ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖိုရမ် သမ္မတရုံးတိုက်ရိုက်ညွန်ကြားချက်ကြောင့် ပြုလုပ်ခွင့်မရ

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖိုရမ် သမ္မတရုံးတိုက်ရိုက်ညွန်ကြားချက်ကြောင့် ပြုလုပ်ခွင့်မရ
ဓာတ်ပုံ-ကျော်ထင်အောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈။         ။ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီ ၁၈ ရက်မှ ၁၉ ရက်ထိ နှစ်ရက်တာကျင်းပရန် စီစဉ်ထား သည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဖိုရမ်အားနိုင်ငံတော်သမ္မတရုံး တိုက်ရိုက်ညွန်ကြားချက် ဟုဆိုကာ ကျင်းပခွင့်ပိတ်ခံရကြောင်း စီစဉ်သူများကပြောကြားသည်။

''ကျွန်တော်ကိုခေါ်ပြီး သမ္မတရုံးကတိုက်ရိုက်ညွန်ကြားလို့ လုပ်ခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ ဘာကြောင့်လဲတော့မပြောဘူး။ သမ္မတရုံးအမှတ်လဲမပြောဘူး။ ရုံးကခွင့်မပြုကြောင်းထုတ်တဲ့ စာပေးပါဆိုတော့လဲ မပေးနိုင်ဘူး။ နယ်လုံဝန်ကြီးကနေတဆင့် ခရိုင်အုပ်ချုပ်ရေးမှူးက တားတာပါ။'' ဟု ဖိုရမ်ကျင်းပရန် စီစဉ်သည့် ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) တာဝန်ခံ ဦးဗညားက မဇ္ဈိမသို့ ပြောသည်။

ဖိုရမ်သို့ ဦးဆောင်ဆွေးနွေးသူအဖြစ် ဖိတ်ကြားခံရသည့် ကရင်နီပြည်လူငယ်များသမဂ္ဂမှ ကိုကျော်ထင်အောင်က ကျင်းပခွင့်ရရန် သတ်မှတ်လျှောက်ထားသည့် ပုံစံအတိုင်းလျှောက်ထားပြီး   မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ တစ်ဦးလာရောက်ဆွေးနွေးရန်ပြောထားကာ (MPC) အနေဖြင့် သဘောတူထားပြီးဖြစ်သည်ဟုပြောသည်။

''ပြည်နယ်ဝန်ကြီးချုပ် ကိုလဲဖိတ်ထားတယ်၊ ဖိတ်စာတွေလဲ အကုန်ဖိတ်ထားတယ်၊ (FED) ရုံးတာဝန်ခံ ကိုဗညား ကိုခေါ်ပြောတယ်။ သမ္မတရုံးကတိုက်ရိုက်ညွန်ကြားချက်ကြောင့်မကျင်းပဖြစ်တော့ဘူး ဆိုပြီး ဒီမနက် ပွဲတက် ရောက်လာတဲ့လူတွေကို ဆရာထူးချစ်နဲ့ ကိုဗညားကရှင်းပြတယ်။ ဦးဆောင် ဆွေးနွေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့အကြံပေး ကယားလူမျိုးစုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဆရာဒယ်နီယယ်နဲ့ မြို့နယ် (၇) မြို့နယ်က တက်ရောက်လာတဲ့ ကိုယ်စားလှယ် တစ်ရာကျော်ပြန်သွားရတယ်။'' ဟု၎င်းကဆိုသည်။

ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဆိုင်ရာ လူထုပညာပေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထိုလုပ်ငန်းများမှ ဆွေးနွေးအကြံပြုချက်များစုစည်းပြီး နှစ်ရက်တာဖိုရမ်တစ်ရပ်ကျင်းပရန်စီစဉ်ထားခြင်းကို နိုင်ငံတော် သမ္မတရုံးတိုက်ရိုက်ညွှန်ကြားချက်ကြောင့်ဖျက်သိမ်းလိုက်ကြောင်း ယနေ့ အသိပေးစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးထံသို့ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက ''အပေါ်ကအပေါ်ကညွန်ကြားလို့ပါ။ သမ္မတရုံးကညွှန်ကြားလို့ပါ။ ရုံးအမှတ်လဲမသိပါဘူးခင်ဗျာ။ အပေါ်ကညွှန်ကြားလို့လုပ်ရတာ ညီလေးတို့ ရေးရင်မှားကုန်မှာစိုးလို့ ရုံးကိုလာခဲ့ပါ။ ပြောပြပါမယ်။'' ဟု မဇ္ဈိမသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly