ဖေဖေါ်ဝါရီ ၁၈၊ ရန်ကုန် ။ ။ မြန်မာနိုင်ငံ၊ရန်ကုန်မြို့တွင် မတ်လ ၁၈ရက်၌ကျင်းပမည့် One Championship MMA ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အောင်လအန်ဆိုင်းမှာ အီဂျစ်ဖိုက်တာ မိုဟာမက်အလီနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
အသက် ၃၈နှစ်အရွယ်ရှိ မိုဟာမက်အလီမှာ MMA ဖိုက်တာအဖြစ် ၂၀၀၈ခုနှစ်ကတည်းက စတင်ကစားခဲ့ပြီး နောက်ဆုံး ၅ပွဲတွင် ၃ပွဲနိုင်၊ ၂ပွဲရှုံးရလဒ်ရရှိထားသည်။
ပြိုင်ဘက်ကစားသမားအခြေအနေနှင့်ပတ်သက်ပြီး “ကျွန်တော့်အတွက်တော့ ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ထွားကျိုင်းမှု၊ အသက်အရွယ် စတာတွေကို စိတ်မဝင်စားပါဘူး။ ကြိုးဝိုင်းထဲမှာ သူ့ရဲ့အားနည်းချက်နဲ့ ခွန်အားကိုမှန်းဆပြီးအကောင်းဆုံးရင်ဆိုင်မှာပါ။”ဟု အောင်လအန်ဆိုင်းကပြောသည်။
အောင်လအန်ဆိုင်းမှာ ၂၀၁၄ ဇွန်လက အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်ကျင်းပခဲ့သော One Championship ပြိုင်ပွဲတွင် အီဂျစ်ကစားသမား မိုဟာမက် ဆာလာမာ ကို အနိုင်ကစားနိုင်ခဲ့သည်။ လက်ရှိ ကမ္ဘာ့အဆင့် ၈၉ ရှိ အောင်လအန်ဆိုင်းမှာ ၂၀၁၄ ပြိုင်ပွဲပြီးကတည်းက ဒဏ်ရာကြောင့် အနားယူနေရပြီး မြန်မာနိုင်ငံတွင်ကျင်းပမည့် ပြိုင်ပွဲကို နှစ်နှစ်အတွင်း ပထမဆုံးဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။