ဟာနန်ဒက်ဇ်ကိုဆက်ထိန်းထားရန် နည်းပြဗန်ဟားလ်အား မာတာတိုက်တွန်း

ဟာနန်ဒက်ဇ်ကိုဆက်ထိန်းထားရန် နည်းပြဗန်ဟားလ်အား မာတာတိုက်တွန်း

ဇွန် ၂၈၊ မန်ချက်စတာ။ ။ နည်းပြဗန်ဟားလ်အနေဖြင့် ဟာနန်ဒက်ဇ်ကိုမန်ယူအသင်းတွင် ခြေစွမ်းပြရန်နောက်ထပ်အခွင့်အရေးထပ်ပေးသင့်သည်ဟု မာတာက ယုံကြည်နေသည်။

ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အသင်းတွင်အငှားသွားကစားခဲ့သော ဟာနန်ဒက်ဇ်ကို ရီးယဲလ်မက်ဒရစ်အသင်းက စာချုပ်ခြင်းမပြုရန် ဆုံးဖြတ်လိုက်သဖြင့် ယင်းမက္ကဆီကိုလက်ရွေးစင်တိုက်စစ်မှူးမှာ မန်ယူအသင်းသို့ ပြန်လာရမည်ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဟာနန်ဒက်ဇ်သည် ဗန်ဟားလ်၏လစ်လျူရှုခြင်းမခံရမီက ၂၀၁၀ တွင် ဂွါဒါလာဂျာရာအသင်းမှပြောင်းရွှေ့လာကာစက ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

ဟာနန်ဒက်ဇ်အနေဖြင့် ရွန်နီ၊ ဗန်ပါစီ၊ ဂျိမ်းစ်ဝီလ်ဆင်တို့ကဲ့သို့ ပထမအသင်းသားအဖြစ်ကစားနိုင်စွမ်းရှိသူဖြစ်ကြောင်းပြသကာ ဗန်ဟားလ် မှားယွင်းကြောင်း သက်သေပြနိုင်လိမ့်မည်ဟု မာတာက မျှော်လင့်နေသည်။

"ဖာနန်ဒက်ဇ်ဟာ မန်ယူအသင်းမှာကစားချင်နေတုန်းပဲဖြစ်ပြီး သူကျွန်တော်တို့နဲ့အတူရှိနေတာကိုလည်း ကျွန်တော်သဘောကျပါတယ်။ သူဟာကစားတဲ့အသင်းတိုင်းမှာ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးကောင်းတစ်ဦးပါ။ သူက သူငယ်ချင်းကောင်းလည်းဖြစ်ပါတယ်။ ကျွန်တော် မန်ယူအသင်းကိုရောက်စက သူကသိပ်ကောင်းတဲ့သူငယ်ချင်းဖြစ်ခဲ့ပါတယ်။ လူတစ်ဦးအနေနဲ့ရော ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့ပါ ကောင်းမွန်သူပါ။ ကျွန်တော်လေးစားတဲ့သူ့ဆီက အတွေ့အကြုံတွေပြန်မျှဝေတာကိုလည်း ရရှိခဲ့ပါတယ်"ဟု ကွင်းလယ်ကစားသမား မာတာ ကပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly