ပိုက်ဆံရတဲ့အလုပ်ကို ရဲရဲကြီးစွန့်လွှတ်ရဲမှသာ အောင်မြင်နိုင်မယ်လို့ဆိုတဲ့ ဂစ်တာနိုင်ဇော်

18 February 2016
ပိုက်ဆံရတဲ့အလုပ်ကို ရဲရဲကြီးစွန့်လွှတ်ရဲမှသာ အောင်မြင်နိုင်မယ်လို့ဆိုတဲ့ ဂစ်တာနိုင်ဇော်

မြန်မာနိုင်ငံရဲ့ ဂီတသမိုင်းမှာ ဂစ်တာ သူရဲကောင်းအဖြစ် မှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ဂီတသမားတစ်ယောက်ကတော့ ဂစ်တာ နိုင်ဇော်ပဲ ဖြစ်ပါတယ်။ သူဟာငယ်စဉ်ကတည်းက ဂီတပညာကို ရှုးသွပ်ပြီးတော့ သူဝါသနာပါတဲ့ လုပ်ငန်းတစ်ခုကို လုပ်ကိုင်နိုင်ဖို့ အတွက် ကန်ထရိုက်တိုက် ဆောက်လုပ်ရေး တစ်ခုမှာ အစောင့်အလုပ်တစ်ခုကို လုပ်ကိုင်ခဲ့ရပါတယ်။ အဲဒီ ဆောက်လက်စ တိုက်ထဲမှာပဲ ဂစ်တာ အမြဲတမ်း လေ့ကျင့်ရင်းကနေ ကျွမ်းကျင်လာတဲ့ အဆင့်ထိ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်တွေ ချစ်တဲ့ အနုပညာရှင် ဂစ်တာ နိုင်ဇော်ရယ်လို့ မှတ်တိုင် စိုက်ထူနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အစ်ကို မင်္ဂလာပါ ခင်ဗျ ကျွန်တော်တို့ Meet the Successful   အစီစဉ်မှာပေါ့နော် ကိုနိုင်ဇော်ရဲ့ ဘဝ ဖြတ်သန်းခဲ့ပုံကို သိချင်ပါတယ်။ ပထဦးဆုံး အစ်ကိုက အနုပညာကို မျိုးရိုးရှိလို့ အစ်ကိုက ရောက်ခဲ့တာလား။ ဒါမှမဟုတ်  ဝါသနာအရ ရောက်ခဲ့တာလား။

အစ်ကို့မှာ ဂီတမျိုးရိုးတော့ မရှိပါဘူး။ အဖေက ဦးခင်စိုးလို့ ခေါ်ပါတယ်။ သူက ဗဟိုဆေးရုံမှာ လက်ထောက် ညွှန်ကြားရေးမှူးပါ။  အမေက ဒေါ်မြစန်းလို့ ခေါ်ပါတယ်။ အရပ်သူပါပဲ နှစ်ယောက်လုံးက ဂီတ မျိုးရိုးမရှိပါဘူး။ အဖေကိုယ်တိုင်ကလည်း ဂစ်တာသမားဖြစ်အောင်ဆိုပြီးတော့ ကျောင်းတွေထားပေးတာ တစ်ခုမှ မရှိပါဘူး။ အဲတော့ အစ်ကို ဂီတမျိုးရိုးမရှိဘူး ဘာကြောင့် ဂစ်တာ ဝါသနာပါလဲလို့ မေးရင်တော့ အစ်ကိုငယ်ငယ်ကတည်းက အဖေက ရေဒီယို အစအဆုံး ဖွင့်တယ်။ မနက်မိုးလင်း ၉နာရီကနေ ည ၉နာရီထိ အိမ်မှာ ဖွင့်ထားတယ်။ သီးချင်းတွေ အကုန်လုံးကို ငယ်ငယ်ကတည်းက ရခဲ့တယ်ပေါ့နော်။  အဲလိုနှစ်နဲ့ချီပြီးတော့ အဖေဖွင့်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့်ပဲ အစ်ကို ဂစ်တာသမားအဖြစ် သွေးထဲသားထဲမှာ အသံတွေ အကုန်လုံး စိမ့်ဝင်နေလို့ ဂစ်တာသမား ဖြစ်တာလို့ ထင်ပါတယ်။

အစ်ကိုက လက်ရှိမှာ ပရိသတ်တွေလည်း သိပါတယ်။ ဂစ်တာ သူရဲကောင်းတစ်ယောက်ပေါ့။ ဂီတထဲမှာမှ အစ်ကိုက ဘယ်လိုဖြစ်လို့ ဂစ်တာကို တစ်စိုက်မတ်မတ် ရွေးချယ် ဖြစ်သွားတာလဲ။

ဂစ်တာကို ရွေးချယ်ဖြစ်တယ်ဆိုတာ  အစ်ကိုပထမဆုံး အနုပညာမှာ စပြီး Music  နဲ့ ပတ်သက်လို့ စလုပ်တုန်းက ဂစ်တာ မဟုတ်ဘူး။ အဓိက ပထမဆုံးက အစ်ကိုတို့ အ.ထ.က(၄) ပုဇွန်တောင်ဆိုတဲ့ ကျောင်းရှိတယ်။ အခုဗိုလ်မြတ်ထွန်းလမ်းဆိုတဲ့ ကျောင်းမှာ သူငယ်တန်း ကနေ စပြီးတော့ ၁၀ တန်းထိတက်ခဲ့တယ်။ အဲမှာ ပုဇွန်တောင်မှာ အ.ထ.က(၄) ပုဇွန်တောင် ဘင်ခရာ တပ်ဖွဲ့ဆိုတာ ရှိတယ်။ အဲမှာ အစ်ကိုက စပြီးဝင်တုန်းက သင်တန်းသားပေါ့။ ဘေးဇောင်းမှုတ်တဲ့ Flute လေးတွေနဲ့ သွားကြတယ်။ နှစ်နှစ်လောက် ၇တန်း ၈တန်း စပြီး သင်ရင်းနဲ့ အင်တာနေရှင်နယ်လုပ်တယ်။ အဲမှာ သင်ပေးတယ်။ ရေတပ်က ဆရာ သက်တင်အောင်တို့ပေါ့နော်။ ပြီးတော့ အစ်ကိုတို့ လေမှုတ်တူရိယာကိုလည်း သင်ရတယ်။ အစ်ကိုထင်တယ်။ အစ်ကို ဆယ်တန်းလောက် ရောက်တဲ့ အချိန်မှာ ရာထူးတိုးပေးလိုက်တယ်။ ကလယ်ရီနက်လို့ခေါ်တဲ့ အနက်ရောင်လေးနဲ့ လေမှုတ်တူရိယာလေးကို အစ်ကို မှုတ်ရတယ်။ အဲလို instrument ငယ်ငယ်ကတည်းကတော့ တူရိယာတွေ တီးတတ်တယ်။ အဲလိုမျိုးလေးတွေ အစ်ကိုငယ်ငယ်က သင်ခဲ့တယ်။ သင်ခဲ့ရင်းနဲ့မှ ဂစ်တာသူငယ်ချင်းက ဂီတာ သင်တန်းသွားတက်ရင်းနဲ့ သူ့အိမ်မှာ ဂစ်တာ ဆရာက လာသင်ပေးတယ်။ သင်ပေးရင်းနဲ့ သူတတ်ထားသမျှ အစ်ကိုတို့ ကြွားရင်းနဲ့ အစ်ကိုက သူ့ဆီက ပြန်သင်ရင်းနဲ့မှ ဂစ်တာ ဘက်ကို ရောက်သွားတာ။ ရောက်ရင်းနဲ့ ဂစ်တာသမား ဖြစ်တော့ တော်တော်များများကတော့ အစ်ကို ကို ဂစ်တာသမား ဖြစ်အောင် ဂစ်တာဘက်ကို ရွေးချယ်တာလို့ ထင်တာ အမှန်တော့ လေမှုတ်တူရိယကို စပြီး ဝါသနာပါတာ။

ဒါပေမယ့် အဲအချိန်က လမ်းသရဲ တူရိယာဆိုပြီးတော့ တော်တော်များများက ဂစ်တာကို မကြိုက်ကြဘူးပေါ့။ အဲတော့ အခုနက ညီလေးမေးတဲ့ မေးခွန်းပါပဲ။ ဂစ်တာကို တီးရင်းနဲ့မှ ထပ်ပြီးတော့ ခွဲခြမ်းစိတ်ဖြာသွားတာက ဂစ်တာ ရစ်သမ်လည်း တီးနေတာပဲ။ တီးနေရင်းနဲ့မှ အစ်ကို အဖေက ရစ်သမ်တီးတာ မကြိုက်ဘူး။ ရှေ့အဖိုးကြီးတွေကတော့ အိမ်မှာ ရစ်သမ်တီးရင်း ဆိုကျရင် သူက လက်မခံဘူး။ လက်မခံဘူးဆို တစ်ခါတလေကျရင် အဖေက မတားဘူး သူကိုယ်တိုင်လည်း မယ်ဒလင်လေး တီးတယ်။ ပင်စင်ယူပြီးတဲ့အချိန်မှာ မယ်ဒလင်လေး အိမ်မှာ လေ့ကျင့်ရင်းတီးတယ်။ တီးရင်းနဲ့ အဖေက ဘာပြောလဲဆိုတော့ မင်းတို့ ဂစ်တာ ငါနားထောင်တာ ဘာမှ မကွဲပြားဘူးတဲ့။ တစ်ဗြန်းဗြန်းနဲ့ ကြိုးတွေပဲ တီးနေတာပဲတဲ့ နားထောင်လို့ ဘာမှ ပြတ်ပြတ်သားသား မယ်လိုဒီ မပါဘူးပေ့ါ။

အဲတာနဲ့ ကျွန်တော်က တစ်ရက်လည်းကျရော ရုပ်ရှင်ရုံကြီးအောက်မှာ လိစ်ဂစ်တာတီးနည်းဆိုတဲ့ စာအုပ်လေး ဆရာ ပီမိုနင်နဲ့ စာအုပ်လေး ကျွန်တော်ဝယ်လာတယ်။ အဲတာကြောင့် လိစ်တီးနည်းကို ကျွန်တော်ဟာကျွန်တော် စာအုပ်နဲ့ ကြည့်ပြီးတီးရော ရစ်သမ်တီးပေးတဲ့ သူငယ်ချင်းကလည်း သူက ရစ်သမ်ပဲတတ်တော့ ကျွန်တော့်ကို ရသမ်ပဲ သင်ပေးတယ်။ အဲတာနဲ့ လိစ်တီးနည်း နုတ်လေးပါတယ်။ ဘင်ခရာသင်တန်းမှာလည်း ကျွန်တော်က နုတ်ကျွမ်းခဲ့တာကိုး အဲနှစ်ခုပေါင်းပြီး ကျွန်တော်တီးကြည့်တဲ့ အခါကျတော့ မယ်လိုဒီပေါ်လာတယ်ပေါ့။ ပေါ်လာတော့ အဲဒီဂစ်တာသီချင်းလေးတွေ ရောင်းတဲ့ စာအုပ်လေးတွေ ကျွန်တော်ယူယူကြည့်ပြီး  တီးရင်းတီးရင်း မယ်လိုဒီအသံထွက်လာတယ်။ ထွက်လာတော့ တစ်ရက်ကျတော့ အဖေက အိပ်ရာထလာတယ်။ ကျွန်တော်တို့ ဂစ်တာတီးတာကို မင်းအခုတီးတာတော့ ငါကြိုက်တယ်တဲ့။ အသံပီတယ်ပေါ့။ သူပြောတာ လိစ်ကို ပြောတာပေါ့နော်။ ငါ့အဖေက လိစ်အသံကိုတော့ ကြိုက်တယ်။ လိစ်အသံသည် လူကြီးတွေနားနဲ့ ယှဉ်ကြည့်ရင် အသံပီတယ်။ ရမ်သမ်ကျေတော့လည်း လုံးထွေးနေတာပေါ့။ အဲတာနဲ့ ကျွန်တော်က လိစ်သမားဖြစ်အောင် ဖြေးဖြေးချင်း ဆက်လေ့လာရင်းနဲ့ ဆရာတွေနဲ့ သင်ပေါ့နော်။ အခုကျတော့ တစ်နိုင်ငံလုံးမှာ သိတဲ့ အချိန်မှာ ဂစ်တာသမားဆိုတာ အရင်ခေတ်က စကားလုံးနဲ့ ပြောမယ်ဆိုရင် လိစ်သမားပါ။

ကျောင်းမှာကတည်းက အစပျိုးခဲ့တဲ့ ဂီတပညာဟာ သူ့ဘဝကို ဂစ်တာနိုင်ဇော်ရယ်လို့ ဖြစ်လာစေမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ လိစ်ဂီတာ တီးခတ်တာကို စတင်သိကျွမ်း ရင်းနှီးလာပြီးတဲ့ နောက်ပိုင်းမှာ သူဟာ ဂစ်တာကိုပဲ တစ်စိုက်မတ်မတ်လေ့ကျင့်ဖို့အတွက် စိတ်အားထက်သန်ခဲ့ပါတယ်။

အစ်ကိုအနေနဲ့ ဒါဟာ လက်ရှိမှာတော့ မြန်မာနိုင်ငံက ပရိတ်သတ်တွေ အကုန်လုံးက အစ်ကို ကို ဂစ်တာသမား တစ်ယောက်အနေနဲ့ အသိမှတ်ပြုကြတယ်။ အဲဒီလိုမျိုး  အသိမှတ်မပြုခင် အချိန် နာမည်တစ်ခုမရခင် အစ်ကိုအနေနဲ့ ဘဝမှာ ကြိုးစားနေချိန်မှာ အခု ဘဝမှာ အနုပညာလောကမှာ ခါးခါးသီးသီး ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေ ဘယ်လိုမျိုး ရှိလဲ အစ်ကို ။

တစ်ခါတစ်ခါ ကျွန်တော့်သားသမီးတွေကို အမြဲတမ်းပြောတယ်။ ဂစ်တာသမား မလုပ်နဲ့ အဆိုတော် မလုပ်နဲ့။ ဘေးက အဆိုတော်တွေက ကျွန်တော့်ကို စိတ်ဆိုးတယ်။ ကိုနိုင်ဇော်က ဘာဖြစ်လို့ ကိုယ့်သားသမီးကို မလုပ်ခိုင်းရတာလဲပေါ့နော်။ ကျွန်မ ကျွန်တော်တို့တွေဟာ ဘာဖြစ်လို့လဲပေါ့။ အဆိုတော် မလုပ်နဲ့ ဂစ်တာသမား မလုပ်နဲ့။ မဟုတ်ဘူး အဆိုတော် ဂစ်တာသမားလုပ်တယ်ဆိုတာ ထီထိုးသလိုပဲ။ ပေါက်ရင်တော့ အကြောင်းမဟုတ်ဘူး မပေါက်ရင် အများကြီး ဒုက္ခရောက်တာ။ အစ်ကိုက ပြောပြတယ်။ ညီလေးမေးသလိုပဲ ဒုက္ခတွေ အခက်ခဲတွေဆိုတာ အစ်ကိုတို့ ဘဝမှာ များလွန်အားကြီးလို့ အခုစာရေးဆရာလုပ်တော့ လူတွေက ဖတ်လို့ ကောင်းနေတာပေါ့နော်။ ရေးပါအုံး ရေးပါအုံးဆို ရေးလို့ မကုန်ဘူး။ ဘာကြောင့်လည်းဆိုတော ဒုက္ခဆိုတာ အစ်ကိုတို့ ဘဝမှာ ရိုးသွားပြီ။ ရိုးသွားလွန်းအားကြီးလို့ တစ်ခါတစ်ခါကျတော့ ဂစ်တာကို ဂစ် တာသမား အသစ်ဘဝမှာ ဂစ်တာတီးနေရင်းနဲ့ ကိုယ့်ကို ဒုက္ခပေးတဲ့သူတွေ များလွန်းအားကြီးတော့ အဲဒီဂစ်တာကိုတောင် စိတ်နာတဲ့ ဘဝရောက်တယ်။ တော်ပြီကွာ ဂစ်တာကို တစ်သက်လုံး မကိုင်တော့ဘူး။ ဂစ်တာသမားဆိုတာ ဒီလောက် ဒုက္ခရောက်တဲ့ အလုပ်တစ်ခု။ ငါဘာလို့ လုပ်မိလဲ မသိနော်။ အဲတော့ ဂစ်တာကို မမြင်ချင်တော့ဘူးဆိုတဲ့ ဘဝထိအောင် ရောက်ဘူးတယ်။ ဂစ်တာကို မတီးဘူး။ ငါဂစ်တာကို လုံးဝ မကိုင်တော့ဘူး။ ငါ့ကို ဒီလောက် ဒုက္ခဖြစ်တဲ့ တူရီယာကို ငါမတီးတော့ဘူးဆိုတော့ အဲလိုမျိုး ခါးသီးတဲ့ စိတ်တွေ ဖြစ်ဖူးတယ်။

ဒါပေမယ့် အခုနက ပြောသလို ဘာကိစ္စမျိုးက ဖြစ်သလဲဆိုတော့ ဥပမာတစ်ခု အစ်ကိုပြောပြမယ်။ အစ်ကိုတို့ လက်သင်ဘဝပေါ့။ အစ်ကိုကို ယုံကြည်လို့ စီးရီးတစ်ခု လာအပ်တယ်။ လာအပ်တော့ သူငယ်ချင်းက အပ်တယ်။ သူငယ်ချင်းကလည်း အစ်ကို ဖြစ်စေချင်တယ်ပေါ့နော်။ မင်းကိုငါ စီးရီးတစ်ခု အပ်မယ်ဆို အစ်ကိုကလည်း အိမ်မှာ အသားကုန် ကျင့်တာပေါ့။ နုတ်တွေလုပ် ကျန်တဲ့ ဘေ့သမားရယ်၊ ကီးဘုတ်သမားရယ်ကိုလည်း ပရော်ဖက်ရှင်နယ်တွေပေါ့ အဲခေတ်က တီးနိုင်တဲ့ သူတွေ ငှားပြီး စတူဒီယို တစ်ခုမှာ သွားတီးကြတယ်။ တီးလည်းတီးရော အဲမှာ အဓိက ပုဂ္ဂိုလ်တစ်ယောက်က အစ်ကို့ကိုတအားဒုက္ခပေးတယ်။ အစ်ကိုက သူတို့တီးဖို့ ပိုက်ဆံလည်းပေးရသေးတယ်။ အနစ်နာခံပြီးတော့လည်းအ ကုန်လုံး အောက်ခြေသိမ်းကစ နုတ်စာရွက်လေးက ပြေးသွားချိတ် ပေါ့။ ကိုယ်က ကိုယ့်ထက်တော်တဲ့လူကြီးတွေနဲ့ တွဲချင်လို့်သာ လုပ်ရတာ။ သူက အစ်ကိုကို တစ်ချိန်လုံးဒုက္ခပေး အရက်ဝယ်ခိုင်း ဒုက္ခပေး နောက်ဆုံးကျတော့ မင်းဒီတီဒလုံးတွေ တီးလို့မရဘူး မင်းလက်နဲ့ မဖြစ်ဘူး။ အစ်ကိုက နောက်ဆုံးသတ်မှတ်တဲ့အချိန် မပြည့်မချင်းတီးတယ်။ ဂျုတီပြည့်ခါနီဒမှ တီးတော့ အစ်ကိုက လက်တွေတုန် ဆရာကြီးတွေက တွဲမခေါ်ဘဲနဲ့ ဒုက္ခပေးတော့ အယောင်ယောင်အမှားမှားတွေ ဖြစ်ပြီးတော့ အဲ ဂျုတီမှာ အရှက်တကွဲ အကျိုးနည်းနဲ့ အစ်ကိုတီးတာတွေ အကုန်လုံး အလွဲလွဲ အချော်ချော် ဖြစ်သွားတယ်။ အဆိုတော်လည်း စိတ်ဆိုးတာပေါ့။ အစ်ကိုက မနိုင်ဘဲနဲ့ အလုပ်တစ်ခုကို လက်ခံတယ်ပေါ့နော်။

ပြောချင်တာက သူတို့ကို ချစ်လွန်းလို့ ကိုယ်က ပိုက်ဆံပေးပြီးလည်း ခေါ်တီးရသေးတယ်။ အစ်ကို ကို ပျော်အောင်မလုပ်ဘဲနဲ့ အစ်ကို ကို ဝိုင်းနှိမ်တော့ နောက်ဆုံးကျတော့ အစ်ကိုတီးတဲ့ အလုပ်တွေ မအောင်မြင်တဲ့ အချိန်မှာ စတူဒီယိုက ဂျုတီပြည့်ပြီ ပြန်တော့ဆို အစ်ကိုတို့အားလုံးက ပြန်ရတယ်။ နောက်ထပ်တီးမယ့် ပိုက်ဆံလည်း မရှိတော့ဘူး။ အဲလို ဒုက္ခရောက်တာလေ။ နောက်တော့ သူတို့က အစ်ကို ထပ်ပြီးတော့ အညှာတာ ပဲနဲ့ အပြစ်တွေပဲ တင်တာပေါ့လေ။ အစ်ကိုနောက်ဆုံး အပြန်ကြတော့ လမ်းမှာ ငိုတောင်ငိုတယ်။ အစ်ကိုသူငယ်ချင်းနဲ့ ငိုတယ်ပေါ့နော်။ တော်ပြီကွာ ငါအဲလုပ်မလုပ်တော့ဘူးဆိုပြီးတော့ အစ်ကို လုံးဝ ဂစ်တာကို မတီးတော့ဘူးဆိုပြီး တစ်ပါတ်လောက် ဂစ်တာမတီးပဲ စိတ်ထဲမှာ မေ့ပစ်လိုက်တယ်ပေါ့။ ငါ့ဘဝမှာ ဂစ်တာလည်း မရှိတော့ဘူးပေါ့ ငါ့က ဂစ်တာကို ချစ်သလောက် ဂစ်တာသမားတွေက ငါ့ကို ပြန်ဒုက္ခပေးတယ်။ ပြီးတော့ငါ့ကို အခုသွားတဲ့ ခရီးမှာ ကူညီမယ့်သူက တစ်ယောက်မှ မရှိဘူး။ ရှိသမျှလူအားလုံးက ဒုက္ခပေးမယ့် သူကြီးပဲ အဲခေတ်က ဖြစ်နေတဲ့ ပြဿနာပေါ့နော်။ အဲတာနဲ့ အစ်ကို မတီးတော့ဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။

နှစ်ရက် သုံးရက်လောက်နေတော့ မနေနိုင်ဘူး။ မိုးလင်းတာနဲ့ ဂစ်တာကိုပဲ သတိရတယ်။ ဂစ်တာကို ငါမတီးတော့ဘူးကွာဆိုပြီးနေပေမယ့် ဂစ်တာက အပြစ်မရှိဘူးလေ။ လုပ်တဲ့သူတွေကသာ အပြစ်ရှိတာ။ ဒါပေမယ့် အခုနကပြောသလိုပေါ့ အစ်ကို ဂစ်တာသမားဖြစ်ဖို့ ဒါလေးတွေက သေးသေးလေးပဲ ရှိသေးတယ်။ အစ်ကိုဒုက္ခရောက်ခဲ့တဲ့ ခရီးတွေက အများကြီး။ ပြီးတော့ လူတိုင်းကို ကူညီတယ်။ ချစ်လို့ကိုယ်က အခုစာနယ်ဇင်းပွဲတွေမှာ မိတ်ဆက်စကားပြောတယ်ဆိုတာက အရင်တုန်းက အစ်ကိုတို့ ဘဝတွေမှာ အသစ်တွေကို ခါးခါးသီးသီး ဒုက္ခပေးတဲ့ ဒဏ် ခံခဲ့ရလို့ နောက်တစ်မယ့် အဆိုတော်တွေ မျိုးဆက်သစ်တွေ အဲလိုမဖြစ်အောင် ပေါင်းကူးတံတား အနေနဲ့ အစ်ကိုက အမြဲတမ်း အမှတ်တရ စကားလေး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပေါ့နော်။ အားပေးတဲ့ စကားတွေ ပြောတာပါ။ အစ်ကိုတို့ခေတ်က တော်တော့်ကို  ခွဲခြားဆက်ဆံခြင်းကိုလည်း ခံရတယ်။ ဒါကြောင့်မို့လို့ ဂစ်တာ သမားတစ်ယောက်ဘဝမှာ အစ်ကို အခက်ခဲတွေ အများကြီး ကြုံခဲ့ရမှာပဲဆိုတဲ့ စကားပြောရင် အစ်ကို့ဘဝမှာ အများကြီး ရှိတဲ့ထဲက တစ်ခုပဲ ရွေးပြီးပြောတာပါ။

အစ်ကိုအနေနဲ့ အခုနကလို အဖြစ်ပျက်တွေ ခါးသီးတာတွေ ကြုံခဲ့ရတဲ့ အခါမှာ ဒီလမ်းကြောင်းကိုလည်း ဆက်လျောက်ချင်တဲ့ အခါကျတော့ နောက်တစ်ခေါက်ပြန်လျှောက်မယ်ဆိုတဲ့ အချိန်မှာ ကျနေတဲ့ စိတ်ဓာတ်တွေကို အစ်ကို ဘယ်လိုမျိုး ကိုယ့်ကိုယ်အားတင်းပြီးတော့ ရှေ့ဆက်ခဲ့သလဲ။

အစ်ကိုက မွေးကတည်းက စိတ်တစ်ခုပဲ ရှိတယ်။ အစ်ကိုက လေ့လာချင်တဲ့ စိတ်တစ်ခုပဲ ရှိတယ်။ နာမည်ကြီးချင်တာလဲ မဟုတ်ဘူး။ အစ်ကိုပြောတဲ့ သဘောက အစ်ကို အခု ဂစ်တာကို တီးရသည်ဖြစ်စေ မတီးရသည်ဖြစ်စေ ဂစ်တာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို အစ်ကို လေ့လာတယ်။ တစ်ချိန်လုံး ကိုယ်က ဂစ်တာကို သင်ယူနေတာ။ တစ်ချို့ကကျတော့ စင်ပေါ်မှာ တက်တီးချင်တာ။ နာမည်ကြီးချင်တာပဲ ရှိတယ်။ အစ်ကိုက သူ့ဆီက ဘာထွက်လာမလဲဆိုတာ လေ့လာချင်တာ။ သင်ယူချင်တာ။ သူ့ဆီမှာ အစ်ကိုတို့လေ့လာချင်တာ တစ်နေ့ထက်တစ်နေ့ မကုန်နိုင်ဘူးလေ။ ဂစ်တာဆို ပလပ်ကင် ရှိမယ်။ ဘင့်တွေရှိမယ်။ ဂျပ်တွေ ရှိမယ်။ သူ့ပညာတွေက ဒီဂစ်တာ ကြိုး ၆ကြိုးထဲမှာ ထွက်လာတာတွေက အများကြီးလေ။ သူ့ကို အစ်ကို သင်ပေးနေတဲ့ ဆရာတစ်ယောက်လို အစ်ကိုက ဂစ်တာကို ချစ်တာ။

အစ်ကိုငယ်ငယ်တုန်းက အမြဲတမ်း စကားတစ်ခု ရှိတယ်။ အစ်ကိုအိမ်ရှေ့က သံမံတလင်းခုံလေးမှာ ဂစ်တာ တစ်ချိန်လုံး ထိုင်တီးနေတာ။ လူတွေက ဘာပြောလဲဆိုတော့ တစ်ချိန်လုံး ဂစ်တာထိုင်တီးနေတာ မပျင်းဘူးလားဆိုတော့  အစ်ကိုက ပျင်းဖို့ သတိမရဘူး။ တစ်ခါ တစ်ခါကျ အစ်ကိုပြောချင်တဲ့ စကားတွေကို ဂစ်တာနဲ့ ပြောနေတာ။ အဲလောက်ထိ ရှုးသွပ်တယ်ပေါ့နော်။ ညီလေးပြောသလို အစ်ကို ဘာဖြစ်လို့ စိတ်ဓာတ်မကျတာလဲဆိုတော့ အစ်ကို တစ်ခါတလေ လုံးဝ စိတ်ဓာတ်ကျတယ်။ စိတ်ဓာတ်ကျသမျှကို ဂစ်တာထဲမှာထည့်ပြီး တီးနေလိုက်တယ်။ အဲလိုမျိုး ဂစ်တာက ကိုယ့်ဘဝအတွက် အဖော်လို့ ဖြစ်နေတာပေါ့။ အခုထက်ထိလည်း အိမ်ပြန်ရောက်တယ်ဆိုရင် အဝတ်မလဲရသေးဘူး။ အစ်ကို အရင်းဆုံး ပါဝါဖွင့်လိုက်တယ်။ ကွန်ပျုတာဆို ထုံးစံတိုင်းပဲ ဖွင့်လိုက်ရင် Run  နေပြီလေ။ အဲတော့ effect  တွေကုန်လုံးကို တစ်ချက်ဖွင့်လိုက်တာနဲ့ ပွင့်တဲ့ စနစ်ကို လုပ်ထားတယ်။

ဘာကြောင့်လဲဆိုတော့ ဆရာ ကံချွန်ပြောတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရှိတယ်ပေါ့နော်။ အလုပ်လုပ်ရတာ စိတ်မဝင်စားဘူးဆိုတာ အလုပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို စနစ်တကျမထားလို့တဲ့။ အလုပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းဆိုတာ တစ်ချက်ထိလိုက်တာနဲ့ အကုန် အဆင်သင့်ဖြစ်မယ်ဆိုရင် အလုပ်လုပ်ရတာ အရမ်းအဆင်ပြေတယ်။ အစ်ကို စတူဒီယိုမှာ အစ်ကိုတစ်ချက် ခလုတ်နှိပ်လိုက်တာနဲ့ တစ်ချက်တည်းပွင့်အောင် အကုန်လုံးကို ON ထားတယ်။ အဲလိုမျိုး ဂစ်တာကို တစ်စိုက်မတ်မတ် ကျဆုံးတာ အောင်မြင်တာ အစ်ကို မသိဘူး။ စိတ်ဓာတ်ကျတာ မကျတာ အစ်ကိုမသိဘူး။ စိတ်ဓာတ်ကျလည်း ဂစ်တာတီးမယ် အောင်မြင်လည်းဂစ်တာ တီးမယ်။ တစ်ချို့ရှိတယ်။ ဒီနေ့ ရှိုးအောင်မြင်သွားပြီ။ နောက်နေ့လျောက်သွားပြီး အပျော်ပါးတွေ လုပ်တယ်။ အောင်ပွဲခံတယ်။ အစ်ကိုမှာအောင်ပွဲခံတာ ဘယ်တော့မှ မရှိဘူး။ ဘယ်တော့မှလည်း အောင်ပွဲမခံဘူး။ ငါအောင်မြင်ပြီဆိုပြီးတော့ ရှိုးတွေ မြောက်များစွာတီးခဲ့တာပဲ နောက်နေ့ အားလုံးစုပြီးတော့ ဒီညဆိုင်တစ်ဆိုင်မှာစုပြီးတော့ အောင်ပွဲသွားခံမယ်။ စားကြသောက်ကြမယ် အစ်ကိုဘယ်တော့မှ မလိုက်ဘူး။ ညစာစားပွဲတွေ နယ်တွေမှာ တီးကြတယ်။ ပွဲပြီးသွားရင် စားကြသောက်ကြမယ်ဆို ကိုယ်မလိုက်ဘူး။ အစ်ကိုအောင်ပွဲခံတာ ဂစ်တာနဲ့ပဲ အောင်ပွဲခံတယ်။ အဲတော့ နောက်လူငယ်တွေလည်း အစ်ကိုပြောချင်တာက ရှုံးတာတွေ နိုင်တာတွေကို ခေါင်းထဲမထည့်နဲ့ ဂစ်တာကို တကယ်ချစ်ရင် ဂစ်တာနဲ့ပဲ ဖက်ပြီးတော့ အောင်ပွဲခံ။ ဘယ်အချိန်မဆို ဒါဆိုရင်အောင်မြင်တဲ့သူ ဖြစ်လာမှာပဲ။ ကိုယ်ရင်ထဲမှာရှိတဲ့ ဆုံးရှုံးမှုကိုလည်း ဂစ်တာထဲမှာပဲ ထည့်လိုက်။ အောင်မြင်မှုကိုလည်း ဂစ်တာထဲမှာပဲ ထည့်လိုက် ။ အဲတော့ အစ်ကိုပြောချင်တဲ့ သဘောက ဂစ်တာသည် သက်မဲ့ပါ။ ဒါပေမယ့် သက်ရှိတစ်ယောက်လို ကိုယ်ကလည်းချစ်ရင် သူကလည်း ကိုယ့်ကို ပြန်ချစ်လာမယ်လို့ အစ်ကိုတော့ ဥပမာပေးချင်တယ်။

ဂစ်တာကို သက်ရှိတစ်ယောက်လို သဘောထားပြီးတော့ သစ္စာရှိရှိလေ့ကျင့်ခဲ့တာကြောင့်လဲ သူ့ကို ပရိတ်သတ်တွေက အသိမှတ်ပြုတာလို့ ခံယူထားသူ ဖြစ်ပါတယ်။ အခက်ခဲတွေ ကြုံရတိုင်းမှာလည်း စိတ်ကို ဂစ်တာတီးတဲ့ အလုပ်မှာပဲ နှက်မြှုပ်ထားတာကြောင့် အောင်မြင်မှု ရှုံးနိမ့်မှုဒဏ်ကို ခံနိုင်တာ ဖြစ်တယ်လို့ ယူဆထားပါတယ်။

အစ်ကိုဘဝမှာကော အဲလိုမျိုး မှတ်မှတ်ရရ ပွဲလိုမျိုး ဘဝမှာ မှတ်မှတ်ရရ စံပြထားရတဲ့ မမေ့နိုင်တဲ့ ပုဂ္ဂိုလ်လို့ ပြောပါဆိုရင် ဘယ်သူတွေများ ဖြစ်မလဲ။

ဘဝမှာကိုယ်နဲ့ပတ်သက်ပြီးတော့ ကိုယ့်ကိုယ်ကူညီခဲ့တဲ့ ဆရာတွေလည်း အများကြီးရှိပါတယ်။ အဓိက ကိုယ့်ဆရာ ကိုခင်မောင်မြင့်တို့၊ ကိုခိုင်ကျော်တို့၊ သူတို့ဆိုရင် ကိုယ့်ဘဝမှာ ထိပ်ဆုံးမှာ ထားရမယ့် ပုဂ္ဂိုလ်တွေပါ။ ဘာကြောင့်လဲဆိုတော့ အစ်ကိုအခုနကလိုပေါ့။ ပထမဆုံး အစ်ကို အနှိမ်ခံရတယ်ပေါ့နော်။ စိတ်ဓာတ်ကျအောင် နေရာ အားလုံးက လုပ်တဲ့ အချိန်မှာ အစ်ကို စိတ်ဓာတ်ကျပြီးတော့ ဂစ်တာပဲ တီးနေတယ်။ မျှော်လင့်ချက် ဘာမှမရှိတော့ဘူး။ အဲချိန်မှာ ဆရာခိုင်ကျော် စာအုပ်ထွက်တယ်။ ကိုခင်မောင်မြင့် ကျောက်မြောင်းမှာ နေတယ်။ သူက အစ်ကို ကို အရမ်းလည်း ချစ်တယ်။ သားတစ်ယောက်လိုချစ်တော့ အစ်ကို ခေါ်ပြီး ညီလေးနိုင်ဇော် မင်းငါ့ဆီလာခဲ့။ မင်းကိုငါသင်ပေးမယ်။ မင်းတကယ့် professional တစ်ယောက်ဖြစ်အောင် ဘာတွေလေ့လာရမယ်။ ရုပ်ရှင်ထဲက ပြောရင်တော့ တရုတ်သိုင်းကားထဲက ဆရာကြီးတွေ သင်ပေးသလိုပေါ့။ အစ်ကို ကို  စနစ်တကျ သင်ပေးတယ်။ သင်ပေးတယ်ဆိုတာ ဂစ်တာတီးနည်းတင် မဟုတ်ဘူး စိတ်နေစိတ်ထားကော လူတွေကို ဘယ်လိုကူညီရမလဲ။ ကိုယ်နာမည်ကြီးသွားခဲ့ရင် အဲလိုလူမျိုး လုပ်ရပ်မျိုး မလုပ်ဖို့ သူက သေချာသင်ပေးတာ။ အဲတော့ ဆရာခိုင်ကျော်ရဲ့ ကျေးဇူးကြောင့် ကိုယ်က လူကတော့ professional မဖြစ်သေးဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ professional ဖြစ်အောင် သူက သင်ပေးနေပြီ။

အစ်ကိုက အရင်တုန်းက အမြဲတမ်းပြောတယ်။ အစ်ကိုက တီးဝိုင်းတစ်ဝိုင်း ဖွဲ့ချင်တာလေ။ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ အစ်ကိုတို့ စိတ်ကူးပေါ့ကွာ။ ငါတို့ရပ်ကွက်ထဲက သူငယ်ချင်းတွေ နိုင်ငံကျော်အောင် လုပ်ကြမလဲ။ အစ်ကိုသူငယ်ချင်းတွေကို အစ်ကိုက သင်ပေးတယ်။ သင်ပေးရင် အစ်ကိုက ဂစ်တာကျင့်တယ်။ သူတို့က မကျင့်ဘူး။ လျောက်သွားနေတာ။ သီချင်းတိုက်ရင် ဒီကောင်တွေက မှား အစ်ကိုက စိတ်တွေဆိုး နောက်ဆုံးကျတော့ ကိုခင်မောင်မြင့်က ဘာပြောလဲဆိုတော့ အစ်ကိုဆရာက မင်းအဲဝိုင်းကို ဖျက်လိုက်တော့တဲ့။ အစ်ကိုကလည်း မဖျက်ချင်ဘူး။ သူငယ်ချင်းတွေနဲ့ အရမ်းသံယောဇဉ်ရှိတယ်။ သူတို့နဲ့တူတူ တက်မယ်ပေါ့။ သူက အစ်ကို အဆိုမိန့်လေးတစ်ခု ပြောပြသွားတယ်။ အရမ်းကောင်းတယ်။ မင်းဖြတ်လိုက်တော့တဲ့။ ဘာဖြစ်လို့လဲအစ်ကို ကျွန်တော်သူတို့နဲ့ အောင်မြင်အောင် လုပ်မယ်လို့။ မင်းသူတို့နဲ့ လုပ်လို့မရတော့ဘူး ဘာဖြစ်လို့လဲဆိုတော့ မင်းအောင်မြင်မှုတစ်ခုပေါ်တက်မယ်ဆိုရင် အနှောင်ဖွဲ့တွေကို ဖြုတ်ချရာမှာ အနှောင်အဖွဲ့တွေ စွဲပြီးတက်ရင် မင်းဘယ်လိုမှ ရောက်မှာ မဟုတ်ဘူးတဲ့။ မင်းကိုယ်မင်း အပေါ့ပါးဆုံး ဖြစ်အောင် လုပ်ပြီးမှ တက်တဲ့။ မင်းတကယ်လို့ စေတနာရှိရင် အပေါ်ကနေ ကြိုးပြန်ချပေး ဆွဲတင်လိုက်။ ဒါပဲရှိတယ်။ သူတို့နဲ့တူတူတက်ရင် မင်းပါ ပြုတ်ကျသွားလိမ့်မယ်။ ပြောပြီး သူက ဘာလုပ်ခိုင်းလဲဆိုတော့ ဒီတီးဝိုင်းကို ဖျက်လိုက်တော့တဲ့။ မင်း တကယ်လုပ်ရမှာက professional တွေဆီမှာ သွားပြီး တပည့်ခံရမှာတဲ့။ မင်းထက်တော်တဲ့သူတွေကြားမှာ မင်းတပည့်ခံရမှာတဲ့။ သူတို့နဲ့တီးနိုင်မှ မင်းက အညံဆုံးဖြစ်မှ မင်းက တိုးတက်မှာတဲ့။ သူတို့ကြားထဲမှာ အတော်ဆုံးဖြစ်နေရင် မင်းဘာမှ ဖြစ်လာမှာ မဟုတ်ဘူးတဲ့။ သူပြောတဲ့ အဆိုမိန့်တွေက ကိုယ့်ဘဝမှာ အကောင်းဆုံး စကားတွေပါပဲ။

ဒီလိုနဲ့ပဲ သူရဲ့ ဆရာဟာ သူ့ကို လမ်းပြပေးခဲ့တာကြောင့် သူ့ဘဝမှာ အမှတ်တရ ရှိနေခဲ့တဲ့ ဂီတ ဖျော်ဖြေပွဲလေးတစ်ခုမှာ တီးခတ်ခွင့်ရခဲ့တဲ့ အကြောင်းကိုလည်း အခုလိုမျိုး ရှင်းပြခဲ့ပါတယ်။

သူ့သူငယ်ချင်းတွေ တီးတဲ့ဝိုင်းမှာ အစ်ကို ကို စင်ပေါ်တက်ပြီးတော့ ရစ်သမ်တက် တီးခိုင်းတယ်။ သူရမယ့်နေရာကို အစ်ကိုကို ပေးတီးတာပေါ့နော်။ တီးရင်းနဲ့ တစ်ရက်လည်းကျရော သာကေတတံတာအဆင်း ဒေါပုံပေါ့ သင်္ဘောကျင်းဘက်မှာ သူ့မိတ်ဆွေ ကံထရိုက်တစ်ယောက်က စတိတ်ရှိုးလုပ်တယ်။ အဲရှိုးမှာ တီးမယ့် Player  တွေက အကောင်းတွေကြီးပဲ။ အဲကြားထဲမှာ အစ်ကိုကို မင်းရသမ်တက်တီးတဲ့။ ကိုယ့်ဆရာကို သူငယ်ချင်းအရင်းဆိုတော့ သူတို့က ပေးတီးတာ။ အဲတာကို ကိုယ့်ဆရာက  သူမတီးပဲနဲ့ အဲတုန်းက ကီးဘုတ်က ကိုသိန်းဆွေ၊ ဂစ်တာက ကိုမြင့်ဦးတဲ့၊ ဒရမ်က ကိုကျော်မင်း၊ ဘေ့က ကိုတော်ပီဂျော်နိုင် အဲလို ကိုယ့်ထက်ဝါရင့်ပြီး တကယ်တီးနိုင်တဲ့ ဆရာကြီးတွေ ကြားထဲမှာ အစ်ကိုက ရစ်သမ်တက်တီးရတာ ကလေးပေါ့နော်။ အားလုံးက ဒီကောင်ဖြစ်ပါ့မလားဆိုတော့ ခပ်ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဖာဂူဆန်က ရိုနယ်ဒိုကို လွှတ်လိုက်သလိုပေါ့။ သူ့စိတ်ချလို့သာ ငှားလိုက်သလိုမျိုး ဆရာက မဟုတ်ဘူး မင်း ဒီကောင်ကို မင်းလျော့မတွက်နဲ့တဲ့ ဒီကောင်ဖြစ်လာမယ့်ကောင်ပေါ့။ ဒါပေမယ့် အစ်ကိုက လိစ်သမားလည်း ဖြစ်ချင်တယ်။ ရစ်သမ်ပဲ တက်တီးတယ်ဆိုတော့ မှတ်မှတ်ရရ အဆိုတော်က လေးယောက် အဲလေးယောက်က အစ်ကိုဘဝမှာ မမေ့နိုင်တဲ့ လေးယောက်ပေါ့နော်။

နံပါတ်တစ် အဆိုတော်က ထူးအိမ်သင်၊ ထူးအိမ်သင်က အဲတုန်းက မှော်ဆရာအိမ်မက်ပဲ ထွက်သေးတာ။ အဲမှာ ထူးအိမ်သင်ကို အစ်ကို တီးခွင့်ရလိုက်တယ်။ ထူးအိမ်သင်က အမေ့အိမ်တို့ ဘာတို့ အကုန်ဆိုတယ်။ နာမည်ကြီး အရမ်းကြီး ရှိုးတွေ မရှိသေးတဲ့ အချိန် နောက်တစ်ယောက်က ရှားရှားပါးပါးပဲ ရှိုးတွေမှာ ဆိုလေ့မရှိဘဲနဲ့ ငှားလိုက်တာ။ ကိုမိုးအောင်တဲ့။ နောက်တစ်ယောက်က ဂျက်မြသောင်းတဲ့။ ဂျက်မြသောင်းက ရာဇဝင်ရိုင်းတယ်တို့ မျက်ရည်တော့မကျနဲ့ အချစ်ရယ်လို့ ငိုသံမကြားရဲလို့ပါတို့ တကယ်ပြောတာပါလို့ အရမ်းနာမည်ကြီးတဲ့ အချိန် ဂျက်မြသောင်းလည်း ဖြစ်တယ်။ အစ်ကိုသူကိုလည်း တီးခဲ့ဘူးတယ်ပေါ့နော်။ နောက် ရစ်သမ်သမားအနေနဲ့ မထင်မရှားပေါ့။ ဗွီဒီယို မှတ်တမ်းတင်တာ ဘာမှ မရှိဘူး။

နောက်ဆုံးတစ်ယောက်က ပိုဆန်းတယ်။ အဲတစ်ယောက်က အဲချိန်မှာ နာမည် မကြီးသေးဘူး။ ကျွန်တော့်ဆရာကို ခင်မောင်မြင့်နဲ့ လူချင်လည်းခင်လို့ ငှားလိုက်တာ နာမည်အရမ်းမကြီးသေးဘူး။ အဲအဆိုတော့်က ပရိတ်သတ်လည်း အဲလောက်မကြိုက်သေးဘူး။ ခေါ်ဆိုတော့ လာဆိုပေးတယ်။ ဆိုပေးရင်းနဲ့ အစ်ကိုဆီက ပက်ထရွန်လေး ယူတီးပြီးတော့ ပြန်ပေးသွားတယ်။ သီချင်းကလည်း သိပ်မဆိုဘူး။ နောက်တော့ သူဆိုတဲ့ သီးချင် တအားနာမည်ကြီးသွားတယ်။ သူဆိုတာ ငှက်ကလေးများတို့ရယ်၊ စိတ်ညစ်လွန်းလို့ အပန်းဖြေ၊ ကိုယ်ဗွီဒီယိုကြည့်ရင်ကောင်းမလား။ အဲတုန်းက ပရိတ်သက်က သူ့ကို အရမ်းမကြိုက်သေးဘူး။ ဘာကြောင့်လဲဆိုတော့ သူ့က အကောင်းဆုံးတေးများ မထွက်သေးဘူး။ အဲရှေ့က လမ်းသစ်တို့ ကြယ်တစ်ခွန်တို့ ထွက်နေပြီ ကိုဇော်ဝင်းထွဋ် သူက ကြယ်တံခွန်တို့ ထွက်တဲ့ အချိန်မှာ လူတွေအားလုံးက အသံကွဲကွဲကြီးမို့ မကြိုက်ကြဘူး။ အကောင်းဆုံးတေးများဆို ထွက်လိုက်တော့မှ ကောင်းကင်မေမေတို့ နဲ့ တစ်နိုင်ငံလုံးက ကြိုက်သွားတာလေ။ အကောင်းဆုံးတေးများမထွက်ခင် အရှေ့ပိုင်းမှာ သူလာဆိုတာ။ သူ့ကိုယ်သူ အရမ်းနာမည်ကြီးတယ်လို့ သူမသိသေးဘူး။ သူလည်း မကြီးသေးဘူး အဲတော့ ပရိတ်သတ်တွေက ဘာလဲပဲ စောင့်ကြည့်နေတာ။ အဲဒီအချိန်မှာ အစ်ကို ဂီတာ တီးခွင့်ရတယ်ဆိုတော့ ကိုခိုင်ကျော်တို့ ကိုခင်မောင်မြင့်တို့ဆိုတာ အစ်ကိုအရမ်းချစ်တဲ့ ဆရာပါ။ အခုကွယ်လွန်သွားပါပြီ။ သူ့ရဲ့ကျေးဇူးကြောင့် အစ်ကို ဒီဘဝမှာ ရပ်တည်နိုင်တာပါ။ အစ်ကိုဘဝမှာ မမေ့နိုင်တဲ့ ဆရာထဲမှာထိပ်ဆုံးပါတဲ့ ဆရာပေါ့။

အခုလိုမျိုး သူ့ဘဝမှာ အမြဲတမ်းရှိနေခဲ့တဲ့ ဆရာတွေနဲ့ အနုပညာ မောင်နှမတွေကြောင့်ပဲ အောင်မြင်လာတဲ့ အချိန်မှာ နောက်ထပ်မျိုးဆက်သစ်တွေကို လက်တွဲခေါ်ယူချင်စိတ် ရှိတယ်လို့ ဆက်လက်ပြောပြသွားခဲ့ပါတယ်။

အစ်ကို ကျွန်တော်တို့ လူငယ်တွေထဲမှာလည်း ရှိတယ်ပေါ့နော်။ သူတို့က ဝါသနာပါတဲ့  ကိစ္စက တစ်ခု လက်ရှိမှာသူတို့လုပ်နေရတဲ့ ကိစ္စက တစ်ခုဖြစ်နေတယ်။ အဲဒီလို လူငယ်တွေ အတွက်ကော အစ်ကိုလိုမျိုး အစ်ကိုရဲ့ ဝါသနာကို အကောင်အထည်ဖော်နိုင်ဖို့ အတွက်ကို သူတို့အနေနဲ့ ဘာတွေလိုအပ်မယ် ထင်လဲ။

အစ်ကိုပြောသလို ပိုက်ဆံရတဲ့ အလုပ်တစ်ခုက လွယ်လွယ်ကူကူ ချက်ချင်း စွန့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပိုက်ဆံရဖို့လည်း ရှာရအုံးမယ်။ ပြီးမှ ကိုယ်ဝါသနာပါတာကို သွားရမှာလေ။ ဝါသနာပါတာ ထားပါတော့ ညီလေးက စာရေးချင်တယ်။ ဝင်ငွေမရှိဘဲနဲ့ ဘယ်သူမှ စာရေးလို့ မရဘူး။ စာရေးပြီး ဝင်ငွေရဖို့ဆိုတာကလည်း မင်းက နာမည်ကြီးမှ မဟုတ်တာ မင်းကို ဘယ်သူက ပိုက်ဆံပေးမှာလဲ။ အဲနှစ်ခုကြားမှာလူငယ်တွေက တစ်ခုတော့ လုပ်ရမှာပဲ။ ထားပါတော့ ညီလေးက စာရေးချင်တယ်။ စာရေးဆရာဖြစ်ချင်ရင် စာရေးဖို့ ကျင့်တာက တစ်မျိုး၊ လက်ရှိမှာတော့ ညစောင့်အလုပ်လည်း လုပ်ရနိုင်တယ်။ အစ်ကိုဆိုရင် ဂီတာသမားဖြစ်ချင်လို့ ၂၂ လမ်းမှာရှိတဲ့ ကန်ထရိုက်တိုက်မှာ တိုက်စောင့်နဲ့ မန်နေဂျာလို့ အမည်ခံထားပေမယ့် တကယ်တမ်းတော့ စတိုခန်းစောင့်တာပါ။ အစ်ကို ဝင်လုပ်ရတယ်။

အဲမှာဝင်လုပ်တော့ ကန်ထရိုက်က အစ်ကိုကို အရမ်းကြိုက်တယ်။ ကျောင်းတွေပိတ်ထားတဲ့ အချိန်မှာ ပထမနှစ်ကျောင်းတွေ ပိတ်ထားတဲ့ အချိန်မှာ ၈၈ အရေးခင်းပြီးတော့ ကျောင်းပိတ်လိုက်ရော။ ပထမနှစ်မှာပဲ အလုပ်မရှိတော့ဘူး။ အိမ်ကလည်း အစ်ကိုကို နင်အလုပ်တစ်ခု ဝင်လုပ်တော့ ကျောင်းတွေလည်း ပိတ်လိုက်ပြီဆိုတော့ သူငယ်ချင်းရဲ့ အဖေက ကန်ထရိုက်လုပ်တော့ သူကန်ထရိုက်တိုက်မှာ ဝင်လုပ်တယ်။ ဒါပေမယ့် အဓိက ပြဿနာက အစ်ကို ဒီအလုပ် မလုပ်ချင်ဘူး။ အစ်ကိုဖြစ်ချင်တာက ဂစ်တာသမား၊ အဲတော့ သူ့အလုပ်သာ လုပ်တယ် အစ်ကို စိတ်မပါဘူး။ အဲတော့သူကလည်းပြောတယ်။ နိုင်ဇော် မင်းနည်းနည်းတော့လေ့လာ။ မင်းဒီထက်လေ့လာရင် မင်းကို ရာထူးတွေလည်း ဒီထက်တိုးပေးမယ် လုပ်ငန်းတွေလည်း ဒီထက် ရာထူးတိုးပေးမယ်။ မင်းက ခက်တာက မလေ့လာတာ ခက်တာ။ အစ်ကိုက လေ့လာလိုက်ရင် အဲဘက်ဝါသနာပါရင် ဂစ်တာ မတီးတတ်မှာ ကြောက်တယ်။ အဲတော့ သူပေးတဲ့ပိုက်ဆံယူပြီး သူ့ကိုတာဝန်သာကျေတာ ဆက်မတိုးတော့ဘူး။ ဘာလို့လဲဆိုတော့ အဲမှာ ဂစ်တာတစ်လုံးယူသွားပြီးတစ်နေ့ကုန်တီးနေတာ။ အဲတော့ အစ်ကို ဘယ်သူကချစ်လဲဆိုတော့ အလုပ်သမားတွေက အရမ်းချစ်တာ။ ပန်းရံလုပ်တဲ့သူတွေ သူတို့အလုပ်လုပ်တဲ့ အချိန်မှာ အစ်ကို ဂစ်တာသံနဲ့ ဖျော်ဖြေနေတော့ သူတို့က ကြိုက်တာပေါ့နော်။ အဲတော့ အလုပ်သမားတွေက အစ်ကိုနဲ့ သူငယ်ချင်းလို ဖြစ်နေတာ။ အရမ်းချစ်တာ။

တောင်ငူမှာရှိတဲ့ စတိတ်ရှိုးကြီးတစ်ခုကို ဂစ်တာသမားလိုတယ်။ အဲတာလည်း အစ်ကို ဆောင်းပါးရေးဖူးတယ်။ ကိုတော်ပီက အစ်ကိုကို လာခေါ်တယ်။ နိုင်ဇော် တောင်ငူမှာလုပ်မယ့် စတိတ်ရှိုးကြီးတစ်ခုမှာ စိုးသူတို့ ရန်အောင်တို့ နာမည်ကြီးတွေ အယောက် ၂၀လောက်ပါတယ်တဲ့။ အဲပွဲမှာ မင်းတီးရမှာတဲ့။ မင်းလိုက်တီးမလားဆို အစ်ကိုတီးချင်တာပေါ့နော်။ အစ်ကိုက တစ်ချိန်လုံးဂစ်တာတွေ ကျင့်ထားတာကိုး။ ခက်တာက အဲဒီကန်ထရိုက်တိုက်သော့ကြီးက အစ်ကိုဆီမှာ ကန်ထရိုက်က မနက်ကြီးမလာသေးဘူး။ အဲမှာလည်း ဘိလပ်မြေတွေ၊သံတွေ၊ သွပ်တွေ အများကြီးအဲတာတွေကို အစ်ကို သိမ်းထားတော့ ကားကလည်း မနက် ၁၀နာရီ ထွက်တော့မှာ မနက်သူက ၈နာရီလောက် လာခေါ်တယ်။ ကျွန်တော်လိုက်မယ်လို့ တီးလည်းတီးချင်တယ်။ ကျွန်တော့်ဘဝမှာ အဲလို နာမည်ကြီး အဆိုတော်တွေနဲ့ တီးခွင့်ရဖို့လည်း မလွယ်ဘူးပေါ့။ သူတို့တီးလို့ အစ်ကိုကို အသိမှတ်ပြုလိုက်ရင် အစ်ကို ဂစ်တာသမား ဘဝကို ရောက်ပြီပေါ့ကွာ။

 ကန်ထရိုက်ကိုစောင့်တော့ သူတို့ကမလာ။ မလာတော့ အစ်ကိုက နောက်ဆုံး တစ်ခုခု ဆုံးဖြတ်ရတော့မယ်။ ဘယ်ဘက်သွားမလဲဆို နောက်ဆုံး အစ်ကို ကြိုက်တဲ့ ဂီတကို အစ်ကို ရွေးချယ်လိုက်တယ်။ ရွေးချယ်လိုက်တော့ အဲသော့ကို အလုပ်သမားတွေထဲမှာ စိတ်ချဆုံးဖြစ်တဲ့ အစ်ကိုသူငယ်ချင်းတစ်ယောက်ရှိတယ်။ ပန်းရံလုပ်တဲ့ ဆရာတစ်ယောက်ပေါ့နော်။ အပ်ခဲ့ပြီး အစ်ကို အပ်ခဲ့ပြီ ကျွန်တော်တော့ ဒိုးတော့မယ်။ ကျွန်တော်ပြန်လာ အလုပ်ပြုတ်လည်း ခံတော့မယ်လို့။ အိမ်က အဆူလည်း ခံတော့မယ်လို့ ကျွန်တော် ဂစ်တာတော့ မတီးလို့ မဖြစ်တော့ဘူးလို့ ပြောပြီးတော့ သူအပ်ခဲ့ပြီး သူကတော့ စိတ်ချရပါတယ်။ နိုင်ဇော်စိတ်ချတဲ့ ကန်ထရိုက်လာရင် ငါပေးလိုက်မယ်တဲ့။ ပြီၤးရင် မင်းသွားတဲ့အကြောင်းလည်း ပြောပြလိုက်မယ်ဆိုပြီးတော့ အစ်ကို သွားတီးရော။

အဲမှာတီးရတဲ့ သူတွေကလည်း အခု IC မှာတီးနေတဲ့ ကိုဗညားနိုင်က ကီးဘုတ်တီးတာ။ ဒရမ်က ကိုဇော်ဝင်းရှိန်တီးတာ။ အဲလိုနာမည်ကြီး ဆရာကြီးတွေနဲ့ ကိုယ်က သွားတွဲတီးတော့ အဲတုန်းက အစ်ကိုဗညားတို့ကလည်း အရမ်းနာမည်မကြီးသေးဘူး။ အစ်ကို သူတို့က မြင်လည်းမြင်ရော ဒီကောင်လေးတော်တော်တီးနိုင်တယ်ပေါ့။ အစ်ကို ရေရေလည်လည် ချီးမွမ်းတာ ခိုင်ထူးတို့ကလည်း စင်ပေါ်တက် သီးချင်းဆိုရင် သူတို့ သီချင်းတွေ အစ်ကိုက အကုန်ရတယ်။ ရမှာပေါ့ အစ်ကိုက ရပ်ကွက်ထဲက ကောင်တွေနဲ့ ကျင့်ထားတာကို။ ရပ်ကွက်ထဲကလူတွေမှားတော့ အစ်ကိုက ထိန်းပေးရတဲ့သူဆိုတော့ ခိုင်ထူးက မမှားတော့ အစ်ကိုက ရေလည်တီးလို့ကောင်းတာပေါ့။ ခိုင်ထူးတို့အားလုံးကလည်း ဒီကောင်လေး တော်တော်တီးနိုင်တဲ့ကောင်ပဲ။ စင်ပေါ်မှာလည်း အရမ်းအောင်မြင်တယ်။

အဲနေ့က လွတ်လပ်ရေးနေ့ တောင်ငူမှာ ဘောလုံးကွင်းထဲမှာ ကျင်းပတာ။ ပြန်လည်းပြန်ရော ဒုက္ခရောက်ရော။ ပိုက်ဆံလိုချင်လို့ တီးတာမဟုတ်ဘူး။ တီးချင်လို့ တီးတာ။ အစ်ကို တော်ပီကလည်း အခြားခရီးသွားစရာ ရှိတော့ သူ့မိသားစုနဲ့ ထွက်သွားတော့ ကျွန်တော့်မှာ အပြန်ထမင်စားစရာတောင် မရှိဘူး။ ကိုတော်ပီ ပိုက်ဆံရလား မရဘူးလား ကျွန်တော်မသိဘူး။ ကျွန်တော်က ဘာမှ မရဘူး။ ကျွန်တော်ကလည်း ပိုက်ဆံတောင်းဖို့ နေနေသာသာ တီးရရင် ပြီးရောဆို လိုက်သွားတာ။ အပြန်ကြတော့ အဆိုတော်တွေ အားလုံးနဲ့ ကားတစ်စီးတည်း ပြန်လာခဲ့တယ်။ လမ်းမှာတစ်နေရာ ရပ်တော့ နေ့ခင်း ထမင်းစားချိန်ပေ့ါ။

ထမင်းသွားစားကျတော့ ကျွန်တော် ထမင်းဖိုးလည်း မရှိဘူး။ စားစရာ ပိုက်ဆံလည်း တစ်ပြားမှ မရှိဘူး။ ကိုတော်ပီ မရှိတော့ ကျွန်တော်က ဘယ်သူဆီမှတောင်းစားလို့ မရဘူး။ ကန်ထရိုက်ကလည်း ပြန်တော့ ဆိုခတီးခ ရတဲ့သူတွေ ဖြစ်တဲ့အတွက် ဘယ်သူမှ ပိုက်ဆံမပေးတော့ဘူး။ ကျွန်တော်က ဘာမှမရပဲ လိုက်တီးတဲ့သူ ဖြစ်တဲ့အတွက် ပိုက်ဆံကို မရှိတာ။ သူများထမင်းဆိုင်မှာ အဆိုတော်တွေ အတီးသမားတွေ အားလုံးစားတဲ့အခါမှာ ကျွန်တော်အပြင်မှာငုတ်တုတ်လေး ထိုင်နေတယ်။ မတ်တန့်ရပ် ဟိုလျောက် ဒီလျောက်လုပ်တော့ ကိုခိုင်ထူးနဲ့တူတယ်။ ဟေ့ကောင်လာလေ ထမင်းစားလေ ဘာဖြစ်လို့လဲပေါ့။ ကျွန်တော်လည်း ရှက်တော့ ကျွန်တော်မစာသေးဘူးလို့ ပြောလိုက်တာပေါ့။ ကျွန်တော်မစားပါရစေနဲ့ ကျွန်တော်မဆာသေးလို့ပါ။ အမှန်တော့ ပိုက်ဆံကို မရှိတာ။ ငှက်ပျောသီးလေး ဝယ်ပြီးစားနေရတယ်။ ဘဝက ထမင်းဖိုးတောင်မရှိတဲ့ဘဝ။

ရန်ကုန်ပြန်ရောက်လာတယ်။ ပြန်ရောက်တော့ အိမ်မပြန်နိုင်ဘူး။ ဆင်မလိုက်ကနေ ၂၂ လမ်းကိုပြန်တယ်။ တိုက်လည်းရောက်ရော ကန်ထရိုက်က သတင်းစာ ထိုင်ဖတ်နေတယ်။ အစ်ကိုကတော့ အလုပ်ပြုတ်တာ သေချာတယ်ပေါ့။  အန်ကယ်လို့ ကျွန်တော့် အန်ကယ်ကို လာပြီးတော့ တောင်းပန်တာပါလို့။ အေးလာ မင်းဘယ်တော့ ပြန်ရောက်လဲ။ အခုပဲ ပြန်ရောက်တာ အန်ကယ်လို့ ပြောတော့ သူက အစ်ကိုကို မင်းကိုငါယုံကြည်သွားပြီကွာတဲ့။ မင်းကိုယ်ဝါသနာပါတဲ့ ဂီတနဲ့ ခရီးသွားမယ်ဆိုတော့ ငါကိုနောက်ဆုံး ဖြစ်သလို မလုပ်သွားပဲနဲ့။ သေချာသော့ကို အပ်ခဲ့ပြီးတော့ မှာသွားတဲ့အတွက် အန်ကယ်မင်းကို လုံးဝယုံတယ်။ နောက်ဆိုရင် ကြိုပြော လွှတ်ပေးမယ်ဆိုပြီးတော့ အဲလို ကျွန်တော့်ဘဝက ဖြစ်တာ။ အလုပ်လည်း မပြုတ်ဘဲနဲ့ ကန်ထရိုက်က ချီးမွမ်းတယ်ပေါ့နော်။ ပြန်တော့ မင်းနားတော့တဲ့။

ပြောချင်တဲ့ သဘောက အစ်ကိုဘဝ အဲလို စရတယ်။ ပိုက်ဆံရတဲ့အလုပ်က တစ်ခု မရတဲ့အလုပ်က တစ်ခု။ မရတဲ့အလုပ်အတွက် ရတဲ့အလုပ်ကိုလည်း စွန့်လွှတ်ရတယ်။ နောက်ဆုံးထမင်းလည်း ငတ်ခဲ့တယ်။ နောက်ဆုံး ဘာဖြစ်လဲ ကန်ထရိုက်လောကမှာသာ အစ်ကို တစ်သက်လုံး နေမယ်ဆိုရင် နာမည်ကြီး ကန်ထရိုက်တစ်ယောက် ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဂစ်တာသမား   ဖြစ်မလာနိုင်တော့ဘူး။  အဲတော့ လူငယ်တွေကိုအစ်ကိုပြောချင်တာက ကိုယ်ဝါသနာပါတာ လုပ်တဲ့အတွက် ဆင်းရဲနိုင်တယ်။ ငတ်နိုင်တယ်။ အဲဒီဒဏ်ကို ခံနိုင်မှ အောင်မြင်မှာ။ ပိုက်ဆံရတဲ့ အလုပ်ကို မလုပ်နဲ့လို့ ပြောတာ မဟုတ်ဘူးနော်။ ပိုက်ဆံရတဲ့အလုပ်ကနေ ဝါသနာပါတဲ့ အလုပ်ကို ချိန်းနိုင်တဲ့ အချိန်မှာ ပညာကို လောလောဆယ်မှာ ရှာ။ ပိုက်ဆံရတာလုပ်။ အဲဒီပိုက်ဆံရတဲ့ အလုပ်နဲ့ ကိုယ်ဘဝကို မပီးသွားစေနဲ့။ အချိန်တန် အောင်မြင်မှုရတဲ့ လမ်းကြောင်းကို လျောက်ဖို့ကျရင်တော့ ပိုက်ဆံရတဲ့အလုပ်ကို ရဲရဲကြီး စွန့်လွှတ်ရဲမှသာ အောင်မြင်မယ်လို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly