တက္ကဆက်တက္ကသိုလ်က ကျောင်းသားများကို စာသင်ခန်းများအတွင်းသို့ သေနတ်ယူဆောင်လာခွင့်ပြု

တက္ကဆက်တက္ကသိုလ်က ကျောင်းသားများကို စာသင်ခန်းများအတွင်းသို့ သေနတ်ယူဆောင်လာခွင့်ပြု

အော်စတင်၊ ဖေဖော်ဝါရီ - ၁၈ ။            ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သေနတ်ထိန်းချုပ်ရေး ကြိုးပမ်းမှုများ၏ ဆုတ်ဆိုင်းမှုတစ်ခုအနေဖြင့် အော်စတင်မှ တက္ကဆက်တက္ကသိုလ်က ကျောင်းသူကျောင်းသားများအား စာသင်ခန်းများထဲသို့ သေနတ်ယူဆောင်ခွင့် ပြုလိုက်သည်။

စည်းမျဉ်းအသစ်များအရ တက္ကဆက်တက္ကသိုလ် စာသင်ခန်းများအတွင်းသို့ သေနတ်တိုများကို လူမမြင်သူမမြင် ယူဆောင်လာခွင့်ပြုသော်လည်း ခန်းမများအတွင်းသို့ ယူဆောင်ခြင်းကိုမူ ပိတ်ပင်ထားသည်ဟု ဆိုသည်။

ထိုဆုံးဖြတ်ချက်ကြောင့် ဒေါသူပုန်ထနေသည့် တက္ကသိုလ်ဥက္ကဌကမူ ယနေ့အချိန်အထိ သူကြုံဖူးသမျှ သူ့ရာထူးကို အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

တက္ကဆက်တက္ကသိုလ်ဥက္ကဌ ဂရပ် ဖင်ဗက်စ်မှာ ကျောင်းသား ၅၀၀၀၀နီးပါးရှိသည့် ကျောင်းဝင်းအတွင်း သေနတ်ကိုင်ခွင့်ပြုခြင်းကို ဆန့်ကျင်သူဖြစ်သည်။ ပြည်နယ်၏ ယခင် လျှို့ဝှက်သေနတ်ငယ် ဥပဒေများအရ တက္ကဆက်တက္ကသိုလ်များမှာ သေနတ်ကင်းမဲ့ဇုန်များအဖြစ် ရပ်တည်လာခဲ့သော်လည်း ယမန်နှစ်က ရီပတ်ဘလီကင်အများစုဖြစ်သည့် အထက်လွှတ်တော်က အစိုးရတက္ကသိုလ်များတွင် သြဂုတ်လ ၁ရက်နေ့မှ စတင်ကာ လိုင်စင်ရှိသူများ ကျောင်းဝင်းအတွင်း သေနတ်ကိုင်ဆောင်ခွင့်ပြုရန် မဲပေးခဲ့ကြသည်။

‘တက္ကသိုလ်ကျောင်းဝင်းဟာ သေနတ်တွေနဲ့ ပတ်သက်နေတယ်လို့ ကျနော်မယုံကြည်ဘူး။ ဒါ့ကြောင့် ဒီဆုံးဖြတ်ချက်က ဒီနေ့အချိန်အထိ ကျနော်ကြုံဖူးသမျှ ကျနော့်နေရာအတွက် အကြီးမားဆုံး စိန်ခေါ်မှုပဲ’ဟု ဖင်းဗက်စ်က ပြောကြားခဲ့သည်။

သို့ရာတွင် ကျောင်းဝင်းထဲ သေနတ်ယူဆောင်ခွင့် ဥပဒေမှာ ကျောင်းသားများနှင့် ဆရာများ၏ ပြင်းထန်သော ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည်။

ဝေဖန်သူများကမူ ကျောင်းဝင်းထဲ သေနတ်ကိုင်ခွင့် ပြုလိုသည့်အတွက် ကျောင်းများအနေဖြင့် ထိပ်တန်းကျောင်းသားများနှင့် ဆရာများကို ခေါ်ယူရန် အခက်တွေ့သွားစေလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

ယမန်နှစ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အမေရိကန်ပြည်ထောင်စုတွင် အနှံ့အပျားဖြစ်ပေါ်နေသည့် သေနတ်အကြမ်းဖက်မှုများကို တိုက်ဖျက်ရန်အတွက် သေနတ်ဝယ်ယူမှု တိုင်းအတွက် နောက်ကြောင်းစစ်ဆေးမှုများကို အသေးစိတ်ချဲ့ထွင်မည့် အရေးယူဆောင်ရွက်ချက်အသစ်များကို အဆိုပြုခဲ့သည်။ သို့ရာတွင် မစ္စတာ အိုဘားမား၏ လုပ်ရပ်မှာ လွှတ်တော်အမတ်များနှင့် သြဇာကြီးမားသည့် သေတ်လိုလားသော အုပ်စုများ၏ ဝေဖန်ဆန့်ကျင်မှုကို ခံခဲ့ရသည်။

အိုဘားမားကမူ သေနတ်ရောင်းချမှုကို ကန့်သတ်ရန်အတွက် ကွန်ဂရက်၏ သဘောတူညီချက်မလိုသည့် သမ္မတအာဏာရှိသမျှဖြင့် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly