ပဲခူးတိုင်း ဖြူးတွင် လယ်သမား ၁၅၀ ခန့် ထွန်တုံုးတိုက်ပွဲ ပြုလုပ်

ပဲခူးတိုင်း ဖြူးတွင် လယ်သမား ၁၅၀ ခန့် ထွန်တုံုးတိုက်ပွဲ ပြုလုပ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်ကျေးရွာရှိ စိမ်ကြီးကွင်းတွင် မြတ်အိန္ဒြေ ကုမ္ပဏီက သိမ်းဆည်းထားသည့် လယ်ဧကများကို ပြန်ပေးရာတွင် မပါဝင်သည့် လယ်သမားများက ဇွန် ၂၇ ရက်၌ ယင်းမြေများပေါ်တွင် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြသည်ဟု အလုပ်သမားသမဂ္ဂ လွတ်လပ်ရေး အဖွဲ့မှ အထွေထွေ တာဝန်ခံ ဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။

သိမ်းဆည်းခဲ့သည့် လယ်မြေမှာ ဧက ၈၀၀ ဖြစ်ပြီး လယ်သမား တစ်ရာကျော်ထံက ၂၀၁၂ ခုနှစ်က သိမ်းဆည်းထားခြင်းဖြစ်ကာ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက သိမ်းဆည်းပြီး နောက်တွင် မြတ်အိန္ဒြေ ကုမ္ပဏီသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်ဟု ၎င်းနှင့် သိမ်းဆည်းခံ လယ်သမားများက ဆိုသည်။ 
သိမ်းဆည်းထားသော လယ်မြေများကို ကုမ္ပဏီက အသုံးချခြင်း မရှိသောကြောင့် သိမ်းဆည်းခံ လယ်သမားများက ပြန်တောင်းရာ ဇွန်လဆန်းပိုင်းတွင် လယ်သမား ၈၇ ဦးကို ဧက ၇၀၀ ကျော် ပြန်ပေးခဲ့ပြီး မရသေးသူ ၂၇ ဦး၏ ဧက ၈၀ ကျော် ကျန်ရှိခဲ့သည်။  

ယင်းသို့ မရရှိသေးသောကြောင့် အဆိုပါ ၂၇ ဦး အပါအဝင် အခြားလယ်သမားများ ပူးပေါင်းပြီး ဦးရေ ၁၅၀ ခန့်က ဇွန် ၂၇ ရက်တွင် ထွန်တုံးတိုက်ပွဲ ဝင်ခဲ့ခြင်း ဖြစ်သည်။ 

ဦးမြင့်စိုးက “လယ်သမား ၈၇ ဦးကို ပြန်ပေးတယ် ကျန်တဲ့ လယ်သမားကျတော့ မရဘူး။ ကျန်တဲ့ ဧက ၈၀ ကျော်မှာ အခု ကုမ္ပဏီက သီးနှံဝင်ကျဲလိုက်၊ လယ်သမားဘက်က ဝင်ကျဲလိုက်နဲ့ ခဏခဏ ဖြစ်နေတယ်။ အဲတော့ သူတို့လယ်ကို ပြန်ရအောင်လို့ ထွန်တုံးတိုက်ပွဲ လုပ်လိုက်တယ်” ဟု ပြောသည်။

ထွန်တုံးတိုက်ပွဲကို ပြုလုပ်နေစဉ်အတွင်း ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရဲအာဏာပိုင်များမှ လာရောက် တားမြစ်မှုများ ရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ထွန်တုံးတိုက်ပွဲတွင် ပါဝင်သူ လယ်မြေ ဧက ၁၂ ဧကခန့် သိမ်းဆည်းခံထားရပြီး ပြန်မရ သေးသူ လယ်သမား ဦးတင်စိုးက “နိုင်ငံတော်ကို အဆင့်ဆင့် တင်ပြခဲ့တယ်။ လယ်တွေမှာ မှီခိုနေကြ တာ၊ စားသောက်နေရတာ၊ စားဝတ်နေရေး အခြေအနေကြောင့် အခုမြေရလိုမှုနဲ့ ထွန်းတုံး တိုက်ပွဲ ပြန်တိုက်ယူတာပါ။ လက်မဲ့ ဘဝရောက်သွားပြီ။ အဲတော့ ပြန်လိုချင်လို့” ဟု ပြောသည်။

အဆိုပါ လယ်မြေ ဧက ၈၀၀ ကျော်ကို ပြန်လည်ရရှိရန်အတွက် လယ်ယာမြေ စီမံခန့်ခွဲမှု   ကော်မတီသို့ ဇူလိုင်လတွင် မြေယာဥပဒေအရ သွားရောက် လျှောက်ထားသွားမည်ဟုလည်း ဦးတင်စိုးက ပြောသည်။

မဇ္ဈိမက အဆိုပါ မြတ်အိန္ဒြေ ကုမ္ပဏီကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။ 

၂၀၁၂ ခုနှစ်မှစ၍ ပြီးခဲ့သည့် နှစ်ကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ယာမြေ ပြဿနာနှင့် ပတ်သက်သည့် အမှုပေါင်း ၇၀၀ ဖြစ်ပွားခဲ့ပြီး လယ်ယာ လုပ်ပိုင်ခွင့်၊ လယ်ယာမြေအတွင်း ကျူးကျော်နေထိုင်သည့် လယ်ယာမြေ မှုခင်းများ ပါဝင်သည်ဟု လွှတ်တော် လယ်ယာမြေ စုံစမ်းရေး ကော်မရှင်၏ စာရင်းများအရ သိရသည်။ 

လက်ရှိ အချိန်ထိ တစ်နိုင်ငံလုံးတွင် တရားစွဲခံရသည့် တောင်ယာလုပ်ကိုင်သူ တောင်သူများ နှင့် လယ်သမား စုစုပေါင်း ၁,၀၀၀ ခခန့်ရှိသည်ဟုလည်း လွှတ်တော် လယ်ယာမြေ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက မဇ္ဈိမကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ကုန်ပိုင်းက ပြောသည်။  

အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့်လည်း လယ်ယာမြေနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းပေးနေရပြီး တိုင်ကြားစာများ၏  ၄၅ ရာခိုင်နှုန်းသည် လယ်ယာမြေနှင့် ပတ်သက်သည့် တိုင်စာများ ဖြစ်သည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က မဇ္ဈိမကို  ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြောထားသည်။                                         

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags