူထောင်ခဲ့ကာ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကမှ ၎င်း၏ Bell တံဆိပ် မိုဘိုင်းဖုန်းများကို ဝဘ်ဆိုက်မှတစ်ဆင့်စတင်ရောင်းချလာ ခဲ့သည်ဟု ကုမ္ပဏီ၏ ပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့သည်။

Ringing Bells မှာ ယခုလက်ရှိတွင် ပြည်ပမှ အစိတ်အပိုင်းများကို မှာယူတင်သွင်းကာ ပြည်တွင်းတွင် ပြန်ဆင်နေခြင်းဖြစ်သော်လည်း တစ်နှစ်အတွင်းတွင် ပြည်တွင်းတွင် ကိုယ်ပိုင်ဖုန်းများကို ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါ အမျိုးသမီးက ပြောကြားခဲ့သည်။  

တရုတ်လုပ် ဈေးပေါသည့် လက်ကိုင်ဖုန်းများကို အိန္ဒိယဈေးကွက်တွင် အလျှံအပယ် ဝယ်ယူ၍ရနိုင်နေပြီ ဖြစ်သော်လည်း ပြည်တွင်းပြိုင်ဘက်များက ဒေါ်လာ ၂၀ထက်လျော့နည်းသည့် မိုဒယ်များဖြင့် ဈေးကွက်ကို ထိုးဖောက်နေကြသည်။

သို့ရာတွင် ဘီဟာကဲ့သို့သော ဆင်းရဲသည့် အိန္ဒိယပြည်နယ်များတွင်မူ လူအယောက်တစ်ရာတွင် တယ်လီဖုန်းအသုံးပြုနိုင်မှုမှာ ၅၄ရာခိုင်နှုန်းအထိ နိမ့်ကျနေသေးသောကြောင့် မြို့ပြနှင့် ကျေးလတ်ကြားတွင် ကွာဟချက် ကြီးမားနေဆဲပင်ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly